Tuesday, March 29, 2011

ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံထားသူများ စိုးရိမ်ရန် မလိုကြောင်း ဗဟိုဘဏ်မှ သိရှိရ

Eleven Media Group:2011-03-30

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်ဟောင်း၊ ဘဏ်သစ်များတွင် ငွေအပ်နှံထားသူများ အနေဖြင့် မိမိအပ်နှံငွေများအတွက် စိုးရိမ်ရန် မလိုကြောင်း ဗဟိုဘဏ်မှ စုံစမ်း သိရှိရပါသည်။

ယခုလပိုင်း၊ နှစ်ပိုင်းများအတွင်း ပုဂ္ဂလိကဘဏ်အချို့ ပြိုလဲတော့မည် ဟူသော ကောလာဟလ သတင်း ထွက်ပေါ်ကာ ငွေအပ်နှံထားသူများ မကြာခဏ စုပြုံထုတ်ယူလာမှု ဖြစ်စဉ်များ ဖြစ်ပေါ်လာကြောင်း၊ ငွေအပ်နှံထားသူများ အနေဖြင့် မိမိအပ်နှံငွေများ ဆုံးရှုံးမည် စိုးသည့်အတွက် ထုတ်ယူလာကြခြင်း ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များအပေါ် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများအတိုင်း ကြပ်မတ်ထားရှိပြီး ပုဂ္ဂလိကဘဏ်များ အပ်ငွေနှင့် ချေးငွေ၊ ငွေကြေးလည်ပတ်မှု အပေါ်၌လည်း ရှိသင့်သည့်ပမာဏကို ထိန်းချုပ်လုပ်ကိုင်စေသည်ဟု သိရသည်။

အထူးသဖြင့် ပုဂ္ဂလိကဘဏ်များကို ဗဟိုဘဏ်၌ သင့်တော်သည့် Deposit တင်ထားစေပြီး နေ့စဉ် ငွေကြေးလည်ပတ်စီးဆင်းမှုအပေါ် ကြပ်မတ်ထားသည့် အတွက် ပုဂ္ဂလိကဘဏ်များ တစ်စုံတစ်ရာ အကြောင်းပေါ်ပေါက်လာသည့် တိုင်အောင်ပင် အပ်နှံထားသူများ ဆုံးရှုံးမှုရှိမည် မဟုတ်ဟု ၀ါရင့် ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

''နိုင်ငံတိုင်းမှာ ဗဟိုဘဏ် ရှိပါတယ်။ ဗဟိုဘဏ်တစ်ခုရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းပဲ နိုင်ငံတိုင်းမှာရှိတဲ့ ဗဟိုဘဏ်တွေက နိုင်ငံတွင်းက ပုဂ္ဂလိကဘဏ်တွေကို လုပ်ထုံးလုပ်နည်းအတိုင်း ကြပ်မတ်ပေးထားပါတယ်။ လုပ်ထုံးလုပ်နည်း ဆိုတာကလည်း ပုဂ္ဂလိကဘဏ်တွေ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်ထားတဲ့ စည်းမျဉ်းတွေပါပဲ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့လည်း ဒီအတိုင်း ဆောင်ရွက်ထားတယ်။ ပုဂ္ဂလိကဘဏ်တစ်ခု စတည်ထောင်တာကနေ ဒီနေ့အထိ ဘဏ်တိုင်းကို အပ်ငွေနဲ့ချေးငွေ၊ ငွေကြေးလည်ပတ်မှုပမာဏ ဒါတွေအပေါ်မှာ ထိန်းသိမ်းနိုင်တဲ့ ပမာဏမျိုး ခွင့်ပြု လုပ်ကိုင်စေတာပါ။

ဘဏ်တစ်ခု စထောင်တာနဲ့ ဗဟိုဘဏ်မှာ သင့်တော်တဲ့ Deposit တင်ထားခိုင်းပြီးသားပါ။ ဒါထက်ပိုပြောရရင် ဘဏ်တစ်ခုရဲ့ နေ့စဉ် ငွေကြေးလည်ပတ် စီးဆင်းမှုကိုလည်း ကြပ်မတ်ပေးနေတာပါပဲ။ ဒီအတွက် ဘဏ်တစ်ဘဏ် ရုတ်တရက်ပြိုလဲတာမျိုး မဖြစ်နိုင်သလို တစ်စုံတစ်ရာကြောင့် အခက်အခဲတွေ့တယ် ဆိုရင်တောင် ငွေအပ်နှံထားတဲ့သူတွေ စိုးရိမ်ဖို့ မလိုပါဘူး။ ခြုံပြောရရင် တစ်စုံတစ်ခုကြောင့် ဘဏ်အခက်အခဲ ပေါ်တယ်ဆိုရင်တောင် အပ်ထားတဲ့ငွေတွေ နည်းနည်းမှ မဆုံးရှုံးအောင် စီမံထားတယ်လို့ အသိပေးချင်ပါတယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

