စစ်တွေဆိပ်ကမ်းကို မြင်တွေ့ရစဉ်
မြန်မာနိုင်ငံအတွင်း နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရန် စူးစမ်းလေ့လာမှု မြင့်တက်နေပြီး နိုင်ငံရေး တည်ငြိမ်မှု အခြေအနေ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း၊ စီးပွားရေး၊ ကုန်သွယ်ရေး မူဝါဒများ၊ တရားဥပဒေနှင့် တရားစီရင်ရေး စနစ် တို့ကို စုံစမ်းမေးမြန်းမှု အများဆုံး ပြုလုပ်လျက် ရှိကြောင်း အဆိုပါ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
''၂၀၁၀ တစ်နှစ်လုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အ၀င်အထွက် များနေတယ်။ ယေဘုယျအနေနဲ့ ပြောရင် မြန်မာပြည်မှာ မြှုပ်နှံဖို့ ပိုစိတ်ဝင်စားလာတဲ့ သဘောရှိတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ စွမ်းအင် တို့လို သယံဇာတဘက်မှာ ရင်းနှီးသူ တွေကလွဲလို့ တခြား ကုန်ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ စက်မှုလုပ်ငန်းတို့မှာ ၀င်လုပ်ချင်သူတွေကတော့ ရှားနေတုန်းပဲ။ စိတ်ဝင်တစားတော့ မေးမြန်းကြတယ်။ ဒါပေမယ့် လက်တွေ့မြှုပ်နှံဖို့တော့ သူတို့အတွက် ချိန်ဆနေကြတုန်းပဲလို့ ယူဆတယ်။ အခု နိုင်ငံခြားလုပ်ငန်း တချို့က အစိုးရနဲ့ပဲ တွဲဖက်မြှုပ်နှံလို့ရတဲ့ လုပ်ငန်းတွေကို စိတ်ဝင်စားသလို ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ စက်မှုလုပ်ငန်းတွေလုပ်တဲ့ နိုင်ငံခြားလုပ်ငန်း တချို့က ပုဂ္ဂလိကနဲ့ တွဲလုပ်ဖို့ စိတ်ဝင်စား လာတာ တွေ့ရတယ်''ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။
ထိုသို့ နိုင်ငံခြားလုပ်ငန်းများ အနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရန် စုံစမ်းလေ့လာမှု ပြုလုပ်ရာတွင် အစိုးရဌာန ဆိုင်ရာများသို့ တိုက်ရိုက်မေးမြန်းခြင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး ဖြစ်သော နိုင်ငံခြားလုပ်ငန်းများ၏ ထင်မြင်ချက်များ ရယူခြင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အချို့နှင့် တိုင်ပင်နှီးနှောခြင်းများ ပြုလုပ်သည့် အပြင် ကမ္ဘာ့အဆင့် အဖွဲ့အစည်းများ၏ သုံးသပ်ချက်များကိုပါ ထည့်သွင်းချိန်ဆကြောင်း သိရပါသည်။
''နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဒေါ်လာနဲ့ဝင်ငွေ ပြန်ရနိုင်တဲ့ လုပ်ငန်းတွေပဲ လုပ်တာများတယ်။ အဓိကကတော့ ပြည်တွင်းဈေးကွက် အနေအထားနဲ့ ပတ်သက်မှု မရှိအောင်၊ ငွေလဲလှယ်မှုနှုန်းထား အပြောင်းအလဲတွေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး ထိန်းချုပ်မှုတွေကနေ အတိုင်းအတာ တစ်ခုထိ လွတ်ကင်းအောင် ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ထွက်ကုန်တွေကို ကြည့်ရင် ငွေမာနဲ့ဝင်ငွေ ပြန်ရနိုင်တာကို တွေ့ရတာများတယ်။ သယံဇာတလုပ်ငန်းတွေ များတဲ့အတွက် ပြည်တွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ ငွေကြေးလည်ပတ်မှု၊ စီးပွားရေး တိုးတက်မှု တို့ကို ဖွံ့ဖြိုးစေတာ နည်းပေမယ့် ဒီလိုမြှုပ်နှံမှုက အစိုးရရဲ့ ဘဏ္ဍာငွေကိုတော့ တိုးတက်စေနိုင်တယ်''ဟု အငြိမ်းစား စီးပွားရေး ပါမောက္ခတစ်ဦးက ထင်မြင်ချက်ပေးသည်။
