
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံပေါင်း ၃၃ နိုင်ငံသို့ နှစ်စဉ်ပြည်ပ ပို့ကုန်များ တင်ပို့နေသော်လည်း ရေထွက်ကုန်ပစ္စည်း တင်ပို့နိုင်မှုမှာ ၁၀ ရာခိုင်နှုန်းကျော်ခန့်သာ ရှိနေကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး ဦးမောင်မောင်သိမ်းက မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အောက်ရှိ အသင်းအဖွဲ့များ၏ နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံကို နှစ်စဉ် ပြည်ပပို့ကုန်များ တင်ပို့နေတဲ့ နေရာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ထုတ်လုပ်နိုင်တဲ့ ရေထွက်ကုန်ပစ္စည်းများရဲ့ ၁၀ ရာခိုင်နှုန်းကျော်သာ တင်ပို့နိုင်သေးတာကို တွေ့ရှိရတဲ့အတွက် ပြည်ပကို ရေ ထွက်ပစ္စည်း ပိုမို တိုးတက်တင်ပို့နိုင်ရေး ဆောင်ရွက်ကြပါ''ဟု ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ ငါးရှဥ့်၊ ကဏန်း၊ ကဏန်းပျော့၊ ငါးမြစ်ချင်း၊ ပုစွန်၊ ကျောက်ပုစွန်၊ ကင်းပုစွန်၊ ငါးဘတ်၊ ငါးဂျောင်း၊ အလှမွေးငါး၊ ငါးပေါင်းမှုန့် အစရှိသည့် ရေထွက်ပစ္စည်းများကို ပြည်ပသို့ တင်ပို့နေပြီး ၂၀၁၀ -၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ရေထွက် ပစ္စည်း တင်ပို့မှုမှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃၉၁ သန်း ရရှိထားပြီး ဖြစ်ကြောင်း သိရှိရသည်။
ရေထွက်ပစ္စည်း တင်ပို့ရာတွင် ပုံမှန် ကုန်သွယ်မှု လမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအဖြစ် မူဆယ်၊ မြ၀တီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော၊ တမူး စသည့် မြို့များမှ တင်ပို့ ရောင်းဝယ်လျက် ရှိကြောင်း သိရသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု အတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး နိုင်ငံခြားငွေ ရရှိမှုမှာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ကဏန်းတင်ပို့မှု လျာထားချက် အမေရိကန် ဒေါ်လာ ၃၅ သန်းအနက် ၂၃ ဒသမ ၈၆ သန်း၊ ငါးရှဥ့်တင်ပို့မှု လျာထားချက် အမေရိကန်ဒေါ်လာ ၂၅ သန်း အနက် ၁၆ ဒသမ ၇၆ သန်း၊ ရေချိုငါး တင်ပို့မှု လျာထားချက် အမေရိကန် ဒေါ်လာ ၁၂၅ သန်းအနက် ၈၄ သန်း ရရှိထားပြီး ဖြစ်ကာ စုစုပေါင်း လျာ ထားချက် အမေရိကန် ဒေါ်လာ သန်း ၇၀၀ တွင် အမေရိကန်ဒေါ်လာ ၃၉၁ သန်း ရရှိထားကြောင်း သိရှိရသည်။
မြန်မာ့ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာတွင် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် မက်ထရစ်တန် ၃ ဒသမ ၅၂ သိန်း၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် မက်ထရစ်တန် ၃ ဒသမ ၂၅ သိန်း နှင့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် မက်ထရစ်တန် ၃ ဒသမ ၇၅ သိန်း တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
| ဘဏ္ဍာရေးနှစ် | လျာထားချက် | အမှန်ဝင်ငွေရရှိမှု |
| ၂၀၀၆-၂၀၀၇ | ၆၅၀ | ၄၆၆.၁၆ |
| ၂၀၀၇-၂၀၀၈ | ၈၅၀ | ၅၆၁.၀၂ |
| ၂၀၀၈-၂၀၀၉ | ၇၅၀ | ၄၈၃.၀၈ |
| ၂၀၀၉-၂၀၁၀ | ၇၀၀ | ၄၉၆.၅၉ |
| ၂၀၁၀-၂၀၁၁ | ၇၀၀ | ၃၉၁ |
| (၂၀၁၀ ဒီဇင်ဘာ ၁၂ ရက်ထိ) | ||
Artikel Terkait:




0 comments:
Post a Comment