Monday, December 27, 2010

Forever Group နှင့် ရွှေသံလွင် စီးပွားရေး ပြိုင်


အခပေး ဖျော်ဖြေရေး ရုပ်သံလိုင်းများ ရောင်းချသော ရွှေသံလွင် ကုမ္ပဏီနှင့် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနှင့် နီးစပ်သူများ ထူထောင်ထားသော Forever Group ကုမ္ပဏီတို့ အပြိုင်အဆိုင် ဈေးလျှော့ ရောင်းချခြင်းဖြင့် အခပေး ရုပ်သံလိုင်း ကြည့်ရှုမည့် ဖောက်သည် အသစ်များ ရှာဖွေ၍ စီးပွားရေး အားပြိုင်မှု ပြင်းထန်နေကြသည်။

skynet_two
ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သော YANGON EXPO 2010 တွင် SKY NET အခပေး ရုပ်သံလိုင်း အရောင်း မြှင့်တင်ရေး သရုပ်ဆောင်နေသည့် မြန်မာမော်ဒယ် လှပျိုဖြူ နှစ်ဦးကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
၂၀၀၅ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ဆွေမျိုးသားချင်းတချို့နှင့် ဦးဝင်းမော်၊ ဦးအေးကျော် အပါအ၀င် အပေါင်း အပါ များက မြန်မာ စာတန်းထိုး နိုင်ငံခြားရုပ်ရှင်များ ပြသသည့် ဖျော်ဖြေရေး ရုပ်သံလိုင်းနှင့် အားကစားလိုင်းများကို ရောင်းချခဲ့ပြီး မြန်မာ နိုင်ငံတွင် ပထမ ဆုံးသော အခပေး ရုပ်သံလိုင်း ဈေးကွက်ကို ဦးဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး ရွှေသံလွင် ကုမ္ပဏီက Sky Net အမည်ဖြင့် အခပေးရုပ်သံလိုင်းများ ဈေးကွက်တွင်း ၀င်ရောက်လာခြင်းကြောင့် အဆိုပါ ကုမ္ပဏီ နှစ်ခု၏ ဈေးကွက်အားပြိုင်မှုမှာ ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေသံလွင် Sky Net က သူတို့ရဲ့ အခပေး ရုပ်သံလိုင်းတွေရဲ့ဈေးနှုန်းကို တ၀က်တိတိ လျှော့ပစ်လိုက်တယ်။ Forever Group က လည်း အခပေး ရုပ်သံလိုင်းတွေကို ဈေးတွေတ၀က်ကျော်ကျော်လျှော့ပစ်တယ်။ ဒီ ကုမ္ပဏီနှစ်ခုက အပြိုင်အဆိုင်ကို ဈေးတွေလျှော့ရောင်း နေကြတယ်”ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ရွှေသံလွင်ကုမ္ပဏီ၏ Sky Net အခပေးရုပ်သံလိုင်း ၃၈ လိုင်းကြည့်ရှုရန် ရုပ်သံလိုင်းဖမ်းစက် တန်ဖိုး၏ ပုံမှန်ကုန်ကျစရိတ်မှာ ၆၈၀၀၀ ကျပ် ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၃၄၀၀၀ ကျပ်၊ ရုပ်သံလိုင်းနှစ်စဉ်ကြေးအတွက် တလလျှင် ၁၈၀၀၀  ကျပ်နှုန်း ဖြင့် တနှစ်စာ ၂၁၆၀၀၀ ကျပ်ကျသင့်မည်ဖြစ်သော်လည်း ၅၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ၁၀၈၀၀၀ ကျပ်အထိ ဈေးနှုန်းများ လျှော့ချ ပေးထားကြောင်း သိရှိရသည်။

Forever Group ကုမ္ပဏီကလည်း MRTV 4 နှင့် နိုင်ငံတကာ ရုပ်သံလိုင်းများ ပါဝင်သည့် အခပေးရုပ်သံဖမ်းစက် နှင့် 5 Movie ၊5 Series နှင့် Star Sports ဖမ်းယူနိုင်သော ရုပ်သံဖမ်းစက် ဟူ၍ နှစ်မျိုးခွဲခြားပြီး ဈေးနှုန်များ လျှော့ချရောင်းခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
YANGON_EXPO_2010_SKY_NET400
ရန်ကုန်မြို့ တပ်မတော် ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပသော YANGON EXPO 2010 တွင် SKY NET အခပေး ရုပ်သံလိုင်း အရောင်းမြှင့်တင်ရေး သရုပ်ဆောင်နေသည့် မြန်မာမော်ဒယ် တဦး(ဓာတ်ပုံ - ဧရာဝတီ)


“MRTV 4 နဲ့ နိုင်ငံတကာလိုင်းတွေ ဖမ်းနိုင်တဲ့ ရုပ်သံဖမ်းစက်နဲ့ တနှစ်စာ ရုပ်သံလိုင်း ကြည့်ရှုခွင့်အတွက် ၆၀၀၀၀ ကျပ်ပါ။ 5 Movie ၊ 5 Series နဲ့ 5 Sports ရုပ်သံလိုင်းဖမ်းစက် ၆၂၀၀၀ ကျပ်။ အဲဒီအထဲမှာ သုံးလ အခပေး ရုပ်သံလိုင်း ကြည့်ခွင့် ပါတယ်” ဟု Forever Group ကုမ္ပဏီ မှ အရောင်း ကိုယ်စားလှယ် တဦးက ပြောသည်။

ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူတဦးကမူ လက်ရှိ Sky Net ရုပ်သံလိုင်းများ လျှော့ဈေးဖြင့် ရောင်းချခြင်းမှာ ကုမ္ပဏီအတွက် အရှုံးပေါ်စေကြောင်း၊ သို့သော်လည်း ဈေးကွက်ရရှိရေးကိုသာ အာရုံထားနေသည့်အတွက် အရှုံးခံ ရောင်းချနေခြင်းဖြစ်ကြောင်း ရှင်းပြ သည်။

“Sky Net က အခပေး ရုပ်သံလိုင်း ၀န်ဆောင်မှုအပါအ၀င် ၀န်ဆောင်မှု သုံးမျိုးလုပ်နေတယ်။ ပထမ က DTH လို့ခေါ်တဲ့ Direct To Home စနစ်နဲ့ အခပေးရုပ်သံလိုင်း ရောင်းတာ။ ဒုတိယ က MPS လို့ခေါ်တဲ့ Multi-play Services စနစ်နဲ့ ရုပ်သံလိုင်း၊ အင်တာ နက်၊ ဖုန်းလိုင်း ၀န်ဆောင်မှု ပေးတာ။ တတိယ က FTTX လို့ခေါ်တဲ့ ဖိုက်ဘာဆက်ကြောင်းနဲ့ ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက် ၀န်ဆောင်မှု ပေးတာပါ။ လောလောဆယ်တော့ ရုပ်သံလိုင်းဝန်ဆောင်မှု တခုပဲ ရောင်းနိုင်သေးတယ်။ ကျန်တဲ့ အင်တာနက်၊ ဖုန်း၊ရုပ်သံလိုင်း သုံးမျိုးပေါင်းဝန်ဆောင်မှုက ၂၀၁၁ ခုနှစ်ထဲမှာ စရောင်းမယ်”ဟု ရွှေသံလွင် ကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။


ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့က ရောင်းချသော အခပေးရုပ်သံလိုင်းများတွင် CNN ကဲ့သို့သော နိုင်ငံတကာ သတင်း ရုပ်သံ လိုင်းများပါဝင်သော်လည်း သတင်းများမှာ တိုက်ရိုက်ကြည့်ရှုရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် စစ်အစိုးရအကြောင်းပါသောသတင်းများကို ဖြုတ်ပယ် ဆင်ဆာတည်းဖြတ်ပြီးမှ ကြည့်ရှုခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။

ရုပ်သံလိုင်း ဈေးကွက်တွင် ရွှေသံလွင်နှင့် Forever Group ကုမ္ပဏီတို့ အားပြိုင်နေချိန် အမှန်တကယ်ဈေးကွက်ကို ဦးဆောင်နေသူ မှာ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ၀င်ရောက်နေသော ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းများဖြစ်ကြောင်း ရန်ကုန်မြို့ရှိအီလက်ထရွန်နစ် ပစ္စည်း အရောင်းဆိုင်များက ပြောသည်။

“အဓိက ဒီမိုကရက်တစ်မြန်မာ့ အသံ DVB ရုပ်သံလိုင်းနဲ့ ပြည်ပမြန်မာသတင်းမီဒီယာတွေကို ကြည့်ချင်လို့ ရှစ်ပေစလောင်း တပ် တာ များတယ်။ အချို့တွေက အယ်ဂျာဇီးယားနဲ့ စင်ကာပူ စီအင်အေလို နိုင်ငံတကာ သတင်းလိုင်း တွေကြည့်ချင်ကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် ရှစ်ပေစလောင်းတပ်တဲ့သူ တော်တော်များလာတယ်”ဟု ရန်ကုန်မြို့မှ ရှစ်ပေ စလောင်း ရောင်းချသူ အီလက်ထရွန်နစ် အရောင်းဆိုင်ပိုင်ရှင် တဦးက ရှင်းပြသည်။

ရှစ်ပေဂြိုဟ်တု ရုပ်သံစလောင်းဖမ်းစက် တခုလျှင် မြန်မာငွေ ကျပ်နှစ်သိန်းနီးပါး ကုန်ကျပြီး ပြည်တွင်းအခပေးရုပ်သံလိုင်းများကဲ့သို့ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးရန် မလိုသောကြောင့် လူကြိုက်များကြောင်း သိရှိရသည်။

“5 Movie ၊ 5 Series နဲ့ Star Sports ရုပ်သံလိုင်းတွေဆိုရင် တလရုပ်သံလိုင်းကြေး ကျပ် ၁၁၀၀၀ ပေးရတယ်။ ရှစ်ပေစလောင်း က တော့ တခါပဲကုန်တယ်။ နိုင်ငံတကာ သတင်းတွေ လွတ်လွတ်လပ်လပ် ကြည့်ရတယ်။ မြန်မာ့နိုင်ငံရေးသတင်းတွေ စုံစုံလင်လင် သိရ၊ မြင်ရတယ်”ဟု ရန်ကုန် လသာမြို့နယ်မှ ရှစ်ပေစလောင်း တပ်ဆင်ထားသူ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV 4 ၊ International Myanmar ဟူသော စစ်အစိုးရပိုင် ရုပ်သံ လိုင်း လေးခုရှိပြီး အများစုမှာ အစိုးရ၏ ၀ါဒဖြန့်သတင်း နှင့် အာဘော်များကိုသာ ထုတ်လွှင့်လျက်ရှိသည်။

Artikel Terkait:

0 comments:

Post a Comment