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် ၀င်ရောက် ရင်းနှီးထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများစုမှာ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများနှင့် အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်သောကြောင့် နိုင်ငံရေး တည်ငြိမ်မှုနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေသည် အဓိက ကျကြောင်း၊ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံ အချို့တွင် ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်မှုသည် အတိုင်းအတာ တစ်ခုအထိ စွန့်စားမှု ပြုလုပ်ရသောကြောင့် အဆိုပါနိုင်ငံရှိ တရားဥပဒေ ပြဋ္ဌာန်းချက်များ၊ တရားစီရင်ရေး စနစ်များမှာ နိုင်ငံတကာ အဆင့်အတန်း မီ မမီနှင့် ခိုင်မာမှု ရှိ မရှိကို လေ့လာဆန်းစစ်ကြကြောင်း စီးပွားရေး ပညာရှင်များက ရှင်းပြပါသည်။
''နိုင်ငံခြား လုပ်ငန်းတွေက သူတို့ စိတ်ဝင်စားတဲ့ နိုင်ငံတစ်ခုက စီးပွားရေးမူဝါဒ အပြောင်းအလဲတွေ၊ နိုင်ငံရေး အခြေအနေတွေကို အမြဲ စောင့်ကြည့်နေတယ်။ သူတို့ လုပ်နိုင်တဲ့ အနေအထားမျိုး ဖြစ်ရင် မြှုပ်နှံမှာပဲ။ ဥပမာ သယံဇာတဘက်မှာ မြှုပ်နှံမှ အကျိုးရှိမယ် ဆိုရင် အရှုံးခံပြီး တခြားဘက်မှာ ရင်းနှီးမှာ မဟုတ်ဘူး။ ဒါကြောင့် ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း တို့မှာပါ နိုင်ငံခြားလုပ်ငန်းတွေ ၀င်ရောက်ချင်အောင် လုပ်ပေးဖို့ လိုတယ်။ လက်တွေ့ပိုင်းမှာ ကြုံတွေရတဲ့ အခက်အခဲ၊ ပြဿနာတွေ လျော့နည်းလာအောင် သူ့ဘက်ကိုယ့်ဘက် မျှတတဲ့ ဖြေလျော့မှုတွေ လုပ်သင့်တယ်''ဟု စီမံခန့်ခွဲမှုပညာ ပါမောက္ခတစ်ဦးက သုံးသပ်ခဲ့ပါသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းသည် ယေဘုယျအားဖြင့် လုပ်ခနည်းခြင်းနှင့် ဈေးကွက်လက်ဦးမှု ရယူလိုခြင်းကြောင့် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ဒေသခံ ပြည်တွင်း ဈေးကွက်နှင့် လျှပ်စစ်မီး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ အိုးအိမ်အဆောက်အအုံ၊ မြေယာ၊ ဒေသခံများ၏ လူမှုစီးပွားရေး အခြေအနေ စသည့် အခြေခံ အဆောက်အဦ အရည်အသွေး တို့ကိုပါ ဆန်းစစ်လေ့ရှိပြီး အားနည်းချက် ရှိပါက နိုင်ငံများတွင် စက်မှုလုပ်ငန်း၊ လူသုံးကုန်၊ စားသုံးကုန် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှု လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျှင် ကနဦး ကုန်ကျစရိတ် ပိုမို မြင့်မားနိုင်သောကြောင့် သယံဇာတ အခြေခံ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုသာ မြှုပ်နှံကြကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖြစ်စဉ် အချို့
- ၁၇ ရာစုမှ ၁၉ ရာစု အလယ်ပိုင်း - ၁၇ ရာစု အစပိုင်းတွင် မြန်မာဘုရင်များ၏ ခွင့်ပြုချက်ဖြင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွင် စတင် မြှုပ်နှံခဲ့သည်။ အဆိုပါ သင်္ဘောတည်ဆောက်မှုကို မြန်မာနိုင်ငံမှ ထွက်ရှိသော ကျွန်းသစ်ဖြင့် တည်ဆောက်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ ရောင်းချခဲ့သည်။
