Thursday, January 6, 2011

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏများတွင် လျှပ်စစ်ကဏ္ဍ ဒုတိယအများဆုံးဖြစ်

ဂျူးလိယက် အတွဲ ၂၅၊ အမှတ် ၅၀၀ (၇၊ ၁၊ ၂၀၁၁ - ၁၃၊ ၁၊ ၂၀၁၁)

ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း တစ်နေရာကို အဝေးမှတွေ့ရစဉ်။ ဓာတ်ပုံ - မန်းသားလေး
၂၀၁၀-၁၁ ဘဏ္ဍာနှစ် ခုနစ်လတာအတွင်း လျှပ်စစ်ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ သုံးပုံတစ်ပုံခန့် ရှိနေ ခြင်းကြောင့် ဒုတိယ ရင်းနှီးမြှုပ်နှံမှု အများဆုံးနေရာ၌ ရပ်တည်နေသည်။
၂၀၁၀ ပြည့်နှစ်၊ ဧပြီလမှ အောက်တို ဘာလအထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ ဘီလျံရှိရာ လျှပ်စစ်ကဏ္ဍ ၌ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ငါးဘီလျံကျော် ဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လျှပ်စစ်ကဏ္ဍသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ၌ ရင်းနှီးမှု ဒေါ်လာ ၉ ဒသမ ၈ ဘီလျံရှိခြင်းကြောင့် ဒုတိယ အများဆုံး ရှိနေခြင်း ဖြစ်သည်။
၂၀၁၀ ခုနှစ်အတွင်း ရေအားလျှပ်စစ် ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတွက် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီ မှုစာချုပ်ပေါင်း ခုနစ်ခုအား လက်မှတ် ရေးထိုးခဲ့သည်။
ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၌ တပ်ဆင် စက်အင်အား မဂ္ဂါဝပ် ၁,၄၀၀ ရှိ အထက်သံလွင်(ကွမ်းလုံ) စီမံကိန်း အကောင်အထည် ဖော်ရန် တရုတ်နိုင်ငံ ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တည်ဆောက်နိုင်ရန် ထူး ကုမ္ပဏီများအုပ်စုနှင့် တရုတ်ကုမ္ပဏီ တစ်ခုနှင့် လည်းကောင်း နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးသည်။
ဧပြီလတွင် ကရင်ပြည်နယ်၌ မဂ္ဂါဝပ် ၁,၃၆၀ ရှိ ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖေါ်ရန် တရုတ်နှင့် ထိုင်းနိုင်ငံ တို့ဖြင့် သဘောတူ ညီမှုစာချွန်လွှာ ရေးထိုးခဲ့သည်။
မေလတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ စက်အင်အား မဂ္ဂါဝပ် ၅၂၀ ထုတ်နိုင်သည့် မော်လိုက် ရေအားလျှပ်စစ် စီမံ ကိန်းနှင့် ကလေးဝ ကျောက်မီးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင် အထည်ဖော်ရေးအတွက် တရုတ်နိုင်ငံနှင့် စာချွန်လွှာ ရေးထိုးခဲ့သည်။
ဇူလိုင်လတွင် စုစုပေါင်း မဂ္ဂါဝပ် ၁,၀၅၅ ထုတ်နိုင်မည့် ကချင်ပြည်နယ် နော်ချမ်းခ စီမံကိန်း အကောင်အထည် ဖော်နိုင်ရန် သဘော တူညီမှုစာချွန်လွှာအား တရုတ်နိုင်ငံနှင့် လက်မှတ်ရေး ထိုးခဲ့သည်။
နိုဝင်ဘာလတွင် တရုတ်နှင့် ထိုင်း နိုင်ငံတို့ဖြင့် ရှမ်းပြည်နယ်၌ မဂ္ဂါဝပ် ၁,၄၀၀ ထုတ်နိုင်မည့် အထက်သံလွင် (မိုင်းလုံ) စီမံကိန်းနှင့် ရှမ်းပြည်နယ်၌ပင် မဂ္ဂါဝပ် ၅၂၀ ရွှေလီ(၂) စီမံကိန်းတို့ အတွက် သဘောတူညီမှုစာချွန်လွှာကို လည်းကောင်း၊ ဘီးလင်း ရေအား လျှပ်စစ်စီမံကိန်း နားလည်မှုစာချွန်လွှာကိုလည်းကောင်း တရုတ်နိုင်ငံနှင့် လက် မှတ်ရေးထိုးခဲ့သည်။
ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတစ်ရုံ အပါအ၀င် လျှပ်စစ်ဓာတ် အားပေးစက်ရုံပေါင်း ၁၆ ရုံကို တည်ဆောက်နိုင်ခဲ့ပြီး မဟာဓာတ်အားလိုင်း ဖြင့် ချိတ်ဆက်ကာ ဓာတ်အားပို့လွှတ် လျက်ရှိသည်။
