Saturday, December 18, 2010

 အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များမှ ဟောင်းနွမ်းငွေစက္ကူနှင့် ငွေအကြွေများအား တန်ဖိုးတူ လိုက်လံလဲလှယ်ပေးသည့် အစီအစဉ်စတင်

Eleven Media Group 15, 12, 2010

ငွေအကြွေ အခက်အခဲနှင့် ငွေစက္ကူ ဟောင်းနွမ်းမှုများကြောင့် အခြေခံ ကျန်းမာရေး ထိခိုက်မှုများမရှိစေရန် မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ အသင်းမှ ဈေးများအရောက် အမြတ်အစွန်းမယူဘဲ တန်ဖိုးတူ ငွေအကြွေများကို လိုက်လံလဲလှယ်ပေးသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌဒေါ်နုနုရီ၏ ပြောကြားချက်အရ သိရှိရပါသည်။
     အသင်း၏ မတည်ငွေဖြင့် အသင်းဝင်များ နေထိုင်ကြသည့် မြို့နယ်ရပ်ကွက်များအတွင်းရှိ ဈေးများတွင် ရောင်းချနေကြသော ဈေးသည် များ၊ ခေါင်းရွက်ဗျပ်ထိုးသည်များ နှင့် ဈေးဆိုင်များအရောက် ငွေစက္ကူ အကြွေများ တန်ဖိုးတူ လိုက်လံ လဲလှယ်ပေးခြင်းကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အသင်းဝင်များက စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
    "အခြေခံကျတဲ့ ဈေးသည်တွေ အနေနဲ့ဗဟိုဘဏ်မှာ ငွေအကြွေတွေ ကို အသစ်နဲ့အဟောင်း လဲလှယ်ပေးတယ်ဆိုတာကိုလည်း မသိကြတဲ့သူ တွေ များတယ်။ တချို့ဆိုရင် ဗဟိုဘဏ်ဆိုတာကိုတောင် မသိကြတော့ ငွေအကြွေ လဲလှယ်ဖို့ဆိုတာ တော်တော်လေး အခက်တွေ့နေကြတယ်။ အချိန်မပေးနိုင်တာလည်း ပါတာပေါ့။ အကြွေမအမ်းနိုင်လို့ ဈေးမရောင်းလိုက်ရတဲ့ အဖြစ်တွေ၊ ဖောက်သည် လျော့ပြီး အရင်က စောစောစီးစီး ရောင်းကုန်တဲ့ ပစ္စည်းတွေကနေ မြင့်တဲ့အထိ ရောင်းချနေရတာမျိုးတွေ ဖြစ်လာတာများတော့ အောက်ခြေက အခြေခံကျတဲ့ ဈေးသည်တွေမှာ ငွေအကြွေ အခက်အခဲကြောင့် အခက်အခဲတွေ တော်တော်လေး တွေ့လာတာကို နေ့စဉ်ဈေးသွားဝယ်ရင်း တွေ့လာရတယ်။ နောက်တစ်ချက်က ကျန်းမာရေးရှုထောင့်အရပေါ့။ ကလေးငယ်လေးတစ်ဦးက တော်တော်လေးကို ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ပိုက်ဆံလေးကို ဆုပ်ကိုင်ပြီး ကောက်ညှင်းပေါင်း လာဝယ်တယ်။ ဈေးသည်ကလည်း ပိုက်ဆံတွေ သိမ်းလိုက် အမ်းလိုက်နဲ့ ကောက်ညှင်းပေါင်း ထည့်ပေးတယ်။ ခုနက ကောက်ညှင်းပေါင်း ၀ယ်တဲ့ကလေးက ဈေးသည် ထည့်ပေးတဲ့ ကောက်ညှင်းပေါင်းကို ပိုက်ဆံကိုင်လာတဲ့ လက်နဲ့  ကျကျ နန ဆုပ်ကိုင်ပြီး ကောက်ညှင်းပေါင်း ကို လုံးပြီး စားသွားတယ်။ ကျန်းမာရေးအရ မသင့်တော်ပေမယ့် ဒီလိုမျိုး အခြေခံကျန်းမာရေး အသိအမြင်တွေကို မသိရှိသေးကြတဲ့သူတွေ ဘယ်လောက်များနေပြီလဲဆိုတာ မသိနိုင်ပါဘူး။ ငွေအကြွေအခက်အခဲကို တစ်ဖက်တစ်လမ်းက  ဖြေရှင်းမှုအပြင်ကျန်းမာရေးအရလည်း အထောက်ကူပြုနိုင်စေဖို့ ဒီလှုပ်ရှားမှုလေးကို အသင်းအနေနဲ့ ဆောင်ရွက်တာပါ။ တချို့က ပိုက်ဆံအတုတွေလားလို့ ထင်မှတ်တတ်ကြတော့ ပိုက်ဆံ အသစ်နဲ့ အဟောင်းလဲပေးတဲ့နေရာမှာ အသင်းကနေ တာဝန်ခံ လဲပေးတာ ဖြစ်တဲ့ပိုမိုယုံကြည်မှုရှိစေဖို့အတွက် ရည်ရွယ်ပြီး လဲပေးတာပါ" ဟု ဒေါ် နုနုရီက ပြောကြားခဲ့သည်။
    ရန်ကုန်တိုင်းဒေသကြီး အတွင်းပြေးဆွဲနေကြသော ခရီးသည်တင် မော်တော်ယာဉ်များအတွက် တစ်ပတ်လျှင် ငွေအကြွေ ကျပ်သိန်း ၁၅၀ ဖိုး လဲလှယ်ပေးလျက်ရှိရာ တစ်ပတ်လျှင် ယာဉ်တစ်စီးရရှိသည့် ငွေအကြွေမှာ ငွေကျပ် ၁၀၀၀ ကျော် ၂၀၀၀ ၀န်းကျင်ခန့်သာ ရရှိသဖြင့် အခက်အခဲများ ရှိနေဆဲပင်ဖြစ်ပြီး ထပ်မံတိုးမြှင့် လဲလှယ်ပေးနိုင်ရန် အတွက် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။

Artikel Terkait:

0 comments:

Post a Comment