Saturday, December 18, 2010

စီးပွားရေးလုပ်ငန်းတွင် တစ်ဦးတည်းဗိုလ်လုပ်မည် ဆိုသောစိတ်ဖြင့် အနာဂတ်ကို မျှော်လင့်၍ မရ

Posted by Popular News on Dec 15th, 2010

ရှယ်ယာစနစ်ကို စိတ်ဝင်စားမှု အားနည်းနေခြင်းသည် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကို များစွာအဟန့်အတားဖြစ်စေသည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ အင်ဂျင်နီ ယာကြီးတစ်ဦးက ပြောသည်။ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အဓိကကျသော အချက်ထဲတွင် ရင်းနှီးမြှုပ်နှံငွေ အား ကောင်း ရေးသည်လည်း ပါဝင်ကြောင်း၊ ယင်းသို့ အားကောင်းလာရေးအတွက် တစ်ဦးတည်းလုပ်ကိုင်နေခြင်းထက် လုပ်ငန်းတူများ နီးစပ်ရာ စုစည်းကာ လုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ သို့သော် မြန်မာ့ လုပ်ငန်းရှင်အများစုမှာ တစ်ဦးတည်း ဗိုလ်လုပ်ချင်သည့်စိတ်  လွှမ်းမိုးနေဆဲပင်ဖြစ်ကြောင်း သိရသည်။ မကြာမီရောက်ရှိလာတော့ မည့် ဒေသတွင်းလွတ်လပ်စွာ ကုန်သွယ်ခွင့်ကာလတွင် အရည်အသွေးမီပစ္စည်းများ ထုတ်လုပ်နိုင်မှသာလျှင် မြန်မာ့ထုတ်ကုန်များ ဒေသတွင်း ဈေးကွက်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေးကို ဥာဏ်ပညာတစ်ခုတည်းဖြင့် ဖန်တီး၍မရဘဲ ငွေအားကောင်းကောင်းဖြင့် အရည်အသွေးကောင်း စက်များဖြင့် တည်ဆောက်ကြရန်လိုကြောင်း အဆိုပါ အင်ဂျင်နီယာကြီးက ပြောသည်။ ”ရှယ်ယာလုပ်ပြီဆိုရင် လက်ဖက်ရည်ဆိုင်ထောင်တာကအစ ပြဿနာတက်ကြတယ်။ ရှယ်ယာလုပ်လို့ အောင်မြင်လာပြီဆိုရင်လည်း လုပ်ငန်းကိုတိုးချဲ့ဖို့ထက် တစ်ဦးတည်းခွဲထောင်ဖို့ပဲ အာရုံပြုတော့တယ်။ ရှယ်ယာလုပ်ရင် ဘာလို့ ပြဿနာတက်လဲ ဆိုတော့ စနစ်ကျတဲ့ စည်းမျဉ်းတွေ မရှိကြလို့ဘဲ။ ရှယ်ယာမလုပ်ချင်တာက လက်ဖက်ရည်ဆိုင်ကစလို့ နိုင်ငံတကာ အတွေ့အကြုံနည်းတဲ့ လုပ် ငန်းရှင်ကြီးတွေ အထိပဲ” ဟု ၄င်းက ထပ်လောင်းပြောသည်။ မြန်မာ့ထုတ်ကုန်အများစုမှာ အခြေအနေအရပ်ရပ်ကြောင့် ဈေးနှုန်းချိုသာစွာဖြင့် ဈေးကွက်ထဲ ယှဉ်နိုင်ရေးကိုသာ အဓိကအားပြုနေရသဖြင့် ပြည်တွင်းဈေးကွက်တွင် သာရပ်တည်နေရသည်။ ဈေးကွက်ကျယ်ပြန့်ခြင်းမရှိသဖြင့် လုပ်ငန်းဖွံ့ဖြိုးမှုနှုန်းမှာလည်း နှေးကွေး လျက်ပင်ရှိ သည်ဟု သိရသည်။ အင်အားကြီးသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းနှင့် ဒေသတွင်း ကုန်ပစ္စည်းများ အဟန့်အတားနည်းပါးလာ သည့်အချိန် တွင် တစ်ဦးတည်း ချည့်နဲ့စွာ ရပ်တည်နေသော မြန်မာလုပ်ငန်းများမှာ ယခုထက်ပို၍ ဆိုး ရွားလာနိုင်မည်ဟု ၄င်းက သုံးသပ်သည်။ ”အချိန်က သိပ်မကျန်တော့ ဘူးလို့ ထင်တယ်။ လုပ်ငန်းငယ်နဲ့ အလတ်တွေအနေနဲ့ရှယ်ယာစနစ်ရဲ့ အားသာချက်တွေကို သိအောင်လုပ်ပြီး လက်တွေ့ဖော်ဆောင်သင့် ပါပြီ” ဟု ၄င်းက အကြံပြုသည်။ နိုင်ငံတကာ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတင်းကြပ်မှု မရှိခြင်း၊ လုပ်သားပေါပြီး ဈေးချို ခြင်း၊ မြေနေရာကျယ်ကျယ်ဝန်းဝန်း ရှိခြင်း စသည့်အချက်များကြောင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြသည်ဟု သိရ သည်။
အောင်ခွန်းဆက်


Artikel Terkait:

0 comments:

Post a Comment