အေးသီတာကျော် အတွဲ ၂၅၊ အမှတ် ၅၀၀ (၇၊ ၁၊ ၂၀၁၁ - ၁၃၊ ၁၊ ၂၀၁၁)
စက်သုံးဆီ ရောင်းဝယ်ရေးကဏ္ဍသည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်က ပုဂ္ဂလိကသို့ လွဲပြောင်းခွင့်ပေးလိုက်ခြင်းကြောင့် ပြောင်း လဲမှုဖြစ်ပေါ်ခဲ့သော မှတ်တမ်းတင်နှစ် ဖြစ်ခဲ့သည်။၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစကာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စွမ်းအင် ၀န်ကြီးဌာနပိုင် စက်သုံးဆီအရောင်းဆိုင်များ၏ ၉၀ ရာခိုင်နှုန်း ကျော်ကို ပုဂ္ဂလိကစက်သုံးဆီဆိုင်များအဖြစ် လွှဲပြောင်းပေးအပ်ရန် ကြေညာ၍ တင်ဒါခေါ်ယူခဲ့သည်။
နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ပေါင်း ၂၇၂ ဆိုင်ရှိသည့်အနက် ဆိုင်ပေါင်း ၂၆၀ ကျော်ကို ပုဂ္ဂလိက လက်သို့ လွှဲပြောင်းခဲ့သည်။
ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးအပ် ပြီးဖြစ်သော စက်သုံးဆီအရောင်းဆိုင် များကို ဇွန်လအတွင်း ဖွင့်လှစ်ပြီးနောက် ပိုင်း စတင်ကာ ပြည်တွင်း စက်သုံးဆီ ဈေးကွက်သည် ၀န်ဆောင်မှုများနှင့် အပြိုင်အဆိုင်ဖြစ်လာခဲ့ပြီး သုံးစွဲသူများ အတွက်လည်း အဆင်ပြေလာ ခဲ့သည်။
ထို့ပြင် သုံးစွဲသူများကြားတွင် ပြင်ပစက်သုံးဆီဈေးကွက် ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့ပြီး ဈေးနှုန်းမတည်ငြိမ်မှုများ လျော့ကျသွား ခဲ့သည်။
ထို့ကြောင့် ဇွန်လမှစကာ အောက်တိုဘာလကုန်အထိ စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းမှာလည်း ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၂,၅၀၀၊ ဒီဇယ် ကျပ် ၂,၈၀၀-၂,၉၀၀ နှင့် အောက်တိန်းမှာ ကျပ် ၃,၁၀၀ ဖြင့် ပြည်တွင်းအတွက် စက်သုံး ဆီများကို ဈေးနှုန်းပုံမှန်ထား ရောင်းချ နိုင်ခဲ့သည်။
သို့သော် ပွင့်လင်းရာသီရောက်ချိန် နိုဝင်ဘာလဆန်းပိုင်းမှစပြီး ပြည်တွင်း စက်သုံးဆီဝယ်ယူမှု မြင့်တက်လာခြင်း၊ ကမ္ဘာ့ဈေး အပြောင်း အလဲရှိခြင်းတို့ကြောင့်နှင့်အတူ ပုဂ္ဂလိကစက်သုံးဆီ ဆိုင်များတွင် ရောင်းချသော ဒီဇယ်နှင့် အောက်တိန်းတို့မှာ တစ်ဂါလန်လျှင် ကျပ် ၂၀၀ မျှ ဈေးတက်သွားသည်။
ဒီဇယ်ဈေးမှာ ဖေဖော်ဝါရီလကုန်က တစ်ပီပါလျှင် လက်ကားဈေး ကျပ် ၁၅၀,၀၀၀ အတွင်းရှိခဲ့ရာမှ ဧပြီလဆန်းပိုင်းတွင် ကျပ် ၁၅၈,၀၀၀ သို့ ရောက်ရှိခဲ့ပြီး လကုန်ပိုင်းအထိ အဆိုပါဈေးအတိုင်း မပြောင်းလဲပဲ ရှိနေသည်။
ဓာတ်ဆီမှာလည်း ၀ယ်လိုအား မြင့်မားလာခြင်းကြောင့် အစိုးရမှချပေးသော ပြည်တွင်းထုတ်ဆီကို ကားတစ်စီးလျှင် သတ်မှတ်ဂါလန် အရေအတွက် နှင့် ရောင်းချပေးခဲ့သည်။