- ၁၉ ရာစု အလယ်ပိုင်း - ဗြိတိသျှ၏ ကိုလိုနီ ပြုခံရပြီးနောက် ကိုလိုနီ အစိုးရနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အခြေချလာပြီး နိုင်ငံရပ်ခြား လုပ်သားများပါ အများအပြား ၀င်ရောက်လာသည်။ အင်္ဂလိပ်၊ ပြင်သစ် အပါအ၀င် ဥရောပ ကုမ္ပဏီများက ဆန်စပါးနှင့် ဆန်စက်လုပ်ငန်းများတွင် ၀င်ရောက် မြှုပ်နှံခဲ့ကြပြီး မြန်မာနိုင်ငံသည် ဆန်အများဆုံး တင်ပို့ရောင်းချသော နိုင်ငံ ဖြစ်လာသည့်အပြင် အရှေ့တောင်အာရှတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးရသော နိုင်ငံတစ်ခုလည်း ဖြစ်သည်။ သို့သော် ထိုသို့ ကုန်သွယ်မှုမှ ရရှိသော ၀င်ငွေများ၊ ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော မြတ်စွန်းမှုများမှာ နိုင်ငံခြား ကုမ္ပဏီ အများစု၏ ၀င်ငွေများ ဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ အနေဖြင့် ရရှိလာသည့် အသီးအပွင့်များကို ခံစားခွင့် မရရှိဟု ယူဆသတ်မှတ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်ခါးသီးသော အမြင်များ အားကောင်းလာသည်။
- ၁၉၄၅ - ဒုတိယကမ္ဘာစစ် အပြီးတွင် ဗြိတိသျှ အစိုးရက ထောက်ပံ့ပေးထားသော စီမံကိန်းကော်မတီမှ တစ်ဆင့် အဓိက နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ ပြန်လည် တည်ထောင်ပြီး ဆက်လက် လည်ပတ်ခဲ့သည်။
- ၁၉၄၈ - လွတ်လပ်ရေး ရရှိပြီးနောက် ပါလီမန် အစိုးရက အမြတ်ရရှိမှု များပြားသော အဓိက စီးပွားရေးလုပ်ငန်း(ကျွန်း၊ သယ်ယူပို့ဆောင်ရေး) အချို့ကို ပြည်သူပိုင် သိမ်းခဲ့သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အသိအမှတ် ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆက်လက်ခွင့်ပြုသည်။
- ၁၉၅၅ - နိုင်ငံခြား လုပ်ငန်းများနှင့် ပြည်တွင်းလုပ်ငန်းများကို သတ်မှတ်ထားသော စက်မှုကုန်ထုတ် လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ရေးဆွဲပြဋ္ဌာန်းသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် ၁၀ နှစ်အတွင်း ပြည်သူပိုင် မသိမ်းဟု အာမခံခဲ့ပြီး အခွန်ကင်းလွတ်ခွင့်၊ အမြတ်ထုတ်ယူခွင့်၊ နိုင်ငံခြားငွေ လွှဲပြောင်းခွင့်၊ အရင်းအနှီး ပြန်လည်ထုတ်ယူခွင့်များ ပေးသည်။ ၁၉၆၄ ခုနှစ်အထိ အောင်မြင်စွာ လည်ပတ်နိုင်ခဲ့သည်။
- ၁၉၆၄ - ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်း၍ တက်ရောက်လာခဲ့သော ဆိုရှယ်လစ် အစိုးရက ၁၉၆၄ ခုနှစ်၌ နိုင်ငံခြားလုပ်ငန်းများနှင့် ပြည်တွင်းလုပ်ငန်းများကို ပြည်သူပိုင် သိမ်းခဲ့သည်။
- ၁၉၈၈ မှ ၂၀၁၀ ပြည့်နှစ် - လက်ရှိ အစိုးရ တက်ရောက်လာပြီး ယခင် ပြည်ထောင်စု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို အခြေခံမွမ်းမံ ဖြည့်စွက်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ရပ် ပြဋ္ဌာန်းသည်။ ပြဋ္ဌာန်းချိန်တွင် ဒေသတွင်း အခြား နိုင်ငံများ၏ ဥပဒေများထက် ခိုင်မာပြည့်စုံ၍ ဆွဲဆောင်မှုရှိခဲ့သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ သတ္တု စသည့် သယံဇာတ အခြေခံ ရင်းနှီးမြှုပ်နှံမှုများသာ အများအပြား လက်ခံရရှိနေပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ လက်ခံ ရရှိပြီးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃၇ ဘီလျံ ရှိနေသည်။
Artikel Terkait:




0 comments:
Post a Comment