Monday, December 20, 2010

ဝင်ငွေခွန်နှင့်ပတ်သက်၍ ပင်ရင်းမှ ဖြတ်တောက်ပေးသွင်းရန် အခွန်အား ကောက်ခံသွားမည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာ

Eleven Media Group. 19, 12, 2010
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် တည်ဆဲဝင်ငွေခွန် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(င)ပါ ပြဋ္ဌာန်းချက်နှင့်အညီ အမိန့်ကြေညာစာအမှတ် (၄၁/၂၀၁၀) အား ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်ကြေညာစာအရ ၀င်ငွေခွန်နှင့် ပတ်သက်၍ ပင်ရင်းမှ ဖြတ်တောက်သည့် အခွန်ငွေ (Withholding Tax) အား စည်းကြပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အမိန့်ကြေညာစာအရ တည်ဆဲဥပဒေတစ်ရပ်အရ ဖွဲ့စည်းမှတ်ပုံတင်ထားသော အဖွဲ့အစည်းများ၊ အစုစပ် လုပ်ငန်းများ၊ ကုမ္ပဏီများပါ အကျုံးဝင်ကြောင်း သိရသည်။
''UMFCCI ကနေ တစ်ဆင့် လုပ်ငန်းရှင်တွေဆီ ရောက်နေပါပြီ။ အဓိကကတော့ Withholding Tax ပေးရမယ် ဆိုတဲ့ အကြောင်းကြားစာပါ။ လက်ရှိမှာ အခွန်သုံးမျိုး ကောက်ခံနေတာ ရှိတယ်။ ကုန်သွယ်ခွန်၊ ၀င်ငွေခွန်ရယ်၊ အမြတ်ခွန်ရယ် ရှိတယ်။ အဲဒီမှာ ကုန်သွယ်ခွန်က ASEAN Free Trade Area နဲ့ ပတ်သက်ပြီး ၂၀၁၅ မှာ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းကို လျော့ချရမှာဆိုတော့ အဲဒီအစား အခု Withholding Tax ကို ကောက်တာလို့ နားလည်ပါတယ်။ ဒီထုတ်ပြန်ချက်အရ သွင်းကုန်သမားတွေက အခွန်ပေးရမှာပါ။ အခွန်မပေးဘဲ LC ဖွင့်လို့ရမယ် မထင်ဘူး။ သူက ၁၀၀ ကို ၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဖြတ်မှာပါ။ LC ဖွင့်ခနဲ့တော့ မဆိုင်ပါဘူး။ LC ဖွင့်ခက ဘဏ်ကိုပေးရမှာ။ ဒါက အခွန်ဌာနကို ပေးရမှာပါ။ ဥပမာ သွင်းကုန်လုပ်ငန်းတစ်ခု ဆိုပါတော့၊ ဒေါ်လာ တစ်သန်းဖိုး သွင်းတယ် ဆိုပါစို့။ သွင်းတဲ့သွင်းကုန်မှာ စည်းကြပ်မှာ၊ လတ်တလော နားလည်တာက ပြည်ပနဲ့အရောင်းအ၀ယ် ကိစ္စတွေ အကျုံးဝင်လိမ့်မယ်''ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
''အခုပြောတဲ့ ပင်ရင်းငွေက ဖြတ်တောက်ငွေ ဆိုတာက ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က အတည်ဖြစ်ပေမယ့် နှစ်ကုန်ခါနီးမှ အကောင်အထည်ဖော်မယ့် သဘောပါ။ အခွန်ကောက်တဲ့ သဘောပါပဲ။ တချို့ကတော့ ASEAN Free Trade မတိုင်ခင် ကြိုပြင်ထားတဲ့ သဘောလို့လည်း ပြောကြတယ်''ဟု စီးပွားရေးပညာရှင် တစ်ဦးက ပြောပြခဲ့သည်။
''ယေဘုယျဆိုရင် ပို့ကုန်သမားတွေက ၁၀ ရာခိုင်နှုန်း ပေးနေရတယ်။ အဲဒီ ၁၀ ရာခိုင်နှုန်းဟာ ဘယ်တုန်းက စခဲ့တယ် ဆိုတာတော့ သေသေချာချာ မသိရပါဘူး။ အခု ပင်ရင်းငွေကနေ ဖြတ်တောက်မယ် ဆိုတာဟာ သွင်းကုန်ပေါ်ကကောက်မှာ၊ သွင်း ကုန်အပေါ်မှာ တခြား အခွန်တွေအပြင် ဒါတွေကို ထပ်ကောက်မယ့် သဘောပေါ့။ သွင်းကုန်သမားတွေ အတွက် အခက်အခဲ တွေ့နိုင်တယ်လို့ ယူဆရပါတယ်။ လွှတ်တော်ထဲမှာတော့ အမတ်တွေ ပြောစရာ ဆွေးနွေးစရာ ဖြစ်လာလိမ့်မယ်''ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။
''Withholding Tax ဆိုတာ ပင်ရင်းမှ နှုတ်ယူပေးသွင်းတဲ့ အခွန်၊ ပြောရရင် ၀င်ငွေခွန်ပါပဲ။ ဆိုလိုတာက လုပ်ငန်းရှင် အချင်းချင်း ငွေအပေးအယူလုပ်ရင် ပေးရမယ့်သူက ငွေထုတ်ပေးတဲ့ အချိန်မှာ ထုတ်ပေးတဲ့ ငွေနဲ့စပ်လျဉ်းပြီး ကျသင့်တဲ့ ၀င်ငွေခွန် ကို တစ်ခါတည်း ဖြတ်ထားပြီး သူ့နာမည်နဲ့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ပြည်ပကဆိုရင်တော့ သွင်းကုန်အပေါ်မှာ ၃ ဒသမ ၅ ရာခိုင်နှုန်း ကောက်မယ်။ ပြည်တွင်းမှာ ဆိုရင်တော့ သုံးရာခိုင်နှုန်းပဲ ကောက်မယ်''ဟု ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ပါသည်။
အဆိုပါ အမိန့်ကြေညာစာအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၁၀-၃-၂၀၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။


Artikel Terkait:

0 comments:

Post a Comment