ထားထားခင် အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၉) ၅-၁-၂၀၁၁
ငွေကြေးအကျပ်အတည်းဂယက် စတင် လွတ်မြောက်ချိန်ဖြစ်သော ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ၀ယ်လိုအား တရိပ်ရိပ်တက်လာခဲ့ရာ နှစ်လယ်ပိုင်းမှ စ၍ သိသာသည့် အနေအထားကောင်းသို့ ရောက်ရှိခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများက ပြောသည်။
ဝယ်လိုအားတက်ရသည့်အကြောင်းရင်းများတွင် ကားဈေးကွက်မတည် မငြိမ်ဖြစ်ခဲ့ခြင်းသည် အဓိကပါဝင်ရာ ရင်းနှီးမြှုပ်နှံမှုပိုင်းတွင် အကျိုးအမြတ် ပိုမိုခိုင်မာမှုရှိ၍ရေရှည်တွက်ခြေကိုက်သော အိမ်ခြံမြေသို့ ရင်းနှီးမြှုပ်နှံလိုသူများ ၀င်ရောက်လာခြင်းက ၂၀၁၀ အိမ်ခြံမြေ ၀ယ်လိုအားတက်လာခြင်း၏ အစဖြစ်သည်။
"၂၀၀၉ ကတည်းက ကားဈေးကွက်က ပျက်သလောက်ဖြစ်နေပြီ။ ၂၀၁၀ မှာ ပိုဆိုးလာတယ်၊ ကားလေလံတွေကြောင့် ကားဈေး တွေက မနှစ်ကထက် ပိုပြုတ်ကျလာတယ်"ဟု ရန်ကုန်မြို့ လယ်ရှိ အကျိုးဆောင်တစ်ဦးက ပြောသည်။
"ဒီတော့ ကားဝယ်ရောင်းသမားတွေက အကျိုးအမြတ်ရှိတဲ့ အိမ်ခြံမြေဘက်မှာ ရင်းနှီးလာကြတယ်။ ၂၀၁၀ နှစ်ဆန်းထက် မေလကနေ ဒီဇင်ဘာ အတွင်းမှာ ၀ယ်လိုအားနှစ်ဆလောက် တက်လာတယ်။ ဒီအထဲမှာ ကားဝယ်ရောင်းသမားတွေရဲ့ ၀ယ်လိုအားက သုံးပုံတစ်ပုံ လောက်ပါတယ်" ဟု ၎င်းက ပြောသည်။
ဝယ်လိုအား တက်လာရခြင်းတွင် ဗဟန်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာမြို့နယ်များရှိ မြေနှင့် လုံးချင်းအိမ်များ အဓိက ပါဝင်သည်။
၂၀၁၀ အိမ်ခြံမြေဈေးကွက်အတွင်း ၂၀၀၉ ခုနှစ်ထက် ထူးခြားသော အချက်များရှိရာ ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲသည် လည်း အချက် တစ်ခုအနေနှင့်ပါဝင်ပြီး ရွေးကောက်ပွဲ လွန်ကာလ စီးပွားရေးအခွင့်အလမ်း ပွင့်လန်းလာမှုကိုမျှော်မှန်း၍ ကြိုတင် ၀ယ် ယူခြင်းက ဈေးကွက်တည်ငြိမ်ပြီး ၀ယ်လိုအား ထိန်းထားနိုင်ခဲ့သော အချက်တစ်ချက်အဖြစ် ပါဝင်ခဲ့သည်။
ထို့ပြင် ၂၀၁၀ ၀ယ်လိုအားကို အဓိက ပြောင်းလဲစေသော ကြီးမားသည့် အခြားအကြောင်းတစ်ရပ်မှာ အိမ်ခြံမြေ အခွန် သက်တမ်း တစ်နှစ် ထပ်မံတိုးခဲ့ခြင်း ဖြစ်သည်။ မြပန်းသခင် အကျိုးဆောင်မှ ဒေါ်နန်းသန်းရီက အခွန်စနစ် သက်တမ်းတိုးလိုက်ခြင်းက ၂၀၁၀ နှစ်လယ် အိမ်ခြံမြေ၀ယ်လိုအား ပိုကောင်းစေကြောင်း ပြောသည်။
"ဇွန်နဲ့ ဇူလိုင်လတွေမှာ အိမ်ခြံမြေ ၀ယ်လိုအား အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အခွန်စနစ် နောက်ဆုံးကာလ ဆိုတော့ ၀ယ်သူတွေအ တွက် အခွင့်အရေး တစ်ရပ်လိုဖြစ်သွားပြီး ၀ယ်လိုအား ကောင်းခဲ့တာပါ။ "ဒါ့ပြင် လက်ရှိအခွန်နှုန်းထား အတိုင်း ဆက်သွားတာက လည်း ၀ယ်လိုအား ဆက်ကောင်းစေပြီး ၂၀၁၀ ဇွန်ကနေ နှောင်းပိုင်းထိ ၀ယ်လိုအား ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ တက် လာပါတယ်" ဟု ၎င်းကပြော သည်။
ဒဂုံ၊ စမ်းချောင်း၊ ဗဟန်းနှင့် ကမာရွတ်မြို့နယ်များမှ စီးပွားရေးအချက် အချာနေရာများရှိ သိန်း ၃,၀၀၀ မှ သိန်း ၂၀,၀၀၀ အထိရှိသော တန်ဖိုးကြီး အိမ်ခြံမြေများ အရောင်းသွက်ခဲ့ ကြောင်း ၎င်းကပြောသည်။
ထို့နောက် ဩဂုတ်လ ၂ ရက်နေ့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနက အိမ်ခြံမြေ၀ယ် ယူခြင်းဆိုင်ရာ အခွန်သက်တမ်းတစ်နှစ် ထပ်မံတိုးခြင်းကို တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပြီး ၂၀၁၁ ဩဂုတ်အထိ သက်တမ်းတစ်နှစ် တိုးပေးလိုက်သည်။
၂၀၁၀ ၀ယ်လိုအား တက်လာရခြင်းတွင် လူအများစု၏ ငွေသုံးစွဲနိုင်အား ပိုလာခြင်းလည်း ပါဝင်ရာ ကျောက်မျက်ပွဲများကြောင့်လည်း လမ်းမတန်းနှင့် သွားလာရေးလွယ်ကူသောနေရာများရှိ သိန်း ၅,၀၀၀ နှင့်အထက် တန်ဖိုးကြီး အိမ်ခြံမြေ၀ယ်လိုအား ကောင်းစေခဲ့ ကြောင်း၎င်းကဖြည့်စွက်ပြောသည်။
Artikel Terkait:
0 comments:
Post a Comment