ဈေးကွက်တွင် ကုန်ပစ္စည်း ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ ကုန်သွယ်မှု လုပ်ငန်းများနှင့် ဆက်စပ်ပြီး တစ်ဦးတစ်ယောက် (တစ်ဖွဲ့တည်း) က လွှမ်းမိုးချုပ်ကိုင် ခြယ်လှယ်ခြင်း မရှိစေရန်နှင့် မျှတသောယှဉ်ပြိုင်မှု စနစ်တစ်ရပ် ကျင့်သုံးလာစေရန် ယှဉ်ပြိုင်မှုဥပဒေ (Competition Law) ပြဋ္ဌာန်းရန် ရှိကြောင်းနှင့် ယခုအခါ လေ့လာမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အချို့ဥပဒေများ မှာ လက်ရှိ ဈေးကွက်စီးပွားရေး စနစ်၊ ခေတ်ကာလ အခြေအနေများနှင့် ကိုက်ညီအောင် ပြင်ဆင်ဖြည့်စွက်ခြင်း၊ ထပ်မံလိုအပ်သည့် ဥပဒေသစ် သစ်များပြဋ္ဌာန်းခြင်း ပြုလုပ်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်းက ပြောကြားခဲ့ ကြောင်းလည်း သိရသည်။ မတ်လ ၂၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဦးကိုကြီးက ပြည်တွင်း ကူးသန်းရောင်းဝယ်မှု၊ ပြည်ပ ကူးသန်းရောင်းဝယ်မှုတို့တွင် ဈေးကွက် စီးပွားရေးစနစ် မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်ပြီး ဈေးကွက်ထိခိုက် ပျက်ပြားစေမည့် တစ်နည်းအားဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ မှန်ကန်စွာ ကူးသန်းရောင်းဝယ်သူများနှင့် စားသုံးသူပြည်သူ တို့အတွက် ထိခိုက်နစ်နာစေမည့် ဈေးကစားခြယ်လှယ်မှု၊ စီးပွားရေးလက်ဝါးကြီးအုပ် မှုတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သွားသင့်သည်၊ လက်ရှိ ကျင့်သုံးနေသော ဥပဒေများဖြင့် မည်သို့ကာကွယ်တားဆီး ထိန်းသိမ်းသွားသင့်သည်နှင့် ဥပေဒလုပ်ထုံးလုပ်နည်းအသစ်များ ပြဋ္ဌာန်းဆောင်ရွက်ရန် လိုအပ်ပါက မည်သို့ဆောင်ရွက် သွားမည်တို့ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။ ထိုသို့ မေးမြန်းမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၀န်ကြီး ဦးတင်နိုင်သိန်းက ဈေးကစားခြယ်လှယ်၊ စီးပွားရေး လက်ဝါးကြီးအုပ်မှု တို့ကြောင့် အများပြည်သူ ထိခိုက်မှုများအတွက် ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်မည့် လက်ရှိတည်ဆဲ ဥပဒေများမှာ သွင်းကုန်ပို့ကုန် ကြီးကြပ်ရေး(ယာယီ) အက်ဥပဒေ၊ အရေးကြီးသော ကုန်ပစ္စည်းနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊ ပင်လယ်ကြောင်း အကောက်ခွန် အက်ဥပဒေ၊ ကုန်းလမ်း အကောက်ခွန် အက်ဥပဒေ၊ ပဋိညာဉ် အက်ဥပဒေ၊ ကုန်ရောင်းခြင်း အက်ဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေတို့ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ မှန်ကန်စွာ ကူးသန်းရောင်းဝယ်သူများနှင့် စားသုံးသူပြည်သူတို့ အတွက် ထိခိုက်နစ်နာစေမည့် ဈေးကစားခြယ်လှယ်မှု၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုတို့နှင့် ပတ်သက်၍ လည်း အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့်အညီ အခွင့်ရအာဏာပိုင်က အမိန့်များထုတ်ပြန်၍ ထိန်းသိမ်း ဆောင်ရွက် သွားနိုင်ပါကြောင်း၊ ထိုသို့ထုတ်ပြန်ထားသည့် အမိန့်များကို မလိုက်နာပါက တည်ဆဲသက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်းက လက်ရှိတည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်လျက် ရှိသော်လည်း အချို့ဥပဒေများသည် လက်ရှိ ဈေးကွက် စီးပွားရေးစနစ်၊ ခေတ်ကာလ အခြေအနေများနှင့် ကိုက်ညီအောင် ပြင်ဆင်ဖြည့်စွက် ခြင်း၊ ထပ်မံလိုအပ်သည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်းပြုလုပ်ရန် လိုအပ်သည့်အလျောက် ဥပဒေလုပ်ထုံး လုပ်နည်းများကို လေ့လာပြုစုလျက်ရှိ ကြောင်း ဆိုသည်။ အာဆီယံ၏ ASEAN Economic Community အရ ၂၀၁၅ ခုနှစ် တွင် အာဆီယံ အဖွဲ့ဝင်များအားလုံး က ယှဉ်ပြိုင်မှုဥပဒေ (Competition Law) ကို အပြီးသတ် ရေးဆွဲရန် ရှိပါကြောင်း၊ ယခု လောလောဆယ်တွင် စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများ၌ ချမှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်မှုဥပဒေ ရေးဆွဲရေးအတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနအနေဖြင့် လေ့လာမှုများ၊ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ် ညှိနှိုင်းမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆(ခ)တွင် စီးပွားရေး လုပ်ငန်းများ၌ တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု(သို့မဟုတ်) ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်သွားမည်ဟု ပြဋ္ဌာန်း ဖော်ပြထားပြီး အဆိုပါ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်နိုင်ရန် တည်ဆဲဥပဒေများ နှင့်အညီ လိုအပ်သလို ဆောင်ရွက်လျက် ရှိကြောင်း၊ ထပ်မံလိုအပ်မည့် ဥပဒေတို့ကို သက်ဆိုင်ရာများက ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်း အကောင်အထည် ဖော်ရန်ရှိကြောင်း ပြောကြားခဲ့ပါသည်။ |
Artikel Terkait:
0 comments:
Post a Comment