''ပြောရရင် CB ဘဏ် အခက်အခဲဖြစ်တယ်ဆိုပြီး သတင်းထွက်တယ်၊ ငွေအပ်ထားတဲ့ သူတွေက စုပြုံပြီး ပြန်ထုတ်ကြတယ်။ နောက်တစ်ကြိမ် ကမ္ဘောဇဘဏ် ကောလာဟလ သတင်းထွက်ပေါ်ပြီး လူတွေ စုံပြုံထုတ်ယူလာကြတယ်။ အဲဒီလို ထုတ်ယူတာက ပိုဆိုးစေတယ် ဆိုတာကို ငွေအပ်နှံထားသူတွေ သိရှိစေချင်တယ်။ ဘဏ်တစ်ခုက အပ်ငွေ လက်ခံထားရင် အဲဒီအပ်ငွေထဲက တချို့ကို ရင်းနှီးမြှုပ်နှံတယ်၊ တချို့ကို ပြန်ထုတ်ချေးပြီး ငွေကြေးလည်ပတ်တာ။ ဒါမှ ငွေအပ်နှံသူကို အတိုးပေးနိုင်မှာပါ။ သတင်းထွက်တယ်ဆိုတာနဲ့ စုပြုံထုတ်တော့ ဘဏ်မှာ နည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ငွေအပ်ထားတဲ့ သူတွေအတွက်လည်း ပြန်ထုတ်ယူတဲ့အတွက် ကိုယ်ရမယ့် အတိုးနှုန်း နစ်နာသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်လို့ တစ်စုံတစ်ခု ဖြစ်ခဲ့တယ် ဆိုရင်တောင် ကိုယ်အပ်ထားတဲ့ငွေ ဆုံးရှုံးမှု မရှိအောင် ဗဟိုဘဏ်က စီမံထားပြီးသားဖြစ်လို့ သတင်းထွက်တိုင်း ငွေစုံပြုံထုတ်ယူတာဟာ ဘဏ်ကိုလည်း အကျပ်အတည်း ဖြစ်ပေါ်စေသလို ကိုယ်ရမယ့် အတိုးနှုန်း နစ်နာစေတာပဲ ရှိပါမယ်။

၂၀၀၃ ခုနှစ် ဘဏ်အကျပ်အတည်းတွေ ပေါ်တဲ့ကိစ္စမှာ ပြန်ကြည့်ရင် ဘဏ်မှာအပ်တဲ့သူတွေ ဆုံးရှုံးမှု မရှိဘူး ဆိုတာကို ပြန်သုံးသပ်နားလည်ဖို့ လိုပါတယ်။ အကျိုးဆောင် လုပ်ငန်းတွေမှာ အတိုးနှုန်း အများကြီးနဲ့ အပ်တဲ့သူတွေပဲ ဆုံးရှုံးခဲ့ရတာပါ၊ ဘဏ်မှာအပ်တဲ့သူ မဆုံးရှုံးပါဘူး။ အတိုးပါ မဆုံးရှုံးခဲ့တာပါ။ ဥပမာ ကျပ်သိန်း ၁၀၀ အပ်ထားတဲ့သူက ပထမ ကျပ်ငါးသိန်း ထုတ်တယ်။ ကျန်တဲ့ ၉၅ သိန်းကို နောက်လမှထုတ်တယ် ဆိုရင် အဲဒီလအတွက် ၉၅ သိန်းအပေါ်မှာ အတိုးပါ ရခဲ့ကြပါတယ်။ ကောလာဟလလား၊ တကယ်လား လေ့လာပြီး ယုံကြည်စေချင်တယ်''ဟု ၎င်းက ဆက်လက် ရှင်းပြခဲ့သည်။

Artikel Terkait:

0 comments:

Post a Comment