Eleven Media Group 23, 12, 2010
၂၀၀၇ ခုနှစ်မှ စတင်၍ ဂျပန်နိုင်ငံသို့ လက်ခစားအထည်(CMP) ပို့ကုန်တင်ပို့မှုဖြင့် ကုန်သွယ်ရေး ပြုလုပ်သည့် ထိပ်တန်း ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံသည် သုံးနှစ်ဆက်တိုက် ပါဝင်ခဲ့ပြီး ယခုနှစ်တွင်လည်း ယင်း ထိပ်တန်း ၁၀ နိုင်ငံ စာရင်းတွင် ထပ်မံပါဝင်နိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ရရှိသော သတင်းများ အရ သိရှိရသည်။
''မြန်မာနိုင်ငံရဲ့ ဒီနှစ် အထည်ချုပ်လုပ်ငန်း အခြေအနေက တိုးတက် ကောင်းမွန်နေပါတယ်။ မြန်မာနိုင်ငံဟာ ဂျပန်ဈေးကွက်ရဲ့ ထိပ်တန်း ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်ခဲ့တာ ၃၊ ၄ ကြိမ် ရှိပါပြီ။ ဒီနှစ်မှာလည်း ထပ်မံပါဝင်နိုင်ပါတယ်''ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပြခဲ့သည်။
မြန်မာ့အထည်ချုပ်လုပ်ငန်း အနေဖြင့် HRD(Human Resource Development) ထူထောင်ပြီး ဂျပန် နည်းပညာဖြင့် ၂၀၀၄ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ဂျပန်ဈေးကွက်၏ ထိပ်တန်း ၁၀ နိုင်ငံ စာရင်းတွင် ပါဝင်ခဲ့ပြီး ယခုနှစ်နှင့် ဆိုပါက လေးနှစ် ရှိသွားပြီ ဖြစ်ကြောင်း၊ CMP အထည်ချုပ်လုပ်ငန်း၏ ထုတ်ကုန် သုံးပုံတစ်ပုံမှာလည်း ဂျပန်ဈေးကွက်သို့ သွားနေကြောင်းနှင့် ၎င်းနည်းပညာများနှင့် အတွေ့အကြုံအား ပြန်လည်သုံးသပ်ပြီး အသုံးချနိုင်ပါက ကိုယ်ပိုင်အမှတ်တံဆိပ် own brand ထူထောင်နိုင်မည့် အလားအလာ အချို့လည်း ရှိနေကြောင်း သိရသည်။
''ကျွန်မတို့ အထည်ချုပ်လုပ်ငန်း အနေနဲ့ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေမှာ ဂျပန်ဈေးကွက်ကို ထိုးဖောက်မှု အားကောင်းခဲ့ပါတယ်။ ၂၀၁၀ ဟာလည်း အလားအလာကောင်းတဲ့ နှစ်တစ်နှစ်ပါ။ အခု နှစ်မကုန်သေးတဲ့အတွက် အတိအကျ မ ပြောနိုင်သေးပေမယ့် လက်ရှိ ရရှိထားတဲ့ အော်ဒါတွေအရဆိုရင် ထိပ်တန်း ၁၀ နိုင်ငံ စာရင်း ၀င်နိုင်ပါတယ်။ အခုဆိုရင် နှစ်ကုန်အထိ အော်ဒါတွေ ရရှိထားပြီးပါပြီ''ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ အလုပ်အ မှုဆောင် အဖွဲ့ဝင် တစ်ဦးကလည်း ပြောပြခဲ့ပါသည်။
အလားတူ လက်ရှိဂျပန်နိုင်ငံမှ ကျွမ်းကျင်သူများနှင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ချိတ်ဆက်၍ နည်းပညာပိုင်း လေ့ကျင့်သင်ကြားမှုများ ပိုမို များပြားလာပြီး အရည်သွေးမြင့် အထည်များ ချုပ်လုပ်၍ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု AFTA ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်နေကြောင်းလည်း သိရှိရသည်။
ထို့ပြင် ပြည်တွင်း အထည်ချုပ် ကုမ္ပဏီ အများစု၌ ဇန်န၀ါရီလအတွက် အပ်ထည်များ လက်ခံရန် လာရောက် ညှိနှိုင်း ဆွေးနွေးမှုများ ရှိနေသောကြောင့် ၂၀၁၁ ခုနှစ်တွင်လည်း ပြည်တွင်း အထည်ချုပ် လုပ်ငန်းများ အခြေအနေ ကောင်းမွန်နိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင် အချို့က ပြောကြားခဲ့သည်။
''အခုနှစ် ဒီဇင်ဘာလကုန် အပြင် ၂၀၁၁ ခုနှစ် မတ်လအထိကို အပ်ထည် လက်ခံရရှိမှု ပြည့်နေပါပြီ။ ခါတိုင်းနှစ်နဲ့ယှဉ်ရင် ရာခိုင်နှုန်းဘယ်လောက် တက်လာတယ်ဆိုတာ သေချာပြောလို့ မရပေမယ့် ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာတော့ အပ်ထည် ရရှိမှု က လုံးဝ မကောင်းခဲ့ပါဘူး။ ကျွန်မတို့ ကိုရီးယားကို တင်ပို့တဲ့ စက်ရုံအနေနဲ့ ပြောတာ။ ဂျပန်ကို တင်ပို့တဲ့ ဈေးကွက် အခြေအနေကိုတော့ မသိဘူး။ ဒီနှစ်တော့ ကျွန်မတို့ စက်ရုံလိုပဲ ဒီနားက အထည်ချုပ် စက်ရုံတွေလည်း အပ်ထည်တွေ ပြည့်နေပြီလို့ ပြောကြတယ်''ဟု အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ်များ အဓိက ချုပ်လုပ်သည့် လေးထောင့်ကန်ရှိ အထည်ချုပ် စက်ရုံတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။
အလားတူ မြန်မာဒေ၀ူး အထည်ချုပ်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း ''ကျွန်တော်တို့ စက်ရုံရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဂျပန်အော်ဒါတွေ ဖြစ်ပါတယ်။ အဓိက ရှပ်အင်္ကျီတွေ လက်ခံရတယ်။ နောက် ကြိုကြားကြိုကြားတော့ အလုပ်သမား ယူနီဖောင်းတွေ အော်ဒါရတယ်။ အခု ၂၀၁၀ ပြည့်နှစ်အပြင် လာမယ့် ၂၀၁၁ ခုနှစ် အောက်တိုဘာလအထိ အပ်ထည်အော်ဒါ ရထားပါတယ်။ လာမယ့် မေလအထိ အပ်ထည်တွေ အတွက် schedule ဆွဲပြီးသွားပါပြီ''ဟု ပြောပြခဲ့သည်။
Artikel Terkait:




0 comments:
Post a Comment