Sunday, December 26, 2010

မြန်မာ-မလေးရှား နှစ်နိုင်ငံလုပ်ငန်းရှင်များ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ပူးပေါင်းရန် ဆွေးနွေး

အတွဲ ၂၅ ၊ အမှတ် ၄၉၈ (MT) ၂၃-၁၂-၂၀၁၀ ဂျူးလိယက်

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ အပြန်အလှန် တိုးမြှင့်လုပ်ဆောင် နိုင်ရန် မလေးရှား-မြန်မာ လုပ်ငန်းရှင် များတစ်ဦးချင်း တွေ့ဆုံဆွေးနွေးမှု အစီအစဉ်ကို ကုန်သည်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ယခုလ ၁၄ ရက်နေ့၌ ကျင်းပခဲ့သည်။
ယင်းဆွေးနွေးပွဲသည် မလေးရှား-မြန်မာ နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ နှင့်ပတ်သက်ပြီး ပထမဆုံးကျင်းပသည့် တွေ့ဆုံပွဲဖြစ်ပြီး မလေးရှားနိုင်ငံ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီပေါင်း ၁၇ ခုမှ ကိုယ်စားလှယ်များ တက် ရောက်ဆွေးနွေးခဲ့သည်။

မလေးရှား ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုး ရေးကော်ပိုရေးရှင်း (Malaysia External Trade Development Corporation (MATRADE) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး လုပ်ငန်းရှင် တစ်ဦးချင်း ဆွေးနွေးမှုအစီအစဉ် ၅၄ ခု ဆောင်ရွက်ခဲ့ကြောင်း MATRADE မှ ဒုတိယညွှန်မှူး မစ္စရိုစီး လီယာတဟားက ပြောသည်။
"မြန်မာနိုင်ငံရဲ့ အဓိကကဏ္ဍက ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြစ်နေတယ်။ ၎င်းကဏ္ဍနဲ့ပတ်သက်ပြီး ပိုမိုချဲ့ထွင်လာမှာမို့ ၀န်ဆောင်မှု ပေးတဲ့လုပ်ငန်းတွေလည်း ပိုမိုလိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုပွဲကို စီစဉ်ရခြင်း ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအချင်းချင်းတွေ့ဆုံမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် တွေ့ဆုံပွဲကို ၂၀၁၀ ဩဂုတ်လ၌ ကျင်းပခဲ့သည်။
လုပ်ငန်းရှင်တစ်ဦးချင်း တွေ့ဆုံပွဲမှ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် အခွင့်အလမ်းများကို လေ့လာခြင်း၊ မြန်မာနိုင်ငံ၌ လက်ရှိ ရင်းနှီးမြှုပ်နှံနေသည့် မလေးရှားပိုင် ပက်ထရိုးနပ်စ် စွမ်းအင်ကုမ္ပဏီနှင့်သော်လည်းကောင်း၊ အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် သော်လည်းကောင်း လက်တွဲလုပ်ဆောင်ရန် ရည်ရွယ်ကြောင်း မစ္စရိုစီးလီ ယာက ပြောကြားသည်။
အဆိုပါနေ့တွင် MATRADE ၏ ဒုတိယ အမှုဆောင်အရာရှိချုပ်သည် စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်စီမံရေး ဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ်နှင့် ဆွေးနွေးခဲ့သည်။

"နောက်နှစ်မှာပြန်လာပြီး စွမ်းအင်ကဏ္ဍအပါအ၀င် တခြားလုပ်ငန်းအတွက် ယခုလိုပွဲမျိုး ထပ်မံကျင်းပဖို့ အစီအစဉ်တွေရှိပါတယ်"ဟု မစ္စရိုစီး လီယာက ပြောသည်။
လုပ်ငန်းတွေ့ဆုံပွဲသို့ ယူနိုက်တက် အင်ဂျင်နီယာရင်းကုမ္ပဏီလီမိတက်မှလည်း တက်ရောက်ခဲ့ရာ မလေးရှားမှ တက်ရောက်သည့် လုပ်ငန်းများမှာ ကန်ထရိုက်တာအနေဖြင့် လုပ်ကိုင်နိုင်မည့်အခွင့်အလမ်းများ ရှာဖွေသကဲ့သို့ ၎င်းတို့ဘက်မှလည်း လက်တွဲလုပ် ဆောင်နိုင်ရန်အတွက် တက်ရောက်ရခြင်းဖြစ်ကြောင်း ယူအီးကုမ္ပဏီလီမိတက်၏ အင်ဂျင်နီယာဌာနမှ အထွေ ထွေမန်နေဂျာ ဦးဖိုးအေးက ပြောကြားသည်။
မလေးရှားနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အာဆီယံနိုင်ငံများအနက် ထိပ်ပိုင်းတွင် ရပ်တည်နေကြောင်း၊ ပက်ထရိုးနပ်စ်ကဲ့သို့ နိုင်ငံပိုင် လုပ်ငန်းတစ်ခုအနေဖြင့် နိုင်ငံတကာတွင် လုပ်ဆောင်နေရာ စင်ကာပူ၊ အင်ဒိုနီးရှားနှင့်အတူ ရင်ပေါင်တန်းလာသည့် အခြေအနေရှိကြောင်း ဦးဖိုးအေးက သုံးသပ်သည်။

၂၀၀၈-၀၉ ဘဏ္ဍာနှစ်တွင် မလေးရှားမှ မြန်မာနိုင်ငံသို့ တင်ပို့မှုမှာ ကျပ် ၈၆ သန်းခန့်ရှိပြီး မြန်မာမှ မလေးရှားသို့ တင်ပို့မှုမှာ ကျပ် ၁၁၅ သန်း ရှိကြောင်း ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနစာရင်းအရ သိရသည်။
 


Artikel Terkait:

0 comments:

Post a Comment