Thursday, January 6, 2011

ဘင်္ဂလားဒေ့ရှ်-မြန်မာ ပိုမိုကုန်သွယ်ရန်ဆွေးနွေး

အေးသီတာကျော် အတွဲ ၂၅၊ အမှတ် ၅၀၀ (၇၊ ၁၊ ၂၀၁၁ - ၁၃၊ ၁၊ ၂၀၁၁)

ဘင်္ဂလားဒေ့ရှ်သည် မြန်မာနှင့် နယ်စပ် ကုန်သွယ်မှု၊ ပုံမှန်ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများတွင် တိုးမြှင့်သွားလိုကြောင်း ဒီဇင်ဘာ လကုန်ပိုင်းက ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သော စီးပွားရေး ဆွေးနွေးပွဲအရ သိရသည်။
အဆိုပါဆွေးနွေးပွဲအရ ဘင်္ဂလားဒေ့ရှ် ဆေးလုပ်ငန်းရှင်အများစုသည် မြန်မာလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ကာ ဆေးဝါးများကို မြန်မာနိုင်ငံသို့ တင်ပို့လိုကြောင်း ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပါလီမန်ကော်မတီမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာ နူရာအစ်စလမ်က ပြောသည်။
"လတ်တလော ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ နယ်စပ်ကုန်သွယ်မှုက ၂၅ ရာခိုင်နှုန်း ပါပါတယ်။ ပို့ကုန်ကို အဓိကထားပြီး ကုန်ပစ္စည်း ပမာဏ များများနဲ့ ကုန်သွယ်နိုင်အောင် ကြိုးစားသွားမယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးမှ စီးပွားရေးသံမှူး မစ္စတာ MD Aftabussaman က ပြောသည်။
မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်သို့ ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တော နယ်စပ်ဂိတ်တို့မှ ကုန်သွယ်သည်။
ဆေးဝါး၊ အလှကုန်နှင့် ဆောက်လုပ် ရေးသုံးပစ္စည်း စသည်တို့ကို မြန်မာနိုင်ငံ သို့ တင်ပို့လိုကာ ကြက်သွန်နီ၊ ပြောင်းဖူး အစရှိသော စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းမျိုးစုံကို ပြန်လည်တင်သွင်းလိုကြောင်း ဆွေးနွေးခဲ့ကြသည်။
ကုန်သွယ်မှုသာမက မြန်မာနိုင်ငံတွင် ပရိဘောဂထုတ် စက်ရုံကို ဖက်စပ်တည်ဆောက်ကာ အမေရိကား၊ ဂျပန်၊ အီးယူ စသော ဈေးကွက်များသို့ တင်ပို့လိုကြောင်း မစ္စတာ နူရာ အစ်စလမ်က ပြောသည်။
၂၀၁၀-၁၁ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းအထိ မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၆၉ သန်းဖြစ်ပြီး မြန်မာမှ တင်ပို့မှုပမာဏ ဒေါ်လာ ၆၁ သန်းနှင့် ဘင်္ဂလာဒေ့ရှ်ဘက်မှ တင်သွင်းမှု ပမာဏ ဒေါ်လာ ရှစ်သန်းဖြစ်ကြောင်း ကုန်သွယ်ရေး ဌာနမှ ရရှိသော စာရင်းများအရ သိရသည်။
၂၀၀၉-၁၀ ဘဏ္ဍာနှစ်၌မူ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ဒေါ်လာ ၆၂ သန်းသာ ရှိသည်။
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှာ ဒေါ်လာ ၁၁ သန်းရှိပြီး မြန်မာဘက်မှ ၁၀ သန်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒေါ်လာ တစ်သန်း တို့ဖြစ်သည်။

Artikel Terkait:

0 comments:

Post a Comment