Thursday, January 6, 2011

ရွှေဈေးစံချိန် ထပ်ခါတလဲလဲ ဖြစ်ပေါ်ခဲ့သော ၂၀၁၀ ပြည့်နှစ်

ဖြူဖြူဇင် အတွဲ ၂၅၊ အမှတ် ၅၀၀ (၇၊ ၁၊ ၂၀၁၁ - ၁၃၊ ၁၊ ၂၀၁၁)

၂၀၁၀ ပြည့်နှစ်တွင် ပြည်တွင်းရွှေ ဈေးကွက်တွင် အပြောင်းအလဲများပြီး ဈေးနှုန်း အကြိမ်ကြိမ် စံချိန်ချိုးခဲ့ရသော နှစ်ဖြစ်ခဲ့သည်။
ဘာကြောင့်များ ဒီလို ခဏခဏ ပြောင်းနေသနည်းဟု ရွှေလုပ်ငန်းရှင်များ ကိုမေးတိုင်း ကမ္ဘာ့ရွှေဈေးတက်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးလည်း လိုက်တက်သည်ဟုသာ အဖြေပေးသည်။
ယခုနှစ်တွင် ရွှေဈေး ရှစ်ကြိမ် စံချိန် ချိုးခဲ့သည်။ ပထမဆုံးအကြိမ်မှာ မေလ ၁၄ ရက်နေ့ဖြစ်ပြီး ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၄၄,၅၀၀ ဖြစ်ခဲ့သည်။
ယင်း နေ့တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန် ၁,၂၄၅ ဒေါ်လာ အထိ မြင့်တက်ခဲ့သည်။
ဒုတိယအကြိမ်မှာ ဇွန်လ ၈ ရက်နေ့ ဖြစ်ပြီး ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၅၁, ၅၀၀ ထိ မြင့်တက်ခဲ့သည်။ ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စလျှင် ဒေါ်လာ ၁၂၄၄ ဒသမ ၅ ဖြစ်ခဲ့သည်။
တတိယအကြိမ်မှာ ဇွန်လ ၁၈ ရက် နေ့ဖြစ်ပြီး တစ်ကျပ်သားလျှင် ကျပ် ၆၅၂,၄၀၀ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁,၂၄၆ ဒေါ်လာ ဖြစ်သည်။
စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်တို့မှာ ဇွန်လ ၁၉ ရက်နှင့် ၂၁ ရက်နေ့တို့ တွင် ဖြစ်ပေါ်ခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ် ၆၅၇,၅၀၀ နှင့် ကျပ် ၆၅၈,၅၀၀ ဈေးပေါက်ခဲ့သည်။ ကမ္ဘာ့ဈေးမှာ တစ် အောင်စလျှင် ၁,၂၆၃ ဒေါ်လာနှင့် ၁,၂၅၆ ဒေါ်လာ ဖြစ်သည်။
ဆဋ္ဌမအကြိမ်မြောက်မှာ ဇွန်လ ၂၇ ရက်နေ့တွင်ဖြစ်ပြီး တစ်ကျပ်သားလျှင် ကျပ် ၆၆၂,၀၀၀ ဈေးဖြစ်ခဲ့သည်။
အောက်တိုဘာလတွင် ရွှေဈေး စံချိန်တင် နှစ်ကြိမ်ဖြစ်ပြန်သည်။ သတ္တမနှင့် အဋ္ဌမအကြိမ်မြောက်မှာ အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့၌ ဖြစ်ပြီး တစ်ကျပ်သားလျှင် ကျပ် ၆၆၈,၅၀၀ နှင့် ကျပ် ၆၇၅,၅၀၀ တို့ ဖြစ်သည်။
၂၀၁၀ တစ်နှစ်လုံးတွင် ရွှေဈေး ရှစ်ကြိမ်စံချိန်တင်ခဲ့ပြီး အရောင်းအ၀ယ်သည် တစ်နှစ်လုံးခြုံကြည့်ပါက အေးကြောင်း လုပ်ငန်းရှင်များ ကပြောသည်။
