Saturday, December 18, 2010

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်မည်ဟုဆို

အေးသီတာကျော် အတွဲ ၂၅ ၊ အမှတ် ၄၉၇ ၊ ၁၇-၁၂-၂၀၁၀ 
 
ယခုနှစ်လယ်ပိုင်း ဇူလိုင်လမှစတင်၍ မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်ပိတ် ထားသော်လည်း မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်ကုန်သွယ်ရေးမှာ လျော့ကျမသွားကြောင်းနှင့် ကုန်သွယ်မှု တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ သွင်းကုန်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောသည်။
၂၀၁၀-၁၁ ဘဏ္ဍာနှစ် မြ၀တီ-မဲဆောက် နယ်စပ်စခန်းပိတ်ချိန်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၈ သန်းကျော်ရှိပြီး ယမန်နှစ် အလားတူ ကာလတွင်မူ ကန်ဒေါ်လာ ၁၂၇ သန်းသာရှိခဲ့ကြောင်း သိရသည်။
"အဲဒီအတွက် ဒေါ်လာ ၁၁ သန်း ကျော်ပိုတာ တွေ့ရပါတယ်။ မြန်မာ-ထိုင်း ကုန်သွယ်မှုလျော့မသွားဘဲ တိုးတက်နေပါတယ်"ဟု ၎င်းကပြောသည်။
ထို့ပြင် နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်စေရန် နယ်စပ်ဂိတ်အသစ်များ တိုးချဲ့ဖွင့်လှစ်ရန် လျာထားကြောင်း ဒီဇင်ဘာလ ၁၀ ရက် နေ့က စီးပွား ကူးသန်းဌာနတွင်ပြုလုပ်သော သတင်းထောက်များနှင့် တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်။
မြန်မာ-တရုတ် နယ်စပ်ဂိတ်များမှာ မူဆယ် ၁၀၅ မိုင်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်တို့ဖြစ်ပြီး ယခု တရုတ်နှင့် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက် ပြီး တရုတ်နိုင်ငံမှ ပစ္စည်းများတင်သွင်း နေသည့်အတွက် ပန်ဝိုင်နယ်စပ်ဂိတ်ကိုလည်း ယာယီဖွင့်လှစ်ထားသည်။
ထိုင်းနယ်စပ်တွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်းနှင့် မြိတ်တို့ရှိ သည်။ အိန္ဒိယနယ်စပ်ကုန်သွယ်မှုအတွက် တမူးနှင့် ရိဒ်တို့ရှိပြီး ဘင်္ဂလား ဒေ့ရှ်နှင့်မူ စစ်တွေ၊ မောင်တောဘက်မှ ကုန်သွယ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ထိုင်းနယ်စပ်ကုန်သွယ်ရန်အတွက် မော့တောင်၊ ဘုရားသုံးဆူနှင့် နတ်အိမ်တောင်၊ အိန္ဒိယနှင့် ကုန်သွယ်ရန်အတွက် ပလက်ဝတို့ဘက်မှ ဂိတ်များ ဖွင့်လှစ်ရန် အလားအလာရှိကြောင်း ဦးဇော်မင်းက ပြောသည်။
"မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု လက်ရှိအခြေအနေမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကတစ်ဆင့် ကုန်သွယ်မှုတွေ တိုးတက်နေပါတယ်။ အခု ဘဏ္ဍာနှစ်ဟာ အရင်နှစ်နဲ့ယှဉ်ရင် ပို့ကုန်သွင်းကုန် နှစ်ရပ်စလုံး တိုးတက်ခဲ့ပါတယ်"ဟု ဦးဇော်မင်း ကပြောသည်။
ယခုနှစ်တွင် စိုက်ပျိုးရေးထွက်ပစ္စည်းများကို ပမာဏပိုမိုတင်ပို့နိုင်ခြင်း၊ ပို့ကုန် ပစ္စည်းဈေးနှုန်း တိုးမြှင့်ရရှိလာခြင်းနှင့် တင်ပို့သည့် အမယ်(အမည်) ပိုမိုလာခြင်းတို့အပြင် ၂၀၀၆ ခုနှစ် ကုန်သွယ်ရေးဇုန် စတင်ဖွင့်လှစ်ပြီးနောက်ပိုင်း ကုန်သွယ်မှု တဖြည်းဖြည်း တိုးတက်လာသော်လည်း ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေး အကျပ်အတည်းကြောင့် ၂၀၀၈-၀၉ ဘဏ္ဍာနှစ် ကုန်တင်ပို့မှုအနည်းငယ် လျော့နည်းကျဆင်းသွားသည်။
ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ကုန်ပစ္စည်းဈေးနှုန်း ကျဆင်းခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ရပ်နားသွားခဲ့ခြင်း တို့ကြောင့် တင်ပို့မှု ပမာဏအပြင် ဈေးနှုန်းပါ ကျဆင်းခဲ့ သည်။ ၂၀၀၉-၁၀ တွင် ပဲတင်ပို့မှု ကျဆင်းခဲ့ပြီး ယခုနှစ်ပဲတင်ပို့ရာသီမှ စတင်ခါ မြင့်တက်ခဲ့သည်။
"၂၀၀၉ ခုနှစ် ကျောက်မျက်ပွဲကနေ လေလံအောင် ကျောက်စိမ်းတွေကို မူဆယ်နယ်စပ်ကနေ တရုတ်ပြည် ရွှေလီမြို့ကို သယ်ခွင့်ပြု တဲ့အတွက် ပို့ကုန် မြင့်မားခဲ့တယ်"ဟု ၎င်းက ပြောသည်။
သွင်းကုန်တိုးရခြင်းမှာလည်း ပြည်တွင်း၌ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်သော ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ တကောင်း နီကယ်ထုတ်လုပ်ရေးနှင့် မီးရထားလမ်းစီမံကိန်း စသည်တို့အတွက် တည်ဆောက်ရေး ပစ္စည်းများ ပိုသွင်းခြင်း၊ မူဆယ်နယ်စပ် မှတစ်ဆင့် ယာဉ်ယန္တရားများ တင်သွင်း ခွင့်ပြုခြင်းတို့ကြောင့် သွင်းကုန်တိုးတက်ခဲ့ကြောင်း ၎င်းက ပြောသည်။
၂၀၁၀-၁၁ ဘဏ္ဍာနှစ်အတွက် (နိုဝင်ဘာလအထိ) နယ်စပ်ကုန်သွယ်မှု စုစုပေါင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့် ရရှိခဲ့သည်။

Artikel Terkait:

0 comments:

Post a Comment