Friday, December 24, 2010

မြန်မာတစ်နိုင်ငံလုံးရှိ ကုန်စည်ဒိုင်များ အချင်းချင်း ဈေးနှုန်းသတင်းအချက်အလက်များ ချိတ်ဆက် ရောင်းဝယ်နိုင်ရန် ကုန်စည်ဒိုင် အင်ဖော်မေးရှင်းနက်ဝပ်ကို ယခုလကုန်မှ စတင် ထူထောင်သွားမည်

Eleven Media Group 23, 12, 2010

မြန်မာတစ်နိုင်ငံလုံးရှိ ကုန်စည်ဒိုင်များ အချင်းချင်း ပြည်တွင်းဈေးနှုန်း အခြေအနေ၊ နိုင်ငံတကာဈေးနှုန်း အခြေအနေနှင့် အခြား သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ကုန်စည်ဒိုင် Information Network ကို ယခုလကုန်မှ စတင်ကာ စမ်းသပ် ထူထောင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)၏ နှစ်ပတ်လည် အစည်းအဝေးတွင် အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''အသင်းရဲ့ ကုန်စည်ဒိုင် Information Network ဖြစ်တဲ့ ၀က်ဆိုက်တစ်ခုကို အခုလကုန်မှာ စပြီး စမ်းသပ် ထုတ်လွင့်မှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(ကုန်စည်ဒိုင်)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက''ပထမအဆင့်အနေနဲ့ ကုန်စည်ဒိုင်တွေရဲ့ နေ့စဉ် အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ကုန်စည်ဈေးနှုန်းတွေကို အင်တာနက်ပေါ် တင်ပေးမယ်။ ဒုတိယအဆင့် အနေနဲ့ ပြည်တွင်းဈေးနှုန်းတွေကို နိုင်ငံတကာ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်လို့ရအောင် တစ်ခြားနိုင်ငံတွေရဲ့ Market Trend တွေကို တင်ထားပေးမယ်။ ပြီးရင် အဲဒီအချက်အလက်တွေကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကုန် စည်ဒိုင် အချင်းချင်း ဖလှယ်လို့ရအောင် Information Network ထူထောင်သွားမယ်။ နောက်ပိုင်းမှာ နိုင်ငံတကာနဲ့ပါ ချိတ်ဆက်ပြီး ကုန်စည်ရောင်းဝယ်မှုတွေကိုပါ ဆောင်ရွက်နိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီစနစ်မျိုးကို နိုင်ငံတကာမှာတော့ Commodity Exchange Centre လို့ ခေါ်တယ်။ မြန်မာနိုင်ငံ ကုန်စည်ဒိုင်တွေအားလုံး ကုန်စည်ဒိုင် Network အသုံးပြုနိုင်အောင် ကွန်ပျူတာ၊ အင်တာနက် တပ်ဆင်မှုတွေအပြင် ကျွမ်းကျင်ဝန်ထမ်းတွေ အတွက် ပြင်ဆင်နေကြတယ်။ ၂၀၁၁ ဇန်န၀ါရီလအတွင်းမှာ စတင် အသုံးပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်''ဟု ပြောကြားခဲ့သည်။
ဈေးနှုန်း ဖလှယ်မှုကြောင့် ပြည်တွင်းဈေးနှုန်းအပြင် ပြည်ပဈေးနှုန်းကိုပါ အချိန်နှင့်တပြေးညီ သိရှိနိုင်မည် ဖြစ်ရာ သီးနှံဈေးနှုန်းများ ရုတ်တရက် မြင့်တက်မှု ကျဆင်းမှုများကို တည်ငြိမ်အောင် ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။


Artikel Terkait:

0 comments:

Post a Comment