Saturday, December 18, 2010

ဥရောပသို့ တရားဝင် သစ်တင်ပို့နိုင်မှုအတွက် ၂၀၁၃ ခုနှစ်မတိုင်မီ ထောက်ခံချက်ရရှိရန်လို

အတွဲ ၂၅ ၊ အမှတ် ၄၉၇ ၊ ၁၇-၁၂-၂၀၁၀ ကိုကိုကြီးနှင့် နေလင်းအောင်
ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချသည့် သစ်နှင့်သစ်တောထွက်ပစ္စည်း အမျိုးအစားများကို ၂၀၁၃ ခုနှစ်မတိုင် မီ ဥရောပရှိ အစိုးရမဟုတ်သော သစ်လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် FLEGT အဖွဲ့က (Third Party) အတည်ပြုထောက်ခံသည့် တရားဝင်သစ်ဖြစ်ကြောင်း ထောက်ခံချက် (Timber Legality Certificate)ကို ရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
၂၀၁၃ ခုနှစ်တွင် Timber Certificate ထောက်ခံချက် မပါရှိပါက အီးယူနိုင်ငံများမှ မည်သည့်သစ်အမျိုးအစားကိုမျှ ၀ယ်ယူတော့မည် မဟုတ်ခြင်းကြောင့် ထောက်ခံချက်ရရှိရေးသည် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။
"လက်ရှိကာလမှာ တခြားနိုင်ငံတွေကတစ်ဆင့် ကြားခံပြီး မြန်မာနိုင်ငံက သစ်တွေကို တင်ပို့ရောင်းချနိုင်သေးတယ်။ အဲဒီသတ်မှတ် ချက် စတင်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ မြန်မာပြည်က သစ်တွေကို တခြားနိုင်ငံတစ်နိုင်ငံက ၀ယ်ပြီး တစ်ဆင့်ပြန်ရောင်းရင်လည်း မူရင်းရောင်းချခဲ့တဲ့နိုင်ငံကို ဖော်ပြရမှာ ဖြစ်တယ်။ မူရင်းရောင်းချတဲ့နိုင်ငံရဲ့ Timber Legality Certificate မရှိရင် ၀ယ်ယူခဲ့တဲ့နိုင်ငံက ဒေသတွင်းနိုင်ငံတွေမှာပဲ သုံးနိုင်မှာဖြစ်တယ်။ အီးယူနိုင်ငံတွေကိုတော့ တစ်ဆင့်ရောင်းချနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ၂၀၁၃ ခုနှစ်မတိုင်ခင်မှာ မြန်မာနိုင်ငံအနေနဲ့ ဒီထောက်ခံချက်ရရှိအောင် အကောင်အထည်ဖော်ရမှာဖြစ်တယ်"ဟု၎င်းက ပြောသည်။
"အစိုးရမဟုတ်တဲ့အဖွဲ့က မြန်မာပြည်ကထုတ်လုပ်တဲ့သစ်တွေက တရားဝင် ထုတ်တာ ဟုတ်လား၊ မဟုတ်လား၊ ထွက်လာတဲ့သစ်က ဘယ်နေရာကလာသလဲဆိုတဲ့ အချက်တွေကို ကိုယ်စားပြု လာရောက်စစ်ဆေးတဲ့အဖွဲ့က စနစ်တကျ လုပ်ဆောင်မှုရှိ မရှိ၊ စံချိန်စံညွှန်း တွေနဲ့ နှိုင်းယှဉ်စစ်ဆေးပြီး မှန်ကန်ပါက အတည်ပြုလက်ခံပေးမှာဖြစ်တယ်။ အဲဒီအတည်ပြုချက်ရတဲ့နိုင်ငံက သစ်တွေကိုသာ အီးယူ နိုင်ငံတွေက ၀ယ်ယူမှာဖြစ်တယ်။ ဒါကြောင့် သစ်ထုတ်လုပ်တဲ့အခါ သေချာဂရုတစိုက်စစ်ဆေးပြီးမှ ထုတ်လုပ်ရတော့မယ်"ဟု အဆိုပါ ကော်မတီဥက္ကဋ္ဌက ပြောသည်။
အဆိုပါအဖွဲ့ လာရောက်စစ်ဆေးပြီး အသိအမှတ်ပြုနိုင်ရန် မြန်မာနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီချက်စာချုပ် (Partnership Agreement) တစ်ရပ် လိုအပ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။
"လက်ရှိအခြေအနေအရ မြန်မာနဲ့ အီးယူနိုင်ငံတွေကြားမှာ နိုင်ငံရေးအခြေအနေအရ ကန့်သတ်မှုတွေရှိနေတယ်။ ဒါကြောင့် မြန်မာက အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အီးယူနဲ့ အာဆီယံနိုင်ငံတွေကြားမှာရှိတဲ့ သတ်မှတ်ချက်အတိုင်း မြန်မာကတွဲပြီး လုပ် ဆောင် နေတယ်"ဟု ဦးဇော်ဝင်းက ပြောသည်။
မြန်မာနှင့် အီးယူနိုင်ငံများကြားတွင် Partnership Agreement မည်သည့် အချိန်တွင် ရနိုင်မည်ဆိုခြင်းကိုမူ အတိအကျမပြောနိုင် သေးကြောင်း ၎င်းက ပြောသည်။
"နိုင်ငံရေးရာသီဥတုပြောင်းရင် ပြောင်းသလို ချက်ချင်းစတင်နိုင်မှာဖြစ်တယ်" ဟု ဥက္ကဋ္ဌက ပြောသည်။
"ဒီထောက်ခံချက်ရရင် ဈေးပိုရနိုင်လား၊ မရနိုင်ဘူးလားဆိုတာက အတိအကျပြောလို့မရဘူး။ အရင်တုန်းကတော့ ထောက်ခံချက်ရရင် ဈေးပိုပေးမယ်ဆိုပြီး လုပ်ခဲ့တာတွေရှိတယ်။ရောင်းဖို့အတွက် ထောက်ခံချက်က လက်နက်တစ်ခုအဖြစ် မဖြစ်မနေ လိုအပ်တယ်" ဟု ၎င်းက ပြောသည်။
သစ်လုပ်ငန်းရှင်များအသင်းမှ ပြည်ပ ဈေးကွက်နှင့် ဈေးနှုန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဘာဘာချို က
"၎င်းလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်တွေကြားမှာ Informal Negotation မစရသေးဘူး။ အသင်းက နှစ်ဖက် အခြေအနေတွေရဲ့ သတင်းအချက်အလက်တွေကို အပြန်အလှန်သိရှိအောင် လုပ်ဆောင်ပေးနေတယ်"ဟု ပြောသည်။
မြန်မာနိုင်ငံမှ သစ်နှင့် သစ်တောထွက် ပစ္စည်းများကို အိန္ဒိယသို့ အဓိကတင်ပို့ ပြီး စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ထိုင်းနှင့် ကိုရီးယား နိုင်ငံများသို့လည်း တင်ပို့နေကြောင်းနှင့် ယခုနှစ် ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ကျွန်းသစ်တန်ချိန် ၁ ဒသမ ၇၄ သိန်း၊ သစ်မာတန်ချိန် ၂ ဒသမ ၂ သိန်းနှင့် အထပ်သားနှင့် သစ်ပါးလွှာများ စသည့် သစ်နှင့်သစ်တောထွက် ပစ္စည်းစုစုပေါင်းတန်ဖိုး ကျပ်၂ ဒသမ ၈ ဘီလျံ ပမာဏရှိသည်။

Artikel Terkait:

0 comments:

Post a Comment