မိုဘိုင်းဖုန်းကွန်ရက်များ တည်ဆောက်ခြင်းနှင့် ဖုန်းရောင်းချခြင်း တို့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိကုမ္ပဏီ ၃၀ ကျော်တို့ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းဦးက ပြောပြခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက်သင်တန်း ကျောင်းမှပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီ ၁၈ ခုရှိ ၀န်ထမ်းများအား မိုဘိုင်း ဆက်သွယ်ရေးစနစ် တည်ဆောက်ရေး၊ တပ်ဆင်ရေး အခြေခံအကြောင်းအရာများကို ဇွန်လ ပထမပတ်မှ စတင်ကာ သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အပြင် မိုဘိုင်းဖုန်းကွန်ရက် များ တည်ဆောက်ခြင်းကိုလည်း ပုဂ္ဂလိကပိုင်းနှင့် တစ်စိတ်တစ်ပိုင်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်မှုများ စတင်ပြီးနောက် ငါးလအကြာတွင် ပုဂ္ဂလိက ပိုင်းနှင့်ပင် ပူးပေါင်းကာ ဆက်သွယ်ရေး ငါးနှစ်စီမံကိန်းအတွက် ပထမနှစ်စီမံကိန်းတွင် ပါဝင်သည့်ဂျီအက်စ် အမ် ဖုန်းလုံးရေ လေးသန်းကို အများပြည်သူထံ စတင်ချပေးသွားမည်ဟု ဆိုပါသည်။
“ဂျီအက်စ်အမ်ဖုန်း သန်း ၃၀ စီ မံကိန်းမှာ မြန်မာ့ဆက်သွယ်ရေး တစ်ခုထဲနဲ့ လုပ်ဖို့ဆိုတာ အဆင်မပြေနိုင်ဘူး။ ပုဂ္ဂလိကကုမ္ပဏီတွေ ပူးပေါင်းပါဝင်မှ ဖြစ်ပါမယ်။ သူတို့တွေနဲ့ လက်တွဲပြီး လုပ်ဆောင်သွားမှာပါ။ ရတနာပုံတယ်လီပို့၊ E lite ၊ Asia Megalink စတဲ့ ကုမ္ပဏီတွေအပြင် တခြားကုမ္ပဏီတွေလည်း ပါမှာပါ။ အသေးစိတ်ကိုတော့ အခုချိန်မှာ မပြောနိုင်သေးပါဘူး”ဟု သတင်း အချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောပြခဲ့သည်။ ဆက်သွယ်ရေးဆိုင်ရာ သင်တန်းအမှတ်စဉ်(၂)တွင် ပြည်တွင်းကုမ္ပဏီများမှ သင်တန်းသား ၁၄၄ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
Artikel Terkait:
0 comments:
Post a Comment