Sunday, December 26, 2010

ငွေလဲလှယ်နှုန်းကွာဟမှုကို ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်နေ

အတွဲ ၂၅ ၊ အမှတ် ၄၉၈ ၊ ၂၃-၁၂-၂၀၁၀ ယုယုမော်


အက်ဖ်အီးစီနှင့် အမေရိကန်ဒေါ်လာ ပေါက်ဈေးနှုန်းများ လက်ရှိအချိန်တွင် ကွာဟနေမှုကြောင့် ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ် များသည် ငွေပေးချေ သုံးစွဲမှုများကို ညှိနှိုင်းဆောင်ရွက်ရလျက်ရှိကြောင်း သိရသည်။
"အက်ဖ်အီးစီလက်မခံရင် အခက်အခဲတော့ တွေ့ရပါတယ်။ အဲဒီတော့ ရောင်းသူနဲ့ ၀ယ်သူကြား အဆင်ပြေအောင် ညှိနှိုင်းပြီးလုပ်မယ် ဆိုရင် ရေရှည် လက်တွဲသွားလို့ရပါတယ်။ အက်ဖ်အီးစီ တစ်ဝက်၊ မြန်မာငွေတစ်ဝက် ပေးရမလား။ ဒါမှမဟုတ်ရင် အမေရိကန် ဒေါ်လာကိုပဲ ပေးရမလားဆိုတာကို ညှိနှိုင်းရပါတယ်။ အဓိကကတော့ ဘယ်လိုမျိုး ညှိနှိုင်းလုပ်မလဲဆိုတာ အရေးကြီးပါတယ်"ဟု Myanmar Polestar ခရီးသွားလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်မင်းထင်က ပြောသည်။
အက်ဖ်အီးစီဈေးနှုန်းအပြောင်းအလဲကြောင့် ဟိုတယ်များတွင်သာမက ခရီးသွားလုပ်ငန်းများတွင်လည်း နစ်နာမှုများရှိသည်ဟု ၎င်းက ပြောသည်။
"ပူးပေါင်းလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအနေနဲ့ကတော့ တစ်ယောက်က နာတယ်၊ တစ်ယောက်က သာတယ်ဆိုတာတွေကို မျှခံရ မယ်လို့ နားလည်ထားပါတယ်။ အဲဒီတော့ သူကော ကိုယ်ကော နစ်နာနေတဲ့အချိန်ဆိုရင်တော့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး လုပ်ဆောင် သွားရင် ဒါက ပြဿနာအကြီးကြီး မဟုတ်တော့ပါဘူး" ဟု ဦးကျော်မင်း ထင်က ပြောသည်။
Exotissimo ခရီးသွားလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စုစုတင်ကလည်း "အခု အက်ဖ်အီးစီဈေးတွေက ကျနေတော့ ဟိုတယ်တွေ၊ လေကြောင်း လိုင်းတွေက လက်မခံချင်ကြဘူး။ ခရီးသွားလုပ်ငန်းတွေနဲ့ အက်ဖ်အီးစီ၊ ဒါမှမဟုတ် အမေရိကန်ဒေါ်လာနဲ့ စာချုပ် ချုပ်ထားတယ်။ ဧည့်သည်တွေက ဒေါ်လာနဲ့ပေးရင်ပဲဖြစ်ဖြစ်၊ အက်ဖ်အီးစီနဲ့ပဲဖြစ်ဖြစ် ကုမ္ပဏီအနေနဲ့ လက်ခံတယ်။ ဒေါ်လာနဲ့ပေးရင် ဘဏ်ကိုအပ်ရပြီး ဘဏ်ကပြန်ထုတ်ပေးတဲ့အခါ အက်ဖ်အီးစီနဲ့ ပေးတယ်။ ဒါကြောင့် အက်ဖ်အီးစီလက်မခံဘူးဆိုတဲ့ ဟိုတယ်တွေကို ဒေါ်လာ ဘဏ်စာရင်းကနေ တိုက်ရိုက်လွှဲပေးမယ်လို့ ဒီဘက်က ညှိနှိုင်းပြောပါတယ်။ ဒါပေမယ့် ဒေါ်လာနဲ့ တိုက်ရိုက်ပေးဖို့ကတော့ အခက်အခဲရှိပါတယ်"ဟု ပြောသည်။
"အက်ဖ်အီးစီကိုလက်မခံတဲ့ဟိုတယ် ဆိုရင်တော့ ကိုယ့်ဘက်ကနေ ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် လုပ်ရပါတယ်။ အခု ဟာက ဟိုတယ်တွေ လိုချင်တဲ့ ဒေါ်လာကို အပြင်မှာပြန်လဲပြီး ပေးရမယ့်ပုံပါပဲ။ အဲဒီလိုဆို ခြားနားမှုကရှိနေတာဆိုတော့ လုံးဝ အဆင် မပြေနိုင်ပါဘူး။ ဘယ်လိုမှ ညှိလို့မရတဲ့ ဟိုတယ်ဆိုရင်တော့ ရေရှည်လက်တွဲ သွားဖို့ ခက်သွားပါမယ်"ဟု ခရီးသွား လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း "အက်ဖ်အီးစီနဲ့ပေးမယ်ဆိုရင်လည်း တတ်နိုင်သလောက် ဖောက်သည်တွေနဲ့ ညှိနှိုင်းပြီး လုပ်ရပါတယ်။တကယ်လို့ မြန်မာငွေနဲ့ပေးဖို့ အဆင်ပြေရင်လည်း လုပ်ပေးရပါတယ်"ဟု ဆိုသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်စာတွင် ဘဏ် စာရင်းရှိသော ဟိုတယ်များအတွက် ဘဏ်လွှဲပြောင်းစနစ်ဖြင့် ငွေပေးချေနိုင်သော်လည်း ဘဏ်စာရင်းမရှိသောဟိုတယ်များ အနေဖြင့် အက်ဖ်အီးစီကိုသာ ကိုင်ဆောင်ခွင့်ရှိပြီး ငွေပေးချေရာတွင် မြန်မာကျပ်ငွေဖြင့် ပေးချေရေးညှိနှိုင်း ဆောင်ရွက်ရန် ဖော်ပြထားသည်။

Artikel Terkait:

0 comments:

Post a Comment