အချို့ဆီဆိုင်များတွင် ကားတစ်စီး ဓာတ်ဆီနှစ်ဂါလန်မှ ခြောက်ဂါလန် အထိ ရောင်းပေးခဲ့ခြင်းမှာ တချို့ အိမ်ကားများက ဂါလန်ဗုံး များနှင့် ၀ယ်ယူကာ ပြင်ပဈေးကွက်ကို လက်လီဈေး နှင့် ပြန်ရောင်း၍ ဖြစ်ကြောင်း နယူးဒေးနှင့် အခြားဆီဆိုင် တာဝန်ရှိသူများက ပြောသည်။
သုံးစွဲသူများကြားတွင် ပြင်ပဈေးကွက် ပြန်လည်ပေါ်ပေါက်လာပြီး နိုဝင်ဘာလလယ် ပြင်ပဈေးနှုန်းအရ ဓာတ်ဆီ ဈေးမှာ တစ်ပီပါလျှင် ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၁၆၅,၀၀၀ သို့ တစ်ပတ်အတွင်း လျင်မြန်စွာမြင့်တက်လာခဲ့ကာ ဒီဇယ် ဈေးမှာမူ ကျပ် ၁၃၈,၀၀၀-၁၄၀,၀၀၀ တွင် ရှိခဲ့သည်။
စက်သုံးဆီဆိုင်များ၏ ဈေးမှာ ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၂,၅၀၀၊ ဒီဇယ်ဆီကျပ် ၃,၀၀၀ နှင့် အောက်တိန်း ဆီ ကျပ် ၃,၂၀၀ တို့ ဖြစ်ကြသည်။
စက်သုံးဆီဆိုင်များတွင် ဂါလန်အရေအတွက် သတ်မှတ်ရောင်းချပေးနေချိန်တွင် ပြင်ပဈေးကွက်တွင် အမြင့်ဈေးဖြင့် လိုသလောက် ၀ယ်ယူရသော်လည်း ဈေးနှုန်းမှာ တစ်ဂါလန် ကျပ် ၃,၅၀၀ ဖြစ်နေသောကြောင့် ကားပိုင်ရှင်များနှင့် အထူးသဖြင့် ယာဉ်မောင်းများမှာ ပုဂ္ဂလိကဆီဆိုင်များ၌သာ အချိန်ကုန်ခံ စောင့်ဆိုင်းဝယ်ယူကြသည်။
အောက်တိန်းဆီမှာ ဆီဆိုင်များတွင် ဓာတ်ဆီဈေးထပ် ကျပ် ၇၀၀ ဈေးပို သဖြင့် အချို့ယာဉ်ပိုင်ရှင်များက အချိန် ကုန်မခံပဲ ၀ယ်ယူ သုံးစွဲကြသော်လည်း အများစုမှာ စောင့်ဆိုင်းဝယ်ယူရသည်။
"အောက်တိန်းက ကားမောင်းရတာ အဆင်တော့ပြေတယ်။ ဒါပေမယ့် အသုံးမခံတဲ့အတွက် ကားသမားအများစု မကြိုက်ကြဘူး။ အခုလို ပြင်ပဈေးကွက်မှာ ၀ယ်လိုအားမရှိနိုင်ဘူး" ဟု ဘုရင့်နောင်ရှိ ပြင်ပစက်သုံးဆီ ရောင်းချသူတစ်ဦးက ပြောသည်။
ကမ္ဘာ့ဈေးတက်သောကြောင့် ပြည်တွင်းဈေးလည်း လိုက်တက်လာကာ ဒီဇင်ဘာလနှောင်းပိုင်းဈေးအရ ဒီဇယ် တစ်ပီပါလျှင် ကျပ် ၁၅၂,၀၀၀ အထိ ဖြစ်လာသည်။ ဓာတ်ဆီမှာမူ ယခင်လအတွင်းက မြင့်တက်ခဲ့သော ဈေးအတိုင်း ကျပ် ၁၆၅,၀၀၀ တွင် ရှိသည်။
"အခု ဓာတ်ဆီဈေးက ထောင်ဂဏန်း ၀န်းကျင်စီ တက်လိုက် ကျလိုက်ဖြစ်နေတယ်။ တစ်ဆင့်ရောင်းတဲ့ကားတွေလည်း ဆိုင်တွေမှာ ပတ်ပြီး ထုတ်နေရတယ်။ နယ်တွေဘက်ကလည်း အ၀ယ် နည်းလာတယ်ကြားတယ်"ဟု အဆိုပါ ပြင်ပဆီရောင်းချသူက ပြောသည်။
"အရင်လိုပဲ ကားတန်းအရှည်ကြီး စောင့်နေရတုန်းပဲ။ အများစုက ကားတစ်စီးကို နှစ်ဂါလန်၊ လေးဂါလန် လောက်ပဲ ပေးကြတယ်။ ခြောက်ဂါလန် ပေးတဲ့ဆိုင်က ရှားတယ်"ဟု အငှား ယာဉ်မောင်းတစ်ဦးက ဆိုသည်။
စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီဈေးမှာ ကျပ် ၂,၅၀၀၊ ဒီဇယ် ကျပ် ၃,၂၀၀ နှင့် အောက်တိန်း ကျပ် ၃,၂၀၀ ဖြစ်သည်။
Artikel Terkait:
0 comments:
Post a Comment