၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းအထိ ပဲမျိုးစုံတန်ချိန်ငါးသိန်းကျော်အား ပင်လယ်ရေကြောင်းမှ တင်ပို့ပြီးဖြစ်ကြောင်းနှင့် ဘဏ္ဍာနှစ်၏ ကျန်ရှိနေသောကာလ ဖြစ်သည့်ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့်မတ်လတို့တွင် ပိုလျှံ သောပဲများနှင့် အသစ်ထွက်ရှိလာမည့် ပဲမျိုးစုံတို့တင်ပို့နိုင်ရေး ပဲမျိုးစုံအထူးပြုကုမ္ပဏီများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့မှ ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း(၁၇)ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
အလားတူ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံတင်ပို့နိုင်မှုသည် ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၀ ဒသမ ၅၅သန်း ရှိခဲ့ရာမှ ၂၀၀၆ -၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၀၉-၂၀၁၀ဘဏ္ဍာရေးနှစ်အထိ ပြည်ပသို့ နှစ်စဉ်တန်ချိန် တစ်သန်းကျော်တင်ပို့ နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။
"ပြည်ပကို ပဲမျိုးစုံတင်ပို့မှုဟာ ၂၀၁၀ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ တန်ချိန် ၀ ဒသမ ၅၂၆ သန်းကျော် ရှိခဲ့ပါတယ်။ ဒီဘဏ္ဍာနှစ်ရဲ့ ကျန်တဲ့ကာလတွေမှာလည်း ပိုလျှံတဲ့ပဲတွေနဲ့ အသစ်ထွက်လာမယ့် ပဲတွေကို တင်ပို့နိုင်ရေးကို ပဲမျိုးစုံအထူးပြုကုမ္ပဏီ တွေ၊ ပဲတင်ပို့နေသူတွေနဲ့ UMFCCI တို့က ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အထက်ပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပဲမျိုးစုံ ပြည်ပတင်ပို့မှုနှင့် စပ်လျဉ်းပြီး "ပဲမျိုးစုံ အထူးပြုကုမ္ပဏီတွေ ဖွဲ့စည်းပြီးတောင်သူတွေကို သွင်းအားစုတွေ ပံ့ပိုးဆောင်ရွက်နေပေမယ့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုဟာ ထူးထူးခြားခြား တိုးတက်လာခြင်း မရှိသေးပါဘူး။ နှစ်စဉ်ပဲမျိုးစုံတန်ချိန် တစ်သန်းကျော်ကနေ တစ်သန်းခွဲ သာသာပဲ ပြည်ပကို တင်ပို့နိုင်ပါသေးတယ်။ ဒါကြောင့် လက်ရှိပဲမျိုးစုံ အထွက်နှုန်း တိုးတက်လာအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာအရေး ပါလာပါပြီ၊ တောင်သူတွေ လက်ရှိ သုံးစွဲနေတဲ့မျိုးတွေကြောင့် အထွက်နှုန်း လျော့ရတယ်ဆိုရင်လည်း အထွက်နှုန်းကောင်းတဲ့မျိုးတွေ သုံးဖို့လိုအပ်ပါတယ်၊ ဒါ့အပြင် အထွက်နှုန်းကောင်းတဲ့နည်း စနစ်တွေသုံးဖို့လည်း လေ့လာပညာ ပေးဖို့လိုပါတယ်"ဟု အဆိုပါတာဝန် ရှိသူကဆက်လက် ပြောကြားခဲ့သည်။
"လတ်တလော ပဲဈေးကွက်အခြေအနေကို သုံးသပ်ရင် ပုံမှန်လို့ပြောလို့ရတယ်။ ပြီးခဲ့တဲ့အပတ်က ရောင်းဝယ်မှုလည်း ပုံမှန်ရှိခဲ့တယ်။ ဒါပေမယ့် စနေနေ့မှာ အစည်းအဝေးလုပ်လို့ အဲဒီနေ့မှာတော့ အရောင်းအ၀ယ်အေး သွားတယ်။ ပဲစင်းငုံကတော့ အခု နောက်ပိုင်း တဖြည်းဖြည်း အိဆင်းလာတယ်။ အခုဆိုရင် တစ်တန်ကို အဟောင်းက အမေရိကန်ဒေါ်လာ ၄၃၀ နဲ့ ၄၄၀ ကြားပဲရှိတော့တယ်။ အသစ်ကတော့ အမေရိကန်ဒေါ်လာ ၄၆၀ နဲ့ ၄၇၅ လောက်ရှိနေတယ် ကုန်ခဲ့တဲ့လတွေကဈေးမကောင်းပေ မယ့် အမေရိကန် ဒေါ်လာ ၆၀၀ ၀န်း ကျင်လောက် ရှိခဲ့တယ်။ အဓိက ကတော့ အိန္ဒိယဈေးကွက်ကအ၀ယ် မလိုက်တာပါပဲ။ ပဲတီစိမ်းကတော့ အိန္ဒိယဈေးကွက်တစ်ခုတည်း အမှီ ပြုတာမဟုတ်ပဲ တရုတ်ကိုလည်း တင်ပို့မှုအထိုက်အလျောက်ရှိနေတော့ ဈေးထိုးကျတာမျိုးမရှိဘူး။ အရင် ထက်နည်းနည်းကျတယ်ဆိုပေမယ့် တစ်တန်ကို ၉၀၀ ကျော်လောက် မှာရှိနေပါသေးတယ်"ဟု ကုန်စည်ဒိုင်မှ ပဲလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ ကုန်စည်ဒိုင်ပေါက်ဈေးများမှာ မတ်ပဲ RCှာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၈ ဒေါ်လာမှ ၆၃၅ ဒေါ်လာကြားနှင့် SQRC တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၈၀ ၀န်းကျင်ရှိနေကြောင်း၊ ပဲတီ စိမ်း (ခရမ်းရွှေဝါ) ၆၀ ပိဿာလျှင် ကျပ် ၉၅၀၀၀ နှင့် ကျပ်တစ်သိန်းကြား ပဲစင်းငုံနီ အသစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀ နှင့် အဟောင်း တစ်တန်လျှင် ၄၂၅ ဒေါ်လာမှ ၄၃၅ ဒေါ်လာကြား ရှိကြောင်း သိရသည်။
Artikel Terkait:




0 comments:
Post a Comment