
လတ်တလောအချိန်တွင် ပြည်ပပို့ကုန်မှ ရငွေဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးနဲ့ နှိုင်းယှဉ်ပါက မြင့်တက်နေကြောင်းနှင့် ယင်းကဲ့သို့ မြင့်တက်နေသော်လည်း ပြန်လည် ကျဆင်းလာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်း၏ ပြော ကြားချက်များ အရ သိရှိရသည်။
''လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျောက်မျက်ပွဲ ပြီးသွားတဲ့အတွက် ရောင်းရငွေက စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၄ ဘီလျံ ရရှိတယ်လို့ သိရှိရတယ်။ ဒီငွေတွေက သုံးလအတွင်း ပြည်ပပို့ကုန်မှ ရငွေအဖြစ်နဲ့ ဈေးကွက်ထဲကို ပြန်ဝင်မှာဆိုတော့ လက်ရှိမှာ ပို့ကုန်ရငွေ ဈေးမြင့်နေတာဟာ ခဏပဲ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ ဒီနှစ်ထဲမှာ ပြည်တွင်းဈေးကွက်ထဲကို Hot Money တွေ ၀င်လာတာ ရှိတယ်လို့ သိရတယ်။ လက်ရှိ အခြေအနေမှာ အမေရိကန်ဒေါ်လာဈေးနဲ့ Earning ဈေးဟနေတော့ ထပ်ဝင်လာတဲ့ အရိပ်အယောင်မျိုးတော့ မတွေ့ရသေးဘူး။ တစ်နည်းအားဖြင့် Earning ကိုင်ထားတဲ့လူက လိုက်ရောင်းနေတဲ့ ပုံစံမျိုးလည်း မတွေ့ရဘူး။ ကောင်းကောင်းလေး ထိန်းချုပ်ထားနိုင်တာ တွေ့ရတဲ့ အတွက် ဒေါ်လာဈေးကျပေမယ့် Earning ဈေးက သိပ်မကျဘူး။ လောလောဆယ် Export နည်းပြီး Import များနေတော့ Earning လိုနေတာတော့ အမှန်ပါပဲ။ တစ်ခုရှိတာက အမေရိကန်ဒေါ်လာပေါက်ဈေးကို ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ပြီးမှ Earning ဖြစ်တာဆိုတော့ အခု လက်ရှိပေါက်ဈေးထက် နှိုင်းယှဉ်ရင် ၉၈၀ ၀န်းကျင်လောက် ဖြစ်လာရမယ့် အနေအထားမှာ ၉၂၅ ကျပ်နဲ့ ရောင်းနိုင်တယ်ဆိုတော့ ဒါကလည်း အခြေအနေ တစ်ရပ်ပါပဲ။ ဈေးကွက် အခြေအနေကို ကျွန်တော်တို့တော့ သိပ်မခန့်မှန်းတတ်ဘူး ဖြစ်နေပါတယ်''ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
''အခုတလော ဒေါ်လာဈေးနဲ့ Earning ဈေးက ဟနေတယ်။ အရင်တုန်းက သိပ်မဟဘူး။ တစ်ဆယ်ကနေ နှစ်ဆယ်လောက်ပဲ ကွာတယ်။ ဒါတောင် ဒီနှစ်မှ ကွာသွားတာ။ အရင်နှစ်တွေက ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကွာတယ်။ သိသာတာ တစ်ခုက ကျောက်မျက်ပွဲ ပြီးကာမှ အမေရိကန် ဒေါ်လာဈေးနဲ့ ပို့ကုန်ဈေးက ဟလာတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ပေါက်ဈေးက အမေရိကန် ဒေါ်လာ တစ်ဒေါ်လာကို ၈၇၅ ကျပ်၊ ဒါပေမယ့် earning ဈေးက ၉၂၅ ကျပ်ဆိုတော့ ၅၀ လောက် ကွာနေ တယ်''ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။ ထိုသို့ earning ဈေးမြင့်နေပြီး အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကွာဟနေသော်လည်း ယင်းကဲ့သို့ မြင့်တက်မှုများသည် ယာယီသာ ဖြစ်နိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အချို့ကလည်း သုံးသပ်ကြသည်။
''လွန်ခဲ့တဲ့အပတ်က ကျောက်မျက်ပွဲက ရတဲ့ငွေက အတော်များတယ်လို့ ကြားရတယ်။ ဒီငွေတွေ ပြန်ဝင်လာရင် earning ဈေးက ပြန်ကျနိုင်ပါတယ်။ ပြန်မကျဘူး ဆိုလို့ရှိရင်တော့ လောလောဆယ်မှာ သွင်းကုန်သမားတွေ အခြေအနေကောင်းနေ ပေမယ့် သွင်းကုန်သမားတွေ အတွက်လည်း ဈေးကြီးပေးဝယ်ရရင် သိပ်ကိုက်တော့မှာ မဟုတ်ဘူး။ ငွေကြေးကစားနိုင်တဲ့ လူတွေအများကြီး သိုလှောင်ထားနိုင်တဲ့ လူတွေအတွက်တော့ အကျိုးပိုရှိမှာပါ''ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။
''သိရသလောက် ကျောက်ပွဲက ငွေတွေက ဈေးကွက်ထဲ မ၀င်သေးပါဘူး။ အခုကိုင်ထားနိုင်တဲ့သူက ထိန်းထားလို့ ဖြစ်နေတာလို့ ထင်တယ်။ ကျောက်လုပ်ကွက်တွေကတော့ တစ်နှစ်တစ်ခါ ပြန်ပြီး လေလံဆွဲရတယ် ဆိုပေမယ့် ဖေဖော်ဝါရီ၊ မတ် လောက်မှဆိုတော့ ဒီကြားထဲ တစ်လလောက် အချိန်ရနေသေးတယ်။ နောက်ပြီး အခု ပွင့်လင်းရာသီ ရောက်လာတော့ သူ့အတိုင်းအတာနဲ့သူ ကုန်ပစ္စည်းတွေ သွင်းလာကြတာလည်း ရှိတယ်။ နောက်ဆုံးတော့ လုပ်ငန်းရှင် ဆိုပေမယ့် လက်ထဲမှာ အများကြီးရှိတဲ့လူက ပြန်မရောင်းဘဲ တင်းထားနိုင်တယ် ဆိုတော့ အခုတလောမှာ တက်နေတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဆို ၉၃၇ ကျပ်အထိ တက်သွားတယ်။ အခုထိတော့ ကျောက်ပွဲက ငွေတွေ မ၀င်သေးဘူး။ ကျောက်တွေလည်း မသယ်ရသေးဘူး။ အဲဒီငွေတွေ ၀င်လာရင်တော့ ပြန်ကျသွားနိုင်တယ်''ဟု ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
Artikel Terkait:
0 comments:
Post a Comment