Thursday, March 31, 2011

တရုတ်နိုင်ငံထုတ် ဘယ်မောင်း ကားသစ်များ အများအပြား တင်သွင်းမည်၊ စက်မှုဇုန်ထုတ် ကားများလည်း ဘယ်မောင်းအဖြစ်သာ ဆက်လက် ထုတ်ရမည်

Eleven Media Group:2011-03-30


ပြည်တွင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် တရုတ်နိုင်ငံထုတ် ဘယ်မောင်းကားသစ်များ အများအပြား တင်သွင်း သွားမည်ဖြစ်ကြောင်း ပြည်တွင်း ကားကုမ္ပဏီများထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ ပြည်တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဘယ်မောင်း မော်တော်ယာဉ်အသစ် များကို လွတ်လပ်စွာ တင်သွင်း ရောင်းချခွင့်များ ပြုပေးလျက်ရှိရာ ယခုကဲ့သို့ အများအပြား တင်သွင်း ရောင်းချနိုင်ရန် စီစဉ်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်ပမှ ကားတင်သွင်းမှု ဆိုင်ရာ ၀န်ဆောင်မှုများ ပြုလုပ်နေသော ကုမ္ပဏီတစ်ခုဖြစ်သည့် Greater Man International Trading Co., Ltd  မှ Business Development Director ဦးဝင်းမျိုးချစ်က”လက်ရှိ အချိန်မှာ သက်ဆိုင်ရာက ပြည်ပက ကားတင်သွင်းမှုတွေကို ခွင့်ပြုပေးနေပါတယ်။ တင်သွင်းတဲ့အခါမှာ ကား က အသစ်ဖြစ်ရမယ်။ ဘယ်မောင်း ဖြစ်ရမယ် စတဲ့အချက်တွေကိုတော့ ကန့်သတ်ထားတာ ရှိပါတယ်။ လောလောဆယ် ကုမ္ပဏီအနေနဲ့ ပြည်တွင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် တရုတ်နိုင်ငံထုတ် Express ယာဉ် တွေ နဲ့ JY Minibus အမျိုးအစားယာဉ်တွေကို တင်သွင်းရောင်းချထားပြီး ဖြစ်ပါတယ်။ ထပ်မံပြီး City Bus တွေ လိုမျိုး မြို့တွင်းပြေးဆွဲမယ့် တရုတ်ကား အမျိုးအစားတွေကိုလည်း ထပ်မံ တင်သွင်းသွားဖို့ ရှိပါတယ်”ဟု ပြော ကြားခဲ့သည်။

ယခုကဲ့သို့ သတ်မှတ် စည်းမျဉ်းများနှင့် တင်သွင်းလာသော လုပ်ငန်းသုံး မော်တော်ယာဉ်များသည်  လက် ရှိအချိန်၌ ၅ဂ/.... နံပါတ်ရရှိမည် ဖြစ်ပြီး ဘတ်စကားကြီးတစ်စီးလျှင် ကျပ်သိန်း ၇၉၀၊ မီနီဘတ်စ်ဆိုပါ က ကျပ်သိန်း ၄၉၀ ဖြင့် ပြန်လည် ရောင်းချပေးမည် ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ စက်မှုဇုန် အသီးသီးတွင် ထုတ်လုပ်နေသည့် ပြည်တွင်းစက်မှုဇုန် ကားထုတ်လုပ်သူများ အနေဖြင့်လည်း လက်ရှိ ခွင့်ပြုထားသည့်အစီးရေမှ အပ နောက်ပိုင်း ထုတ်လုပ်မည့် ကားများအားလုံးကို ဘယ်မောင်းအဖြစ်သာ တင်သွင်း တပ်ဆင် ထုတ်လုပ်ရမည်ဟုလည်း စက်မှုဇုန်ကားထုတ်လုပ်သူများက ဆိုသည်။

“ခွင့်ပြုထားတဲ့ အစီးရေကိုပဲ ညာမောင်းနဲ့ ထုတ်နေတာ။ နောက်ပိုင်းကားတွေကိုတော့ ဘယ်မောင်း အနေနဲ့ပဲ ထုတ်ရတော့မယ်။ ဘာအမျိုးအစားပဲထုတ်ထုတ် ဘယ်မောင်းပဲ ထုတ်လုပ်ရတော့မယ်”ဟု ဒဂုံဆိပ် ကမ်းစက်မှုတွင် ကားတပ်ဆင် ထုတ်လုပ်နေသည့် စက်မှုဇုန်ကား ထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

ထို့အတွက် မြန်မာနိုင်ငံတွင် ဘယ်မောင်းများသာ များပြားလာမည်ဖြစ်ပြီး ခရီးသည်တင်ယာဉ်ကြီး များနေရာတွင် ဘယ်မောင်း တရုတ်ကားများ ပိုမိုနေရာယူလာဖွယ် ရှိသည် ဟု လုပ်ငန်းရှင်များက ဆိုသည်။
“ခရီးသည်တင် ယာဉ်လိုင်းတွေမှာ အခုတောင် ဘယ်မောင်း တရုတ်ကားကြီးတွေ အများစု နေရာယူလာတာ။ နောက်ပိုင်းဆို တရုတ်ကား ကြီးတွေပဲ ဖြစ်နေမှာပါပဲ။ ပြည်တွင်း မှာ ပြည်ပကသွင်းပြီး တပ်ဆင်ထုတ်လုပ်တဲ့ နေရာမှာလည်း ဘယ်မောင်းသီးသန့်ပဲ ထွက်လာတော့မှာလေ။ အခုဆို Hiace  ကားတွေလဲ တရုတ်နိုင်ငံထုတ် ပစ္စည်းသုံးတဲ့ကားတွေ အများကြီးပဲ။ နောက်ပိုင်းမှာ တရုတ်ကားတွေ နေရာယူတာ များလာမယ်လို့ ဆိုလိုချင်တာပါ။ တရုတ်ကားတွေ များလာရင် တရုတ်ကားအသုံး ပြုဖူးတဲ့သူတိုင်းတွေ့ရတတ်တဲ့ ကား ပြုပြင်စရိတ်နဲ့ ကားပြင်ဆင်ရတဲ့ အခက်အခဲတွေလည်း လိုက်ပါလာ မှာပေါ့။
ခရီးသည်တင် ယာဉ်လိုင်းမှာသုံးနေတဲ့ တရုတ်ကားတွေ မနေ့တစ်နေ့ကမှ လိုင်းထဲမှာပြေးဆွဲတာ အခုလမ်းတစ်ဝက်မှာ ခဏခဏ ပျက်တတ်လို့ ကားပြောင်းစီးပေးနေ ရတာတွေရှိတယ်။ တကယ်လို့ တင်သွင်းမယ်ဆိုရင်လည်း တရုတ် နိုင်ငံကပဲလုပ်တဲ့ သူတို့နိုင်ငံမှာသုံး တဲ့ ဂရိတ်မြင့်တဲ့အမျိုးအစားတွေ သွင်းရင်ပိုကောင်းမယ်လို့ သုံးသပ် မိတာပါ။ ယာဉ်ကြံ့ခိုင်မှုနဲ့ ယာဉ် အန္တရာယ်ကင်းအောင်ပြောရတာပါ” ဟု စက်မှုဇုန်ကား ထုတ်လုပ်သူ တစ်ဦးကလည်း ရှင်းပြခဲ့သည်။

Artikel Terkait:

0 comments:

Post a Comment