
လာမည့် ဘဏ္ဍာရေးနှစ်သစ် ဖြစ်သော ၂၀၁၁-၂၀၁၂ အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ နေရာအချို့နှင့် ဈေးများရှိ သန့်စင်ခန်းဝင်ခ လုပ်ငန်းများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ယာဉ်၊ ယန္တရား အဟောင်းများ၊ အမှိုက်သိမ်းယာဉ် အဟောင်း စသည် တို့ကို လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
လေလံတင်သည်ဟု ဆိုရာတွင် သန့်စင်ခန်းဝင်ခ ကောက်ခံခြင်း လုပ်ငန်းများကို လေလံတင် အငှားချထားခြင်းဖြစ်ပြီး ယာဉ်၊ ယန္တရားအဟောင်းများ၊ အမှိုက်သိမ်းယာဉ် အဟောင်း၊ စက်ဘီး၊ ဆိုက်ကားကိုယ်ထည်များ၊
လက်တွန်းလှည်းများ၊ ကားတာ ယာဟောင်းများ၊ ဘက်ထရီအိုးဟောင်းများ၊ သံတိုသံစများနှင့် အသုံးမလို ပိုလျံပစ္စည်းဟောင်းကိုမူ လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရသည်။ လေလံတင် အငှားချထားမည့်
သန့်စင်ခန်းဝင်ခ ကောက်ခံခြင်း လုပ်ငန်းများတွင် နေရာ ၁၀ ခု ပါဝင်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးအနီးရှိ သန့်စင်ခန်း၊ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းဈေးနှင့် (ဃ)ဈေးများရှိ သန့်စင်ခန်းများ၊ သာကေတ မြို့နယ်(၅)ဈေး၊ အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်းဈေး၊ ရွှေပြည်သာမြို့နယ် န၀ရတ်ဈေး၊ ရန်ကင်းမြို့နယ် စံပြရန်ကင်းဈေး၊ ဒေါပုံမြို့နယ် ဒေါပုံဈေးနှင့် ဒေါပုံရတနာဈေး၊ ကျောက်တံတားမြို့နယ် ၃၈ လမ်း ပလာဇာတို့ရှိ သန့်စင်ခန်းများ ပါဝင်သည်ဟု သိရှိရသည်။
လေလံတင်ခြင်းကို မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ''လေလံတင် အငှားချထားမဲ့ အထဲမှာ သန့်စင်ခန်းဝင်ခ ကောက်ခံတဲ့ နေရာ ၁၀ နေရာပါတယ်။ ပြီးတော့ ယာဉ်၊ ယန္တရားအဟောင်းတွေ၊ အမှိုက်သိမ်းယာဉ်ဟောင်း စတာတွေ ကတော့ Lot အမှတ် ၁ ကနေ Lot အမှတ် ၅၇ ခုလောက်အထိ ပါတယ်။ လေလံအတွက် စကြေညာတုန်းကတော့ ဈေးတွေက ယာဉ်ဝင်ခကောက်တဲ့လုပ်ငန်းတွေ ပါမယ်လို့ ကြေညာခဲ့ပေမဲ့ နောက်ပိုင်း မပါတော့ဘူးလို့ သိရတယ်။ ကျွန်တော်တို့က သန့်စင်ခန်းဝင်ခကောက်တဲ့ လုပ်ငန်းကို စိတ်ဝင်စားလို့ပါ။ ဈေးပြိုင်စနစ်နဲ့ လေလံပေးမှာဆိုတော့ ဈေးအမြင့်ဆုံး ပေးနိုင်သူက လေလံရရှိမှာပါ''ဟု လေလံဆွဲရန် ပြင်ဆင်နေသူတစ်ဦးက ပြောပြခဲ့သည်။
''သန့်စင်ခန်း ကောက်ခံခ လုပ်ငန်းတွေ လုပ်မယ်ဆိုရင် လေလံအာမခံအနေနဲ့ နေရာပေါ် မူတည်ပြီး ငွေ ၁ သိန်းနေ ၂ သိန်းအထိ ကြိုသွင်းထားရမယ်လို့ လေလံစည်းကမ်းထဲမှာပါတယ်။ လေလံဈေးနှုန်းတွေက မြင့်နိုင်တဲ့
အနေအထားရှိတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် မြို့ထဲက ဈေးတစ်ခုရဲ့ သန့်စင်ခန်းဝင်ခ ကောက်တဲ့လုပ်ငန်းကို တစ်နှစ်လုပ်ငန်းကြေး သိန်း ၆၀ ကျော်နဲ့ ရသွားတယ်လို့ သိရတယ်''ဟု လေလံဆွဲရန် စိတ်ဝင်စားသူတစ်ဦးက ရှင်းပြခဲ့သည်။
လေလံအငှားချထားမည့် သန့်စင်ခန်းဝင်ခ ကောက်ခံခြင်း လုပ်ငန်းများ၏ သက်တမ်းမှာ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ ရန်ကုန်မြို့တော်တွင် သုံးစွဲလျက်ရှိသော အမှိုက်သိမ်းယာဉ် အများစုမှာ ဟောင်းနွမ်းနေသည့်ယာဉ်များ ဖြစ်သောကြောင့် အဆိုပါယာဉ်များကို လေလံတင်ရောင်းချ၍ အမှိုက်သိမ်းယာဉ် အသစ်များဖြင့်
အမှိုက်သိမ်းစနစ်အား ပြုလုပ်ရန် မြို့နေလူထု အနေဖြင့် မျှော်လင့်လျက် ရှိသည်ဟု သိရသည်။
Artikel Terkait:
0 comments:
Post a Comment