မကြာမီ အထူးစီးပွားရေးဇုန်များ ပေါ်ပေါက်လာတော့မည် ဖြစ်သောကြောင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းလာမှု အနေအထားများ အတွက် ဥပဒေတစ်ရပ် အခိုင်အမာ ပြဋ္ဌာန်း၍ အကာအကွယ်ပေးရန် လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး သမားများ (Greeners)က ပြောကြားလိုက်သည်။
''မကြာမီ အထူးစီးပွားရေးဇုန်တွေ ဖြစ်လာမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေတဲ့ ရေထု၊ လေထု ညစ်ညမ်းမှုတွေ ဖြစ်လာမှာပါ။ အထူးသဖြင့် စီးပွားရေးဇုန်တွေထဲမှာ စက်မှုဇုန်တွေက ပိုပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု များပါတယ်။ ဥပမာ စက်တွေရဲ့ ဒီဇယ် ဒါမှမဟုတ် ဓာတ်ဆီ တစ်ဂါလန်ကို သုံးလို့ရှိရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၂၅ ပေါင် ထွက်ပါတယ်။ သုံးစွဲတဲ့ ပမာဏအပေါ်မှာ မူတည်ပြီးတော့ တွက်ဆကြည့်လို့ ရပါတယ်။ အဓိက ကတော့ အဲဒီဥပဒေတွေကို Enforce လုပ်ပြီး အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်''ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင် ဦးအုန်းက ပြောပြခဲ့သည်။
လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံသည် အိမ်နီးနားချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများ၏ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုထက် လျော့နည်းနေသေးသော်လည်း ယခင် ကာလများနှင့် နှိုင်းယှဉ်ပါက ပတ်ဝန်းကျင် ညစ်ညမ်းမှု အခြေအနေမှာ များပြား လာကြောင်းနှင့် စက်မှုဇုန်များ အလျိုအလျို ပေါ်ပေါက်လာရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဥပဒေ တစ်ရပ်ဖြင့် ကြိုတင် ကာကွယ်မှုများ မရှိပါက ပတ်ဝန်းကျင်နှင့် စက်ရုံတွင်း အလုပ်လုပ်ကိုင်နေသူများ၏ ကျန်းမာရေးကိုပါ သက်ရောက်မှုများ ရှိလာမည် ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
''အမှန်အတိုင်း ပြောရရင် သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ အထဲမှာ သစ်တောတွေ ပြုန်းတီးလို့ ပျက်စီးတာ ရှိတယ်။ စိုက်ပျိုးရေး ကဏ္ဍကြောင့် ပျက်စီးတာတွေ ရှိတယ်။ တောမီးလောင်လို့ ပျက်စီးတာရှိတယ် ဆိုပေမယ့် Industrial Sector က အဆိုးဆုံးပါပဲ။ ဘိလပ်မြေကထွက်တဲ့ Chemical တွေကစက်ရုံမှာ လက်ရှိလုပ်ကိုင်နေတဲ့ သူတွေကိုတင် မကဘဲ အနီးအနားမှာရှိတဲ့ ဒေသခံတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဒီစက်မှုဇုန်တွေနဲ့ ပတ်သက်ရင်တော့ EIA(Environmental Impact Assessment) နဲ့ SIA(Social Impact Assessment) တွေကို လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ တာဝန်ယူ လုပ်ကိုင်ရတဲ့ အဖွဲ့အစည်းက bias မပါဘဲ အမှန်အတိုင်း တင်ပြနိုင်ဖို့ လိုပါတယ်။ ဥပဒေတစ်ရပ် အနေနဲ့လည်း အခု မူကြမ်းအဆင့်ကနေ အခိုင်အမာ ပေါ်ပေါက်လာဖို့ လိုပါတယ်''ဟု ဦးအုန်းက ဆက်လက် ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အဘ်ဟီးဆစ် အနေဖြင့် ထိုင်းနိုင်ငံရှိ စက်မှုဇုန်များနှင့် ပတ်သက်သော အကြီးစား စီမံကိန်းများအား ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရင်းနှီးမြှုပ်နှံခြင်းထက် မြန်မာနိုင်ငံ ထားဝယ်ဆိပ်ကမ်းတွင် ရင်းနှီး မြှုပ်နှံရန် စီမံထားကြောင်း မကြာခင် က ပြောကြားခဲ့သည်။
