Monday, June 20, 2011

စက်သုံးဆီ အပါအ၀င် ရေနံထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနီးပါးဖိုး တင်သွင်းခဲ့ရ၊ အခြားအဓိက သွင်းကုန်များတင်သွင်းမှု ယခင်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်

Sunday, 19 June 2011 14:19 (EMG)

6386


မြန်မာနိုင်ငံ၏ နံပါတ်(၁) သွင်းကုန်ဖြစ်သော ရေနံထွက်ပစ္စည်း (စက်သုံးဆီများ ပါဝင်) တင်သွင်းမှုမှာယခင် နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာခဲ့ကြောင်းနှင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံကျော်ဖိုး တင်သွင်းခဲ့ရကြောင်း သိရသည်။

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် က စက်သုံးဆီအပါအ၀င် ရေနံထွက် ပစ္စည်းအား အမေရိကန်ဒေါ်လာ ၇၂၆ ဒသမ ၅၇ သန်း (၀ ဒသမ ၇၂၆ ဘီလျံကျော်) ဖိုးသာ တင်သွင်းခဲ့ သည့်အတွက် တစ်နှစ်အတွင်း နှစ်ဆနီးပါး ပိုမို တင်သွင်းလာခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ အများဆုံး တင်သွင်းလာရသည့် ကုန်စည်သုံးမျိုးမှာ ရေနံထွက်ပစ္စည်း၊ စက်နှင့်စက် ပစ္စည်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ ဖြစ်ကြောင်း၊ အဆိုပါ ကုန်ပစ္စည်းများ တင်သွင်းမှုမှာလည်း နှစ်ဆနီးပါး မြင့်တက်လာခဲ့ကြောင်း သိရသည်။

“ရေနံထွက်ပစ္စည်းထဲမှာ စက်သုံးဆီတွေပါတယ်။ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံကျော် အထိတင်သွင်းလာရတယ်။ ဒီလိုပဲ ဒုတိယအများဆုံး တင်သွင်းရတဲ့ စက်နဲ့ စက်ပစ္စည်းတင်သွင်းမှုကလည်း မနှစ်က ဒေါ်လာ ၄၄၅ သန်း ကျော်ဖိုးတင်သွင်းတာကနေ အခု အမေရိကန်ဒေါ်လာ ၈၇၃ သန်း ကျော်ဖိုးသွင်းရတယ်။ တတိယအများဆုံး တင်သွင်းလာရတဲ့ သံနဲ့သံမဏိ ဆိုရင် မနှစ်က ၂၅၄ သန်းဖိုး သွင်း တာကနေ ဒီနှစ် အမေရိကန် ဒေါ်လာ ၄၃၀ သန်းကျော်ဖိုး တင်သွင်းရတဲ့ အတွက် အကုန်လုံးနှစ်ဆနီးပါးဆီ မြင့်တက်လာတယ်”ဟု တရားဝင် ထုတ်ပြန်ချက်များအပေါ် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

ရေနံထွက်ပစ္စည်း တင်သွင်းရာတွင် နယ်စပ်မှတင်သွင်းမှုမှာ များစွာ နည်းပါးပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် နယ်စပ်မှ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါးဖိုးသာ တင်သွင်းခဲ့ပြီး ပုံမှန် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၄၁၀ ဒသမ ၀၄၀ သန်းဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။

“ထိုင်းနယ်စပ် တစ်ခုတည်းကပဲ အဓိကသွင်းတော့ နယ်စပ်ကသွင်း တာနည်းတယ်။ စင်ကာပူကအများ ဆုံးတင်သွင်းတယ်။ မြင့်တက်ရတဲ့ အကြောင်းရင်းကတော့ နှစ်ကြာရှည် အိုမင်းဟောင်းနွမ်းတဲ့ကားကလည်း ဒီနေ့အထိ သုံးနေကြသလို အသစ် တင်သွင်းမှုနဲ့ ပြည်ပကသွင်းပြီးပြည်တွင်းမှာတပ်ဆင် ထုတ်လုပ်တဲ့ကားကလည်း မနည်းဘူး။ အခုလိုင်စင် ထုတ်ပေးထားတဲ့ကားအစီးရေက ၂၉၀၀၀၀ ကျော်ထိရှိနေပြီ။ ဒါကြောင့် တင်သွင်းရတာ များတာပါ” ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ရေနံထွက်ပစ္စည်း တင်သွင်းမှု ပမာဏ(အမေရိကန်ဒေါ်လာ၊ သန်း)
ခုနှစ်  ပုံမှန်   နယ်စပ်         စုစုပေါင်း
၂၀၀၆-၂၀၀၇  ၇၀၄ .၄၉      ၀ .၇၅  ၇၀၅ .၂၄
၂၀၀၇-၂၀၀၈ ၃၉၁ .၉၄      ၄၈ .၆၆         ၄၄၀ .၆၀
၂၀၀၈-၂၀၀၉  ၆၀၆ .၆၂      ၃၉ .၀၆        ၆၄၅ .၆၈
၂၀၀၉-၂၀၁၀  ၆၈၆ .၁၂      ၄၀ .၄၅        ၇၂၆ .၅၇
၂၀၁၀-၂၀၁၁ ၁၄၁၀ .၀၄    ၅၂ .၉၁၄       ၁၄၆၂ .၉၅၄

မြန်မာနိုင်ငံမှ အဓိကသွင်းကုန်များ တင်သွင်းမှုပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ကဏ္ဍ         ၂၀၀၉-၂၀၁၀ ၂၀၁၀-၂၀၁၁
ရေနံထွက်ပစ္စည်း      ၇၂၆ .၅၇     ၁၄၆၂ .၉၅၄
စက်နှင့်စက်ပစ္စည်း     ၄၄၅ .၆၈      ၈၇၃ .၇၁၁
သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ      ၂၅၄ .၅၄       ၄၃၀ .၃၅၀
ပလတ်စတစ်ကုန်ကြမ်း ၁၃၅ .၂၄      ၂၀၂ .၀၆၂


Artikel Terkait:

0 comments:

Post a Comment