"ဇန်န၀ါရီလကတော့ ရောင်းအားကောင်းတယ်။ မနှစ်ကထက် ၁၀ ရာခိုင် နှုန်းလောက်ကို ကောင်းတယ်"ဟု တိတ်စိန်ရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ဖေဖော်ဝါရီလတွင် အရောင်းပြန်ကျသွားသည်။ မတ်လတွင် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများ ထွက်ပေါ်လာသော်လည်း လူများက အ၀ယ်သိပ်မလုပ်ကြသည်ကို တွေ့ရသည်။ ငွေမရှိလို့လား၊ စိတ်မလှုပ်ရှားတာလားဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိမှာပါ။ ဧပြီလ မှာတော့ ရောင်းအား ပြန်တက်လာသည်ဟု အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဧပြီလအထိ ဈေးမတက်သေးပါဘူး။ ဈေးမတက်တဲ့ အကြောင်းကတော့ လူတွေလက်ထဲမှာ ငွေရှားလို့ပေါ့။ အိမ်၊ ခြံ၊ မြေ၊ ကားနဲ့ ဆိုင်ကယ် လေလံတွေရှိတယ်။ လူတွေက အဲဒီမှာ ရင်းနှီးမြှုပ်နှံကြတော့ ရွှေဘက်မလှည့်နိုင်ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေက သိပ်မ၀ယ်ကြဘူး။ ဒါပေမယ့် လက်လီ ၀ယ်ကြတာများတယ်။ လယ်သမားတို့ နည်းနည်းချင်း ၀ယ်စုတဲ့သူတွေက ၀ယ်ကြတယ်။ ရောင်းအားက မနှစ်ကနဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်းလောက် တက်တယ်"ဟု ၎င်းက သုံးသပ်သည်။
မေလမှာတော့ ရွှေဈေးတက်လာခြင်းကြောင့် ပြန်သွင်းကြသည်။ မိမိဆိုင်က ၀ယ်ထား၍ ပြန်သွင်းလာခြင်းကြောင့် လက်မခံ၍ မရခြင်းကြောင့် ရွှေသည်တွေ ညည်းတွားကြသည်။
"ပုံမှန်မှာတော့ ရွှေဈေးတက်ရင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းတက် တတ်ပေမယ့် ဒီကာလတွေမှာ မတက်တော့ ဒေါ်လာနဲ့ လစာရတဲ့ဝန်ထမ်းတွေ အဆင်မပြေ ဖြစ်ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက မူဝါဒ အပြောင်းအလဲများတော့ ဒေါ်လာတွေ၊ အက်ဖ်အီးစီတွေ မစုချင်ကြတော့ ဈေးတွေ ကျကုန်တယ်" ဟု လုပ်ငန်းရှင်များက ပြောသည်။
အောက်တိုဘာတွင် ဈေးမကျသော်လည်း ရောင်းအားကောင်းလာသည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်း ရေးမှူး ဦးကျော်ဝင်းက ပြောသည်။
"ဈေးနည်းနည်း တက်လာပေမယ့် ရောင်းအား တက်လာတယ်။ ပွင့်လင်း ရာသီကြောင့်မို့လို့လည်း ပါပါတယ်"ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၂၄ ရက်နေ့အထိ စာရင်းများအရ ၂၀၁၀ ပြည့်နှစ်အတွက် အမြင့်ဆုံးဈေး ရှစ်ကြိမ်မြောက် စံချိန်တင်ဈေးမှာ ကျပ် ၆၇၅,၅၀၀ ဖြစ်သည်။
သတ္တုတွင်းဝန်ကြီးဌာန၏ အထူးရွှေဆိုင်များကိုတော့ ၂၀၁၀ နှစ်ကုန်တွင် ရန်ကုန်၌ တစ်ဆိုင်၊ မန္တလေး၌ တစ်ဆိုင် ဖွင့်ပေးထားသည်။

Artikel Terkait:

0 comments:

Post a Comment