''မနှစ်တုန်းက သဘာဝ ပတ်ဝန်းကျင် သမားတွေက ထိုင်းအစိုးရကို စက်မှုဇုန်တွေ တိုးချဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်တာတွေ ရှိတယ်။ အဲဒါက ထိုင်းတရားရုံးအထိ ရောက်ခဲ့ပြီးတော့ တရားရုံးက Greeners တွေ ဘက်ကို အနိုင်ပေးလိုက်တယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ အဟန့်အတားတွေ ရှိနေတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ အခြားနေရာတွေကို ရှာဖွေလာကြတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဥပဒေ တစ်ရပ်ကတော့ ရှိသင့်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း တစ်ခုတော့ရရှိပြီး ကျန်းမာရေးရှုထောင့်က ကြည့်ရင် ဆုံးရှုံးနစ်နာမှုတွေ မရှိအောင်တော့ ဥပဒေတစ်ရပ်အနေနဲ့ ကာကွယ်မှုပေးဖို့တော့ လိုအပ်နေပါပြီ''ဟု သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြည်တွင်းမှ ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့ ရှာဖွေရာတွင် စက်မှုဖွံ့ဖြိုးရန် အရှိန်ယူနေသည့် နိုင်ငံများအား ဦးစားပေး ရွေးချယ်လာကြပြီး မြန်မာနိုင်ငံ အနေဖြင့်မူ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခြင်း၊ ကုန်စည် သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေခြင်းနှင့် အလုပ်သမားစရိတ် သက်သာခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားမှု များပြားလာကြောင်း သိရသည်။
''အခုလို စက်မှုဇုန်တွေ တည်ထောင်တဲ့အခါမှာ ကျောက်မီးသွေးနဲ့ လည်ပတ်တဲ့ စက်ရုံမျိုးတွေ မပါဘူးလို့လည်း မပြောနိုင်ပါဘူး။ ဥပမာ တရုတ်နိုင်ငံမှာဆို ကျောက်မီးသွေးနဲ့ လည်ပတ်တဲ့စက်ရုံ အတော်များတယ်။ စရိတ်စကပိုင်းမှာတော့ တခြား လောင်စာတွေထက် ကျောက်မီးသွေးက သက်သာကောင်း သက်သာနိုင်ပေမယ့် လောင်စာတွေ အားလုံးထဲမှာ ကျောက်မီးသွေးကနေ CO2 ထုတ်လုပ်မှုကတော့ အများဆုံးပဲ။ သဘာဝ ဓာတ်ငွေ့က CO2 ထွက်ရှိမှု အနည်းဆုံးလို့ ပြောလို့ရတယ်။ ဘာပဲ ဖြစ်ဖြစ် အဲဒီလို ကျောက်မီးသွေး လောင်စာသုံး စက်ရုံလည်း ရှိလာနိုင်တယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ကိုင်တွယ်သွားမလဲ၊ ဘယ်လောက် အတိုင်းအတာအထိ ခွင့်ပြုမလဲ ဆိုတာတော့ စနစ်တကျ သုံးသပ်ဖို့ လိုပါ တယ်''ဟု အာဆီယံစီးပွားရေးဆိုင်ရာ လေ့လာသူတစ်ဦးက အကြံပြု ပြောကြားခဲ့သည်။
''မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ရမှာပါပဲ။ သို့ပေမယ့် ဖွံ့ဖြိုးရေးလုပ်ရင်း သဘာဝပတ်ဝန်းကျင် ပျက်စီးလာမယ်။ အနီးအနားက လူတွေပါ ဒုက္ခရောက်မယ်ဆိုရင် ဖွံ့ဖြိုးမှုဆိုတာ အဓိပ္ပာယ်မရှိ ဖြစ်သွားပါမယ်။ Sustainable Development ဆိုတာ ရေရှည်ကောင်းဖို့ လိုအပ်ပါတယ်။ ရေတိုခဏပဲ အကျိုးဖြစ်ပြီး ရေရှည်မှာ ပတ်ဝန်းကျင်ရော၊ လူတွေပါ ထိခိုက်မယ်ဆိုရင် နဂိုကတည်းက ဒီ Development ဆိုတာကို မလုပ်ရင် ကောင်းပါလိမ့်မယ်''ဟု FREDA မှ ဦးအုန်းက ပြောကြားခဲ့သည်။
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံတိုးတက်ရေးအတွက် အရေးပါဆုံး အခန်းကဏ္ဍတွင် ပါဝင်ပြီး အထူးသဖြင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကို ပို၍ အလေးထားကာ ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း ကုန်သွယ်မှု၏ ၈၅ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရှိရသည်။
အလားတူ အနာဂတ် ကုန်သွယ်မှုတွင် အရေးပါလာမည့် ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေး အတွက်လည်း မြန်မာ့ကမ်းရိုးတန်းများတွင် နေရာများ ရွေးချယ် ဆောင်ရွက်လာပြီး ရင်းနှီးမြှုပ်နှံမှုများပါသည့် စက်မှုဖွံ့ဖြိုးမှုများ အကောင် အထည် ဖော်သွားမည် ဖြစ်သော်လည်း အရေးကြီးသော သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အခြေအနေများအား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း သုံးသပ် ပြောကြားခဲ့ကြသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း
