မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘောဖြင့် နိုင်ငံခြား ခရီးသွားများ လာရောက် လည်ပတ်စဉ်
၂၀၁၁ ခုနှစ်တွင် မြန်မာနှင့်ဗီယက်နမ် ကုန်သွယ်ရေး ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်သွားရန် စီစဉ်နေကြောင်းနှင့် ယင်းအစီအစဉ်၌ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းအား မြှင့်တင်နိုင်ရန် ခရီးသွားပတ်စပို့ ကိုင်ဆောင် ထားသူများအား ဗီဇာကင်းလွတ်ခွင့် ပေးမည့် အစီအစဉ်များပါ ပါဝင်ကြောင်း မြန်မာ-ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် Ministry of Industry and Trade မှ ဒုတိယ၀န် ကြီး HE Mr NGYUEN THANH BIEN ၏ ပြောကြားချက်အရ သိရှိရပါသည်။
''၂၀၁၁ ခုနှစ်မှာ ဗီယက်နမ်အစိုးရ အနေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်တာတွေကို ဗီယက်နမ်မှာရော၊ မြန်မာနိုင်ငံမှာပါ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာတော့ နှစ်နိုင်ငံလုံးမှာရှိတဲ့ စီးပွားရေးလုပ် ငန်းတွေမှာ သူ့ကဏ္ဍနဲ့သူ အားသာချက်တွေ အများကြီး ရှိနေပါတယ်။ ဒါတွေကို ပူးပေါင်းဆောင်ရွက်ချင်တာပါ''ဟု kMr.NGYUEN THANH BIEN က ပြောကြားခဲ့ပါသည်။
''ပြီးခဲ့တဲ့ ၂၀၁၀၊ ဧပြီလက ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒါန်း မြန်မာနိုင်ငံကိုလာစဉ်က မြန်မာနိုင်ငံက ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ ကြေညာချက်ထဲမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ သဘောတူခဲ့ကြသလို အဓိကအားဖြင့် အချက် ၁၂ ချက် ပါဝင်ခဲ့ပါတယ်။ ဒီအထဲမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုလည်း အပါအ၀င် အာဆီယံမူဘောင် သဘောတူညီချက်(ASEAN Framework Agreement on Visa Exemption )အရ လက်မှတ်ထိုးခဲ့ကြတဲ့အတိုင်း ordinary passport ကိုင်ဆောင်သူတွေအတွက် ဗီဇာကင်းလွတ်ခွင့် ပေးနိုင်ရေးကိစ္စတွေ ပါဝင်ခဲ့ပါတယ်'' ဟု ဟိုချီမင်း People's Committee မှ မစ္စငုယင်သီဟောင်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း ပြေးဆွဲမှုများအား ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ပြီး လက်ရှိအချိန်တွင် ရန်ကုန်-ဟနွိုင်းနှင့် ရန်ကုန်-ဟိုချီမင်းသို့ ပျံသန်းပြေးဆွဲမှုများ ရှိနေကြောင်း သိရှိရသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်း၊ ဆေးပစ္စည်း ကိရိယာများ၊ ဖိနပ်၊ ချည်ထည်၊ အလှကုန်နှင့် ဓာတုဆေးဝါးများ လုပ်ငန်း၊ အစားအစာ ထုပ်ပိုးသည့် လုပ်ငန်းများ၊ ပလပ်စတစ် လုပ်ငန်းများ၊ ဓာတ်မြေသြဇာ လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်း၊ သွင်းကုန်၊ ထုတ်ကန် လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေကြကြောင်း သိရှိရသည်။
''ပုဂ္ဂလိက ကဏ္ဍကနေ ချိတ်ဆက် ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ UMFCCI ကနေပြီးတော့လည်း အားပေးကူညီ လုပ်ဆောင်ပေးပါတယ်။ အရှေ့အနောက် စီးပွားရေးစင်္ကြ၊ လွတ်လပ်သော ကုန်သွယ်မှု ဒေသ သဘောတူညီချက် အာဆီယံ စီးပွားရေး အ၀န်းအ၀ိုင်း ဆိုတာတွေ ဖြစ်လာရင် ဒီထက် ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပါတယ်''ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သွယ်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
ဗီယက်နမ်-မြန်မာ ကုန်သွယ်မှုမှ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၉၈ သန်း၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၉ သန်းနှင့် ၂၀၀၉-၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂သန်း ရရှိခဲ့ကြောင်း သိရှိရပြီး ၂၀၁၀-၂၀၁၁ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် ဗီယက်နမ်-မြန်မာ ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ရရှိရန် လျာထားကြောင်း သိရှိရသည်။

Artikel Terkait:

0 comments:
Post a Comment