မြန်မာနိုင်ငံတွင် တည်ဆောက်ပြီး ရေအားလျှပ်စစ် စီမံကိန်းများအနက် ပထမဆုံးသော အာရ်စီစီကွန်ကရစ် တမံအမျိုးအစား ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းအား ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၉၀ ကို အပြည့်အ၀ လည်ပတ်နိုင်ပြီဖြစ်သည်။
လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွှေကျင်စီမံကိန်းမှာ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးလျက်ရှိပြီး ၂၀၁၂ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်မည့် စုစုပေါင်း ၁,၆၅၆ မဂ္ဂါဝပ် ထုတ်နိုင်ရန် ရည်ရွယ်ထားသော ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၁၀ ခု ထဲတွင် ပါဝင်သည်။
ဇွန်လတွင် မုတ္တမကမ်းလွန်ပင်လယ် ပြင်ရှိ ရတနာမြေမှ ရန်ကုန် (ရွာမ)ရှိ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေးစခန်းသို့ ဆက်သွယ်သည့် ရတနာ-ရန်ကုန် ကမ်းလွန်ပိုက်လိုင်းအား အောင်မြင်စွာ ဆက်သွယ် ပို့လွှတ်ကာ ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေကို မြှင့်တင်နိုင်ခဲ့သည်။
"၂၀၁၁ ခုနောက်ပိုင်း ရေအားလျှပ်စစ် စီမံကိန်းတွေကို ၀န်ကြီးဌာနက ၁၃ ခု တာဝန်ယူတည်ဆောက်မယ်။ အဲဒီ ၁၃ ခုက စက်တပ် ဆင်အား မဂ္ဂါဝပ် ၂,၅၀၀ ထွက်မယ်။ တိုင်းရင်းသား လုပ်ငန်းရှင်များပိုင် ကုမ္ပဏီတွေက စီမံကိန်းကိုးခု တာဝန်ယူတည်ဆောက်မယ်။ သူတို့ဆီက ၅၆၈ မဂ္ဂါဝပ် ထွက်မှာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ အခြားဒေသ မြစ်ဝှမ်းတွေမှာ လျှပ်စစ် စီမံကိန်း ၃၉ ခု မဂ္ဂါဝပ် ၃၇,၄၇၀ ကို အကောင်အထည်ဖော် တည်ဆောက်သွားမှာပါ" ဟု အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ၀န်ကြီး ဦးဇော်မင်းက ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းဖွင့်ပွဲတွင် ပြောကြားသည်။
ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန်နှင့် နိုင်ငံခြားသို့ တင်ပို့ ရောင်းချရန် နားလည်မှုစာချွန်လွှာများကို ထိုင်း၊ တရုတ်၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံများနှင့် ချုပ်ဆိုလျက်ရှိသည်။
ယင်း စာချွန်လွှာများ ရေးထိုးခြင်းအားဖြင့် နှစ်စဉ် နိုင်ငံခြားဝင်ငွေရရှိရုံသာမက နိုင်ငံအတွက်လည်း လျှပ်စစ်ဓာတ်အား ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ အခမဲ့ ရရှိ နိုင်သည်။
"မြန်မာနိုင်ငံအတွင်း လက်ရှိမဂ္ဂါဝပ် ၂,၂၀၀ ရရှိပြီး နိုင်ငံခြားသို့ရောင်းချမှု အနေအထားကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့ နားလည်မှု စာချွှန်လွှာ ထိုးထားတဲ့ ရွှေလီစီမံကိန်းတစ်ခုသာ ပြီးစီးထားတာမို့ ရွှေလီရဲ့စက်အင်အား မဂ္ဂါဝပ် ၆၆၀ ထဲက မဂ္ဂါဝပ် ၄၅၀ ကို နိုင်ငံခြား သို့ ရောင်းချနေတယ်" ဟု အမှတ်(၁) လျှပ်စစ်ဓာတ်အားဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်းတစ်ဦးက ပြောသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စီမံကိန်းအပါအ၀င် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုအား ဆက်လက် အကောင်အထည် ဖော်နေသည်။

Artikel Terkait:

0 comments:

Post a Comment