Sunday, December 26, 2010

ပို့ကုန်ရ၀င်ငွေ တစ်ယူနစ်တန်ဖိုး ကျပ် ၉၀၀ အောက် မလျော့နိုင်

အတွဲ ၂၅ ၊ အမှတ် ၄၉၈ ၊ ၂၃-၁၂-၂၀၁၀  သိုက်ဇင်


ပို့ကုန်ရ၀င်ငွေတန်ဖိုးမှာ ဒီဇင်ဘာလ ဆန်းပိုင်းတွင် တစ်ယူနစ်လျှင် ကျပ် ၉၀၀ အထိ အနိမ့်ဆုံး ကျဆင်းသွားခဲ့ပြီး ဒီဇင်ဘာလလယ် တွင် ကျပ် ၉၃၀ နှုန်းဖြင့် ဈေးပြန်တက်လာသော်လည်း အဆိုပါတန်ဖိုးမှာ ဆက်လက်မြင့်တက် နိုင်ဖွယ်မရှိကြောင်း ပို့ကုန်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းမှ သိရသည်။
"ပို့ကုန်ရ၀င်ငွေတန်ဖိုးက ဆက်လက် မြင့်တက်နိုင်ဖို့ မရှိတော့ဘူး။ ဘာကြောင့် လဲဆိုတော့ ပြီးခဲ့တဲ့လက နေပြည်တော်မှာကျင်းပခဲ့တဲ့ ကျောက်မျက်ရတနာ ပြပွဲမှာ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော် ရရှိခဲ့တာကြောင့် ပို့ကုန်ရ၀င်ငွေ ရောင်းလို အားက ၀ယ်လိုအားထက် များမှာ သေချာတယ်။ ဒါကြောင့် ဈေးကွက် သဘောအရ ရောင်းလိုအားများပြီး ၀ယ်လိုအားနည်းရင် ပို့ကုန် ရ ၀င်ငွေ တန်ဖိုးအပေါ်မှာ အကျိုးသက်ရောက်မှု ရှိမှာပဲ"ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦး က သုံးသပ်သည်။
"ဒီဇင်ဘာလအတွင်းမှာ ပို့ကုန်ရ ၀င်ငွေတန်ဖိုးက တစ်ယူနစ်ကို ကျပ် ၉၀၀ နဲ့ ၉၂၀ ကျော်အကြားမှာ ရှိနေပေမယ့် အမေရိကန်ဒေါ်လာ ကတော့ တစ်ဒေါ်လာကို ကျပ် ၈၅၀ နဲ့ ၈၈၀ ကြားမှာပဲ ရှိတယ်။ ဒါကြောင့် အခုနှစ် ဒီဇင်ဘာလမှာရှိတဲ့ ပို့ကုန်ရ ၀င်ငွေ တန်ဖိုးက ကာလတူ ပြီးခဲ့တဲ့နှစ်က ရှိခဲ့တဲ့ ပို့ကုန်ရ ၀င်ငွေတန်ဖိုးနဲ့ယှဉ်ရင် တစ်ယူနစ်ကို ကျပ် ၅၀ လောက်တော့ နည်းလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်တွင်းမှာ ပြီးခဲ့တဲ့နှစ်က ကျောက်မျက်ပြပွဲကနေ နိုင်ငံခြားဝင်ငွေရရှိမှုက အခုလို စံချိန်တင် မရရှိခဲ့ဘူး" ဟု ပို့ကုန် ရ၀င်ငွေ ရောင်းဝယ်လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။
ပြည်တွင်း၌ ပို့ကုန်ရ၀င်ငွေတန်ဖိုးမှာ ယခုလိုအနေအထားတွင် ရှိနေသော်လည်း ဆန်အိတ်စ်ပို့ လုပ်ငန်းရှင်များအပေါ် အကျိုးသက် ရောက်နိုင်မှု လျော့ နည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ အဆင့်မြင့် အရာရှိတစ်ဦးက သုံးသပ်သည်။
"ဘာလို့လဲဆိုတော့ လက်ရှိ ဧည့်မထ (ဆန်ကွဲပါဝင်မှု ၂၅ ရာခိုင်နှုန်း) ဆန် တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၇၀ ရရှိနေတာကြောင့် ပြီးခဲ့တဲ့လေးလပတ် အတွင်းကဆိုရင် တစ်တန်ကို ဒေါ်လာ ၃၂၀ ပဲ ရှိခဲ့တာကြောင့် ဆန်အိတ်စ်ပို့ လုပ်ငန်းရှင်တွေအပေါ်မှာတော့ အကျိုး သက်ရောက်မှုက လျော့နည်းပါလိမ့်မယ်"ဟု ၎င်းက ဆိုသည်။
ပဲအိတ်စ်ပို့ လုပ်ငန်းရှင်တစ်ဦးကလည်း "ပြည်တွင်းမှာ ပို့ကုန်ရ၀င်ငွေ အပြောင်းအလဲက ပို့ကုန်လုပ်ငန်းအပေါ်မှာ တစ်စုံတရာ အကျိုး သက်ရောက်မှု ရှိနိုင်တယ်ဆိုပေမယ့် လက်ရှိအနေအထားအရ ပြည်တွင်းမှာပဲ လက်ကျန်ပမာဏကလည်း များများစားစားမရှိတော့ တာကြောင့် ပဲအိတ်စ်ပို့လုပ်ငန်းရှင်တွေအပေါ် အကျိုးသက်ရောက်မှုက လျော့နည်းမှာပါ"ဟု ပြောသည်။
ပို့ကုန်ရ ၀င်ငွေတန်ဖိုး ကျဆင်းလာပါက အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း ကျဆင်းလာမည်ဖြစ်သည်။

Artikel Terkait:

0 comments:

Post a Comment