Tuesday, December 28, 2010

ဇေကမ္ဘာကုမ္ပဏီမှ မွန်ပြည်နယ် ကျိုက်မရောတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်

Home Stories - Vol3 No.16
မွန်ပြည်နယ်၊ ကျိုက်မရောတွင် ဇေကမ္ဘာ ကုမ္ပဏီမှ ဘိလပ်မြေ စက်ရုံ ဆောက်လုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ ဦးခင်ရွှေအား လျှပ်တစ်ပြက်မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုသို့တွေ့ဆုံရခြင်း၏ အဓိကအကြောင်း ရင်းမှာ ပြည်ပမီဒီယာများမှ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ နှီးဒုံး၊ ကော့ဒွန်း၊ ကော့ပနော်ကျေးရွာမှ ရွာသားများ၏ ခြံမြေများကို ဇေကမ္ဘာ ကုမ္ပဏီကနေ ဘိလပ်မြေစက်ရုံဆောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့တဲ့အပေါ် လယ်ယာခြံမြေ အသိမ်းဆည်းခံရသူတွေက နေပြည်တော်အထိ တိုင်တန်းမှု ကြောင့် ဒီဇင်ဘာ(၃)ရက်နေ့တွင် လျော်ကြေးပေးနေခဲ့ပြီဟု ဒေသခံများမှ ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် လျော်ကြေးပေးသည့်နှုန်းထားနည်းနေသော ကြောင့် လယ်သမားများကျေနပ်မှုမရှိဟု လယ်သမား အရေးကူညီဆောင်ရွက် ပေးသူ မွန်ဆရာတော်တစ်ပါးက ပြောကြားခဲ့ကြောင်း၊ ''ဧကပေါင်း (၄ဝဝ)နီးပါး လောက်ရှိတယ်။ လယ်သမားတွေကဦးရေ(၃ဝ)ကျော်ကျော်လောက်တော့ ရှိ မယ်။ ဇေကမ္ဘာကုမ္ပဏီကလေ။ နှီးဒုံးကိုဆင်းလာပြီးတော့ သူ့တို့ကလယ်သမား တွေနဲ့ အဲဒီဈေးနှုန်းပေးကြမယ်လို့ သူတို့က ပြောတော့ တစ်ဧကကိုသုံးသိန်းခွဲနဲ့ ယူမလို့တဲ့။ နောက်ပြီးတော့ လယ်သမားတွေကတော့သူတို့က နည်းနည်း, နည်းတယ်ဆိုတော့ သူတို့ကသိပ်ပြီးတော့ မပေးချင်ကြဘူးပေါ့လေ'' လက်ရှိ ပေါက်ဈေးအရလယ်မြေတစ်ဧကလျှင်ရှစ်သိန်းနဲ့ဆယ်သိန်းဝန်းကျင်ရှိနေသည် ဟုလယ်သမားတစ်ဦးက ပြောကြားခဲ့ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီအနေနဲ့ ယခုလို လယ်ယာခြံမြေတွေကိုသိမ်းဆည်းပြီး လျော်ကြေးပေးနေသည်ဆိုသော်လည်း လယ်အသိမ်းခံလယ်သမားများရှေ့ဆက်ဘဝအတွက် ထိခိုက်နစ်နာနေသည်ဟု လယ်အသိမ်းခံသူတစ်ဦးမှပြောကြားခဲ့ကြောင်း၊ ''ဘယ်လို ထိခိုက်မလဲဆိုတော့ လယ်သမားတွေဟာ သူတို့လယ်ကိုပဲအားကိုးပြီးတော့ အသက်ရှင်နေကြတော့ လေ။ မိုးစပါးရော၊ နွေစပါးရော၊ နောက်မြေပဲရော အချိန်မရွေးစိုက်လို့ရတဲ့ အတွက်ကြောင့် ဒီလယ်မရှိဘူးဆိုရင်ဘာလုပ်စားရမလဲ။ ဒီလယ်ကိုအသိမ်းခံရပြီး တော့ တခြားစီးပွားရေးတစ်ခုခုပြောင်းလုပ်ဖို့ကလဲ ကုမ္ပဏီကလျော်ပေးတာ နည်းနည်းပဲဆိုတော့တခြားဘာလုပ်ရမှန်းမသိတော့ဘူး'' (၂ဝ၁ဝ)ခုနှစ်၊ အောက် တိုဘာလလောက်တွင် ဇေကမ္ဘာကုမ္ပဏီအပါအဝင် (၆)ဦးစပ်ကုမ္ပဏီတို့သည် ကျိုက်မရောမြို့နယ်၊ ဘိလပ်မြေစက်ရုံစီမံကိန်းအတွက်ရွာသားများ၏ ခြံမြေဧက (၆ဝဝ)လောက်ကို မြို့နယ်အာဏာပိုင်များနှင့်ပူးပေါင်းပြီးတော့ သိမ်းယူခဲ့ကြောင်း၊ ¤င်းအပေါ်မှာ ဒေသခံရွာသားများမှမကျေနပ်ဖြစ်ပြီး နေပြည်တော်အထိ တက် ရောက်တိုင်ကြားခဲ့ကြောင်း၊ အဆိုပါတိုင်တန်းမှုကြောင့် လယ်ဧက(၄ဝဝ) လောက်သာသိမ်းခဲ့ပြီး သိမ်းဆည်းလယ်မြေအတွက်လျော်ကြေးပေးခဲ့သည် ဟု အကျိုးဆောင်ဆရာတော်မှမိန့်ကြားခဲ့ကြောင်း၊ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ရှိပျားတောင်ကြီးသည် ဘိလပ်မြေထုတ်လုပ်ရန်ကောင်းမွန်သည့် ကျောက်တောင်ဖြစ်သည်ဟု ကွင်းဆင်းလေ့လာခဲ့ဖူးသော ဘူမိဗေဒပညာရှင် များကပြောကြားခဲ့ကြောင်း၊ (၁၉၉၆) ခုနှစ်က အင်ဒိုနီးရှားသမ္မတဆူဟာတို မိသားစုတွေပိုင်ကုမ္ပဏီကနေ ဘိလပ်မြေစက်ရုံဆောက်ရန်အတွက် မြန်မာစစ် အစိုးရနှင့်နှစ်ဘက်သဘောတူညီမှုတွေရှိခဲ့ကြောင်း၊ သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ ပြောင်းလဲသွားသော နိုင်ငံရေးအခြေအနေကြောင့် အဆိုပါဘိလပ်မြေစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ပြန်လည်လုပ်ကိုင်ခြင်းသည် စစ်အစိုးရမှကျော ထောက်နောက်ခံပေးထားသည့် ကုမ္ပဏီဖြစ်သည့်အတွက်ဟု စီးပွားရေးလုပ်ငန်း ရှင်များမှသုံးသပ်ပြောဆိုခဲ့ကြောင်း၊ အလားတူကချင်ပြည်နယ်၊ ဟူးကောင်း ချိုင့်ဝှမ်း ဒေသဘက်တွင်လည်း ဦးဌေးမြင့်ပိုင်ဆိုင်သည့် ယုဇနကုမ္ပဏီမှ ဒေသခံ ပြည်သူများပိုင်ဆိုင်သည့် လယ်မြေဧကနှစ်သိန်းလောက် သိမ်းယူမှုတွေလုပ်ခဲ့ သည်ဟု ဒေသခံများမှပြောကြားခဲ့သည်ဟူ၍ စသည်ဖြင့်ဖော်ပြပါရှိခဲ့သည်။ ထိုသို့ ပြည်ပမီဒီယာများ၏ပြောကြားချက်နှင့်ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဒေါက်တာ ဦးခင်ရွှေအား ရန်ကုန်၊ မင်္ဂလာဒုံဥယျာဉ် မြို့တော်ဇေကမ္ဘာကုမ္ပဏီရုံးချုပ်၌သွားရောက် မေးမြန်းခဲ့ခြင်းဖြစ်သည်။ Q - အန်ကယ်ခင်ဗျာ။ ပြည်ပမီဒီယာတွေက အခုလိုပြောဆိုနေတာနဲ့ ပတ်သက် လို့ အန်ကယ်အမြင်လေး သိပါရစေ။ A -အတ္ထရံ မြစ်နဲ့ နှီးတုန်တောင်ကြားမှာရှိတဲ့ ပေနှစ်ထောင် ကျော်မြေကွက်ကိုစက်ရုံဆောက်ဖို့ စီစဉ် ထားပါတယ်။ ရေမြုပ်တဲ့နေရာဖြစ်တဲ့ အတွက်မိုးတွင်းမှာ စပါးစိုက်လို့မရပါဘူး။ စက်ရုံဆောက်ဖို့အတွက်မြေကြီးအထက် (၁ဝ)ပေထပ်ဖို့ရမှာဖြစ်တယ်။ နောက်ပြီး တော့ နှီးတုံတောင်ဟာ ကျောက်တောင် ကြီးဖြစ်တဲ့အတွက်ဘာမှစိုက်လို့မရပါဘူး။ Q - ဟုတ်ကဲ့ အန်ကယ်ခင်ဗျာ၊ ပြည်ပမီဒီယာတွေမှာပြောပြောနေတဲ့ လယ်သမားတွေ၊ ရွာသားတွေက မကျေနပ်ဘူးဆိုတာနဲ့ပတ်သက်လို့ အန်ကယ်အနေနဲ့ ဘယ်လိုများသုံး သပ်လိုပါသလဲ။ A - ဒေသခံ ရွာသူရွာသားတွေနဲ့ အဲဒီမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းပြီး တစ်ဧကကိုသုံးသိန်းခွဲနစ်နာကြေးပေးပြီး ပါပြီ။ ရှင်းရှင်းပြောရရင်ဗျာ။ ခင်ဗျား သိ တဲ့အတိုင်း ကျွန်တော်ကလည်း လူမှုရေး လုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေ လုပ် တဲ့သူပါ။ အခုလည်းဗိုလ်ချုပ်အုန်းမြင့်က ကျွန်တော့်ကို မွန်ပြည်နယ်မှာ ဖွံ့ဖြိုးတိုး တက်ဖို့အတွက် တာဝန်ပေးထားတယ်။ ကျွန်တော်ကလည်းမွန်ပြည်နယ်သားပဲ။ ဒါကြောင့် မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကျွန်တော်လုပ်ရမယ်။ အခုဆို ရင် မွန်ပြည်နယ်ဘက်မှာ မွန်ပြည်နယ်၊ တနင်္သာရီ၊ ကရင်ပြည်နယ်ဘက်တွေမှာ မြန်မာအလုပ်သမား(၂)သန်းလောက်တစ် ဖက်နိုင်ငံကို တရားမဝင်အလုပ်သွား လုပ်နေတယ်ဆိုတာခင်ဗျားလည်းအသိ ပဲ။ ဒီဘက်မှာအခုဆိုရင်အဲဒီဒေသတွေ မှာယောက်ျားသားတွေမမြင်ရအောင်ရှား နေပြီ။ ကြည့်လိုက်၊ မိန်းမသားတွေ ချည်းပဲ။ ယောက်ျားတွေအားလုံးက တောင်ကျော်ပြီး ဟိုဘက်မှာအလုပ် သွားလုပ်နေကြတယ်။ အဲဒီတော့ ဒီဒေသမှာစီးပွားရေးစက်မှုဇုန်ထူထောင် မယ်ဆိုရင် အဲဒီလူတွေအကုန်လုံးပြန် လာကြမှာ။ ကျွန်တော်ကလည်း အဲဒီ ဒေသကလူတွေကိုဦးစားပေးခန့်မယ်လို့ ပြောထားတယ်။ အဲဒီဒေသမှာ စီးပွား ရေးလုပ်ငန်းတွေဖွံ့ဖြိုးလာရင်စက်မှုဇုန် အောင်မြင်လာပြီဆိုရင်စာသင်ကျောင်း တွေဆောက်ပေးမယ်။ လာမယ့်နွေ ဆိုရင်လည်း အဲဒီအရပ်ဒေသမှာ ရှင်ပြု ရဟန်းခံတွေလုပ်ပေးမယ်။ မွန်ဇာတ် တွေလည်း သွင်းပေးမယ်။ အဲဒါ ကျွန် တော့်စေတနာတွေပဲ။ လယ်သမားတစ်ဦးဟာ အရင်တုန်းက (၁ဝ)ဧကပိုင် တယ်ဆိုရင် သူ့မှာသားသမီး(၄)ယောက်ရှိရင် အဲဒီသားသမီး(၄)ဦး ဟာတစ်ယောက်ကို(၂)ဧကခွဲပဲပိုင်တယ်။ အဲဒီအတိုင်းအတာနဲ့ဆိုရင် စားဝတ် နေရေးက နောင်ကြာလာတဲ့အခါ မိသားစုအတွက် အခက်အခဲဖြစ်မယ်။ အဲဒီ ဒေသမှာ စက်မှုဇုန်ထူထောင်ရင် အဲဒီဒေသကလူတွေအများကြီးအလုပ်အကိုင် ရမယ်။ လူပေါင်းထောင်နဲ့ချီပြီး