- ရခိုင်ပြည်နယ်၊ ချဉ်းကပ်ရေကြောင်းလမ်း အနိမ့်ဆုံးရေအနက် ၂၄ မီတာ
- ဒီရေအမြင့် ကွာခြားချက် ၂ မီတာမှ ၂.၇ မီတာ
- စစ်တွေ-ကုလားတန် စီမံကိန်းဒေသ၊ သံတွဲခရီးသွားလုပ်ငန်းနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများနှင့် ဆက်စပ်၍ ဖွံ့ဖြိုးတိုးတက်လာနိုင်
- တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် ကူမင်း-မန္တလေး-ကျောက်ဖြူ-စစ်တွေ လမ်းကြောင်းပေါ်တွင်ရှိ။
- စီမံကိန်းပြီးစီးပါက ကွန်တိန်နာ ၄၀၀၀ ဆန့် ရေယာဉ်များဆိုက်ကပ်နိုင်မည်။
ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း
- မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရေးမြို့ကြားတွင်ရှိ
- ချဉ်းကပ်ရေကြောင်း၏ အနိမ့်ဆုံးရေအနက် ၁၅ မီတာရှိ
- ဒီရေအမြင့် ကွာခြားချက် ၃ မီတာနှင့် ၅ မီတာကြားရှိ
- ဆိပ်ကမ်းတွင် DWT ၄၀၀၀၀ မှ ၅၀၀၀၀ အကြားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်
- အရှေ့အနောက် စီးပွားရေးစင်္ကြံ (East-West Economic Corridor) ၏ အဓိကကျသော ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း
- တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း တည်ရှိ
- ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက်(LAD) -၁၅ မီတာရှိ
- ဒီရေအမြင့် ကွာခြားချက် ၅ မီတာရှိ
- GMS နှင့် BIMSTIC နိုင်ငံများ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အချိန်နှင့်ကုန်ကျစရိတ် လျော့ချနိုင်မည်
- ဆိပ်ကမ်းတွင် DWT ၅၀၀၀၀ ရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်မည်ရေနက်ဆိပ်ကမ်း ၀န်ဆောင်မှုအပြင် နယ်စပ်ဖြတ်ကျော် အဝေးပြေးလမ်းမများနှင့် စက်မှုကုန်ထုတ်နယ်မြေများ ပါဝင်
ဘုတ်ပြင်းရေနက်ဆိပ်ကမ်းစီမံကိန်း
- တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်နှင့်ကော့သောင်း မြို့ကြားတွင်ရှိ
- ချဉ်းကပ်ရေလမ်းကြောင်း အနိမ့်ဆုံးအနက် ၃၀ မီတာ
- ဒီရေအမြင့်ကွာခြားချက် ၃ မီတာ
- ရေနက်ဆိပ်ကမ်းနေရာ ၂ နေရာဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ခုနှင့် ထိုင်းနိုင်ငံ ဘာဆာဖန်တွင် တစ်ခုစီတည်ရှိ
- စီမံကိန်းလုပ်ငန်းတွင် နယ်စပ်ဖြတ်ကျော် အဝေးပြေးလမ်းမ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ သံမဏိ ထုတ်လုပ်မှုလုပ်ငန်း၊ ရေနံဓာတုစက်ရုံ၊ အခြား စွမ်းအင်စက်ရုံများ ပါဝင်
- DWT ၆၅၀၀၀ ရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်ပြီး ကမ်းလွန်လုပ်ကွက်မှ ထုတ်လုပ်သည့် ရေနံစိမ်းများ တင်ဆောင်နိုင်ရန် DWT ၂၀၀၀၀၀ ရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်မည်။
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ
၁။ ထီးတန်းဆိပ်ကမ်း (Berth)
၂။ ထီးတန်းဆန်ဆိပ်ကမ်း (Berth)
၃။ အလုံဆိပ်ကမ်း (Wharves)
၎။ မြန်မာ့စက်မှုဆိပ်ကမ်း (Wharves)
၅။ ဆူးလေဘုရားဆိပ်ကမ်း (Wharves)
၆။ ကျန်းမာရေးဆိပ်ကမ်း (Jetty)
၇။ ဗိုလ်အောင်ကျော်ဆိပ်ကမ်း (Wharves)
၈။ သာကေတဆိပ်ကမ်း (Wharves)
၉။ မြန်မာအင်တာနေရှင်နယ် သီလ၀ါဆိပ်ကမ်း
၁၀။ မြန်မာအင်တီဂရိတ်တက် သီလ၀ါဆိပ်ကမ်း
မြန်မာနိုင်ငံရှိ ပင်လယ်ဆိပ်ကမ်း ထွက်ပေါက်များ
၁။ ရန်ကုန်ဆိပ်ကမ်း (ရန်ကုန်တိုင်းဒေသကြီး)
၂။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ (ရခိုင်ပြည်နယ်)
၃။ ပုသိမ် (ဧရာဝတီတိုင်း ဒေသကြီး)
၎။ မော်လမြိုင် (မွန်ပြည်နယ်)
၅။ ထားဝယ်၊ မြိတ်၊ ကော့သောင်း(တနင်္သာရီတိုင်းဒေသကြီး)
Artikel Terkait:




0 comments:
Post a Comment