ဟန်ဦးခင် အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၉) ၅-၁-၂၀၁၁
ယခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် လေးဦးအား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပေးလိုက်သောကြောင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ၂၀၁၀ ပြည့်နှစ်သည် အထူးခြားဆုံးနှစ် တစ်နှစ် ဖြစ်လာခဲ့သည်။ခွင့်ပြုလုပ်ကိုင်ခွင့်ရ ဘဏ်များမှာ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူနိုက်တက် အမရာဘဏ်နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်တို့ ဖြစ်သည်။
ဘဏ်သစ်လေးခု၏ ပထမဆုံး ဘဏ်ရုံးချုပ်များကို နေပြည်တော်တွင် ဩဂုတ်လ ၁၁ ရက်နေ့က တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ကြသည်။
ဧရာဝတီဘဏ်က ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြိတ်၊ တောင်ငူ၊ မုံရွာ၊ ပခုက္ကူ၊ ဟင်္သာတ၊ မြောင်းမြနှင့် ပုသိမ် မြို့များတွင် ဘဏ်ခွဲ ၁၀ ခု ဖွင့်လှစ်ရန် လျာထားပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ်ခွဲရှစ်ခု ဖွင့်လှစ်ရန် လျာထားခဲ့ သည်။
ဘဏ်များ စတင်ဖွင့်လှစ်ခဲ့သော ဩဂုတ်လမှ ဒီဇင်ဘာလအထိ ဧရာ ၀တီဘဏ်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဘဏ်ခွဲ ငါးခု၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က လေးခုနှင့် မြန်မာ့ရှေ့ဆောင်ဘဏ်က ဘဏ်ခွဲ သုံးခု ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၎င်းတို့ ဖွင့်လှစ်ရန် လျာထားသော ဘဏ်ခွဲအရေအတွက် ပြည့်မီရန် မြန်မာတစ်နိုင်ငံလုံး၌ ဘဏ်ခွဲများ ထပ်မံဖွင့်လှစ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာပြီး သုံးစွဲသူများအတွက် ၀န်ဆောင်မှု ကောင်းများလည်း ပိုမိုရရှိလာနိုင်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။
"မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ပုဂ္ဂလိကဘဏ်အရေအတွက် အရမ်းနည်းပါတယ်။ အခုလို ပုဂ္ဂလိက ဘဏ်တွေများလာတဲ့ အတွက် ပြိုင်ဆိုင် မှု ပိုမိုပြင်းထန်လာလို့ သုံးစွဲသူတွေ အတွက် ၀န်ဆောင်မှုကောင်းတွေ ပေါ်ထွက်လာမယ်၊ ဘဏ်နဲ့ ဆက်စပ်ပြီး အလုပ်လုပ်ရတာ ပိုလွယ်ကူလာမယ်" ဟု ၎င်းက ပြောသည်။
ပုဂ္ဂလိကဘဏ်များသည် ဘဏ်ခွဲများ ဖွင့်လှစ်ပြီးချိန်မှစ၍ ၎င်းတို့ဘဏ်များတွင် ငွေစုစာအုပ် ပြုလုပ်ရန် ၀န်ဆောင်မှုများ၊ ငွေစုစာအုပ် ပြုလုပ် ပြီးပါက လစဉ်ငွေစုနိုင်ရန် ၀န်ဆောင်မှုများ ဆက်တိုက်ပေးနေပြီး ၂၀၁၁ ခုနှစ်တွင် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန် ကတ် စနစ် စတင်အသုံးပြုနိုင်ရေးအတွက်လည်း ပြင်ဆင်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်။
"ကတ်စနစ် သုံးနိုင်မယ်ဆိုရင် စီးပွားရေးသမားတွေ သွားလေရာ ငွေသယ် ရတဲ့ဒုက္ခ ကင်းသွားမယ်။ လိုအပ်လို့ ပိုက်ဆံအများကြီး သယ်သွားရမယ့် ခရီးဆိုရင်လည်း ငွေသယ်သွားစရာ မလိုဘဲ ကတ်သယ်သွားရုံနဲ့ အလုပ် ဖြစ်တယ်ဆိုတော့ ပိုပြီး လုံခြုံတာပေါ့" ဟု ဌေးမိသားစု ထရေးဒင်းကုမ္ပဏီ လီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးလှဌေးက ပြောသည်။
ပုဂ္ဂလိကဘဏ်တစ်ခုစီသည် ဗဟိုဘဏ်၏ သတ်မှတ်ချက်အရ ကျပ် ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံရပြီး အဆိုပါ ဘဏ်များသည် ၎င်းတို့ကို ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းရှင်များလက်အောက်ရှိ ကုမ္ပဏီများအား ငွေထုတ်ချေးခွင့် မရှိဟု သိရသည်။
Artikel Terkait:
0 comments:
Post a Comment