စားဝတ်နေရေးပြေလည်မယ်။ Q - အန်ကယ်ခင်ဗျား။ အဲဒီဒေသမှာ လယ်မြေ(၁)ဧကကို (၈)သိန်း (၁ဝ)သိန်းရှိတယ်လို့ ပြည်ပ မီဒီယာတွေကပြောတာနဲ့ပတ်သက် ပြီး ရှင်းပြပေးပါခင်ဗျား။ A - မဖြစ်နိုင်ပါဘူး။ လယ်မစိုက်တဲ့နေရာတွေမှာ ဘယ်လိုလုပ် အဲဒီဈေးပေါက်မှာလဲ။ ဒါနိုင်ငံရေးနဲ့ ထိုးနှက် တိုက်ခိုက်တာပဲဖြစ်တယ်။ Q - လယ်သမားတွေက မကျေနပ်ဘူးလို့ ပြောနေတာနဲ့ ပတ်သက် ပြီးတော့ အန်ကယ် ဘယ်လိုများပြောလိုပါသလဲ။ A - အဲဒါမဟုတ်ဘူး။ ပိုက်ဆံပေးတာနဲ့ပတ်သက်ပြီးတော့ အားလုံးကို နစ်နာကြေးထုတ်ပေးပြီးသွားပြီ။ တကယ်တော့ အဲဒါဟာ နိုင်ငံတော်ကသီးစား ချထားတာပါ။ နိုင်ငံတော်အနေနဲ့ဆိုရင်အဲဒီလောက်ဘယ်ပေးပါ့မလဲ။ ကျွန်တော် ကိုယ်တိုင်က လယ်သမားသားသမီးက မွေးဖွားလာတာဖြစ်တယ်။ လယ်သမား တွေမနစ်နာစေဖို့ (၁)ဧကကို(၃)သိန်းခွဲ နစ်နာကြေးထုတ်ပေးခဲ့တယ်။ ဟုတ်တယ် မဟုတ်ဘူး၊ ခင်ဗျားကိုယ်တိုင်သွားကြည့်ရင်သိပါလိမ့်မယ်။ သိမ်းတယ်ဆိုတဲ့ အလုပ် ကျွန်တော်ဘယ်တော့မှမလုပ်ဘူး။ Q - အန်ကယ်ခင်ဗျား။ လယ်သမားတွေက နေပြည်တော်ကိုတိုင် တယ်ဆိုတာ မဟုတ်ဘူးပေါ့။ A - ကျွန်တော်နစ်နာကြေးပေးပြီးမှ နေပြည်တော်ကိုတိုင်တယ်တန်း တယ်ဆိုတဲ့အသံတွေ ထွက်လာတာပါ။ အဲဒီနေရာက မိုးတွင်းဆိုရင် တကယ် တမ်းစိုက်လို့မရဘူး။ အတ္ထရံမြစ်ရေက မိုးတွင်းဆိုရေငံဝင်တယ်။ နွေမှာလာ စိုက်လို့ရတယ်။ Q - ဘိလပ်မြေလိုအပ်ချက်က တစ်နှစ်ကိုဘယ်လောက်ရှိပါသလဲ။ A - ဘိလပ်မြေက တစ်နှစ်ကို(၂)သန်းလောက်ပဲထုတ်နိုင်တဲ့ဒေသတွေ ဖြစ်တယ်။ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုရင် ဘိလပ်မြေအများ ကြီးလိုတယ်။ နိုင်ငံတော်လိုအပ်ချက်က ဘိလပ်မြေတစ်နှစ်ကို (၄)သန်းလို တယ်။ အဲဒီဒေသမှာ ရွှေ့ပြောင်းအလုပ်သမားတွေ တစ်နှစ်ကို (၂)သန်းကျော် လောက် ဟိုဘက်နိုင်ငံကိုသွားအလုပ်လုပ်တဲ့အတွက် နှစ်နိုင်ငံအကြားမှာ ပြဿနာတွေရှိတယ်။ အခုချိန်အထိတောင်ရှင်းလို့မရတဲ့ပြဿနာ တွေရှိတယ်။ ခင်ဗျားတို့ဂျာနယ်မှာတောင် ဆရာဝင်းနိုင်ထွန်းက ရွှေ့ပြောင်းအလုပ်သမားတွေ အကြောင်းအခန်းဆက်ရေးဖူးတယ်မဟုတ်လား။ ဘိလပ်မြေစက်ရုံသာထူ ထောင်နိုင်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ နှစ်နိုင်ငံအကြားအလုပ်သမား ပြဿနာ တွေရှင်းသွားမယ်။ အဲဒီဒေသတွေလည်း ဖွံ့ဖြိုးတိုးတက်လာ မယ်''ဟူ၍ ရှင်းလင်းပြောကြားခဲ့သည်။


Artikel Terkait:

0 comments:

Post a Comment