
ရခိုင်ပြည်နယ် ဂီရိ ဒုက္ခသည်များကို ပြည်တွင်း အလှူရှင်များက ဆန်လှူဒါန်းနေစဉ် (ဓာတ်ပုံ - alodawpyei.org)
ဂီရိဒေသမှ လယ်သမားများအတွက် အမတော်ကြေး ချေးငွေများကို ဇွန်လဆန်းမှ စတင်၍ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီးဌာန လယ်ယာဖွံ့ဖြိုးမှုဘဏ် (စိုက်ဘဏ်) ကထုတ်ပေးနေကြောင်း၊ လယ်သမားတဦးလျှင် ကျပ် ၇၀၀၀၀ ကို ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ တဆင့်ထုတ်ယူရကြောင်း ၎င်းက ဆိုသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ မြို့ချောင်းကျွန်းမှ ကျေးရွာ ၂၀ နီးပါးနှင့် ဇင်ကျွန်းကျေးရွာအုပ်စု၊ ရွှေညိုမ၊ ရသစ်ကေ၊ ကွင်းချောင်း၊ ဂုံးချိန်၊ အုန်းတော၊ ချောင်းကြီးဖျား စသည့် ကျေးရွာအုပ်စုများ၌လည်း အမတော်ကြေးငွေ ဖြတ်တောက် ခံနေရကြောင်း သိရသည်။
၎င်းတို့အနက် ဇင်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွေးချေနှင့် ချောင်းကြီးဖျား အုပ်ချုပ်ရေးမှူး ဦးမောင်လှခင်တို့ နှစ်ဦးအား ငွေကြေးဖြတ်ယူခြင်း ကိစ္စကို လယ်သမားများက မေးမြန်းရာ ခြိမ်းခြောက်သော စကားများကိုသာ ပြန်လည် ပြောဆိုသည်ဟု ဇင်ကျွန်း ရွာခံလယ်သမားတဦးက ဧရာဝတီကို ရှင်းပြသည်။
ဇင်ကျွန်းအုပ်ချုပ်ရေးမှူး ဦးထွေးချေသည် ၎င်းနှင့် နီးစပ်သူများ၏ အမည် စာရင်းများကို ထည့်သွင်း၍ စိုက်ဘဏ်မှာ ချေးငွေ ၇ သောင်းကို ထုတ်ပေးနေသည်ဟုလည်း ဒေသခံလယ်သမားများက ဆိုသည်။
ထိုကိစ္စများအား သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများထံ တိုင်ကြားသော်လည်း အရေးယူမှု မရှိ၍ ဒေသခံလွှတ်တော် ကိုယ်စားလှယ်များကို တိုင်ကြားသွားမည်ဟု လယ်သမားများထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က သမ္မတဦးသိန်းစိန်သည် နိုင်ငံတော်သို့ မိန့်ခွန်းပြောဆိုရာ၌ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ တရပ် ပေါ်ပေါက်စေရန် လုပ်ဆောင်မည်ဟု ကြွေးကြော်ထားသော်လည်း အောက်ခြေ၌ လာဘ်ပေးလာဘ်ယူမှု ကိစ္စများမှာ
ယခင်ထက် ဆိုးရွားလာနေသည်ဟု ဆိုသည်။
“သမ္မတ ပြောထားသလို တာဝန်ရှိသူ အဆင့်ဆင့်က လက်တွေ့လုပ်ဖို့လိုပါတယ်။ အစိုးရသစ် တာဝန်ယူပြီး နောက်ပိုင်းမှာ မြို့နယ်၊ ကျေးရွာအဆင့်တွေမှာ တောင်းရမ်းမှုတွေက ပိုများလာနေတယ်” ဟု ဦးဘရှင်က ပြောသည်။
ဒေသခံ တောင်သူ လယ်သမားများ၏ အခက်အခဲ ကိစ္စများကို ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဟု လည်းဆက်ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ၏ လယ်ဆည်ဝန်ကြီး ဦးကျော်ခင်အား ဧရာဝတီက ဆက်သွယ်ခဲ့ရာ ၎င်းက ဖြေဆိုပိုင်ခွင့် မရှိဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်အပြင် ဂီရိဒေသများ ဖြစ်သော မြေပုံ၊ မင်းပြား၊ ပေါက်တောမြို့နယ်များမှ လယ်သမားများလည်း လယ်ယာလုပ်ငန်းခွင် ၀င်ရန် ငွေကြေးမလုံလောက်မှု၊ ထွန်ယက်စိုက်ပျိုးရန် ကျွဲ၊ နွား၊ မျိုးစပါး၊ စားသောက်ရန် ဆန် မလုံလောက်မှု စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရဆဲဟု ဒေသခံများထံမှ သိရသည်။
ဂီရိဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသများသည် ရခိုင်ပြည်နယ်၏ ဆန်ထွက်မှု အများဆုံးသော နေရာဒေသများ ဖြစ်၍ လာမည့်နှစ်တွင် စပါးအထွက်နှုန်း လျော့ကျကာ ဆန်ရှားပါးမှုနှင့် ရင်ဆိုင်လာရဖွယ်ရှိကြောင်း ဦးဘရှင်က ပြောသည်။
ကမ္ဘာ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး (UNOCHA) ၏ ထုတ်ပြန်သည့် အစီရင် ခံစာတွင် ဂီရိ လေဘေးသင့် ဒေသများရှိ စပါးခင်းများ၏ ၅၀ ရာခိုင်နှုန်းနှင့် ငါးကန်၊ ပုစွန်ကန် ဧက ၅ သောင်းကျော်မှာ လုံးဝ ပျက်စီး သွားကြောင်း ဆိုထားသည်။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် နာဂစ်ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသရှိ လယ်သမားများသည်လည်း စပါးစိုက်ပျိုးရာသီသို့ ရောက်ရှိနေသည့်တိုင် စိုက်ပျိုးစရိတ် မလုံလောက်၍ လယ်ယာလုပ်ငန်းခွင်ကို မ၀င်နိုင်ကြသေးကြောင်း ဘိုကလေးမြို့နယ် ဖိုးညိုကျေးရွာ ဒေသခံ လယ်သမား ဦးဝင်းမောင်က ဆိုသည်။
“လယ်ဧက ဘယ်လောက်ပဲရှိရှိ တဦးကို ကျပ် ၂ သိန်းပဲ ရတယ်။ တဧက အတွက် ကုန်ကျတာ ၉ သောင်းခွဲ ၀န်းကျင်ပါ။ အဲဒီငွေထဲက ဟိုစရိတ်၊ ဒီစရိတ်အတွက်ဆိုပြီး ဖြတ်ယူတာက ၇၀၀၀ လောက်ရှိတယ်” ဟု ဦးဝင်းမောင်က ဧရာဝတီကို ပြောသည်။
မြစ်ဝကျွန်းပေါ် နာဂစ်ဒေသရှိ လယ်သမားများအနက် အများစုသည် အနည်းဆုံး လယ် ၁၀ ဧကနှင့်အထက် ပိုင်ဆိုင်ကြသည် ဟု ၎င်းကဆိုသည်။
လယ်ယာလုပ်ငန်းခွင်များ အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် လယ်သမားများသည် ဒေသခံ ငွေကြေး တတ်နိုင်သူများ ထံမှ အတိုးနှုန်း ၁၀ ကျပ်၊ ၁၂ ကျပ် တို့ဖြင့် ယူကာ စိုက်ပျိုးကြရကြောင်း၊ ထိုအကြွေးများကို အကျေမပေးနိုင်သောအခါ မိမိပိုင် လယ်ယာမြေများအား အကြွေးရှင်များထံ လွှဲပေးလိုက်ရသည့် လယ်သမား အရေအတွက် ရာချီရှိကြောင်း သူက ရှင်းပြသည်။
“ကျနော့်လယ်နဲ့ ကပ်နေတဲ့ လယ်သမား ၈ ယောက်စလုံးရဲ့ လယ်တွေဆိုရင် အကြွေးရှင်က သိမ်းထားပြီးသားပါ။ ကိုယ့်လယ်ကို လယ်စာရင်းငှား ဘ၀နဲ့ ပြန်လုပ်နေကြရပါတယ်” ဟု ဦးဝင်းမောင်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် လယ်ယာလုပ်ငန်း လုပ်ကိုင်သူများဖြစ်၍ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးစရိတ် အရင်းအနှီးများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ပေးကာ လယ်ယာကဏ္ဍ မြှင့်တင်သွားမည်ဟု မကြာမီက ပြောဆိုခဲ့သည်။
Artikel Terkait:
1 comments:
joya shoes 277j3igjok118 joyaskodanmark,joyaskonorge,joyaskorstockholm,joyacipo,zapatosjoya,joyaschoenen,scarpejoya,chaussuresjoya,joyaschuhewien,joyaschuhedeutschland joya shoes 166r0aigqz011
Post a Comment