အတွဲ ၂၅ ၊ အမှတ် ၄၉၈ ၊ ၂၃-၁၂-၂၀၁၀ ရဲလင်းထွဋ်

အသစ်ဖွင့်လှစ်လိုက်သည့် ဧရာဝတီဘဏ်ရှိ ၀န်ထမ်းများကို တွေ့ရစဉ်။
ဓာတ်ပုံ-ကေသီတာမြင့်သိန်းဖေ
လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ အစိုးရဘဏ်ကြီး လေးခုရှိပြီး ပုဂ္ဂလိက ပိုင်ဘဏ် ၁၉ ခုရှိကာ ထိုထဲတွင် အများ ပိုင်ဘဏ်အမျိုးအစား ငါးခု ပါဝင်သည်။
ဘဏ်များ တိုးမြှင့်ဖွင့်လှစ်လာသည့်အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ အတွေ့ အကြုံရှိ ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်လာသည့် နည်းတူ အတွေ့အကြုံမရှိသည့် ၀န်ထမ်းသစ်များကိုလည်း ခန့်အပ်၍ လေ့ကျင့် သင်ကြားပေးမှုများ ပြုလုပ်ရန် လိုအပ်လာသည်ဟု ဆိုသည်။
ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက "အသစ်ဖွင့်လှစ်ခွင့်ရတဲ့ ဘဏ် လေးခုမှာ ဘဏ်တစ်ခုကို ၀န်ထမ်း ၁,၀၀၀ လိုအပ်တယ်ဆိုရင် ၇၀ ရာခိုင်နှုန်းက အတွေ့အကြုံရှိတဲ့သူတွေ လိုအပ်ပြီး ၃၀ ရာခိုင်နှုန်းက အတွေ့အကြုံမရှိတဲ့ သူတွေကို ခန့်ရမယ်။ ဒါမှမဟုတ်လည်း အတွေ့အကြုံရှိ ၄၀ ရာခိုင်နှုန်းနဲ့ အတွေ့အကြုံမရှိ ၆၀ ရာခိုင်နှုန်းဆိုပြီး ခန့်ရ မယ်"ဟု ပြောသည်။
စီဘီဘဏ်မှ တာဝန်ရှိသူတစ်ဦးက "အခု ကျွန်တော်တို့ခေါ်တာက သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ ဘဏ်ခွဲတွေအ တွက် ကြိုခေါ်ထားတာ။ အဲဒီအတွက် လိုမှာက ဥပမာ လူ ၈၀ လောက်လိုတဲ့ဟာကို လျှောက်ထားတဲ့လူက ၇၀၀၊ ၈၀၀ လောက်ရှိ တယ်။ ဒီထဲမှာ ကွာလဖိုင်းဖြစ်တာ မဖြစ်တာ ရှိဦးမယ်။ တချို့ အသက်ကျော်သွားတာပါမယ်။ အဓိကက ကွာလဖိုင်း မဖြစ်ဘူး။ ဒါကြောင့် ဘဏ်ခွဲတွေကလည်း ဖွင့်ဖို့ကြာဦးမယ်ဆိုတော့ ဒီလူတွေအတွက်ကို ကြိုပြီးတော့ ထရိန်းလုပ်ထားမှာ"ဟု ဆိုသည်။
"ဘဏ်တွေများများဖွင့်ရင် လူများများ အလုပ်ရမှာပေါ့ဗျာ။ ဥပမာ ဟင်္သတဆို ဟင်္သတမှာဖွင့်ရင် လူ ၃၀ လောက် အလုပ်ရသွားပြီ။ အဲဒီမှာ အလုပ်မရှိတဲ့လူ ၂၀၀ လောက်ရှိရင်လည်း ရှိမှာပေါ့။ ပုသိမ်မှာဆိုလည်း လူ ၂၀၀ လောက် အလုပ်မရှိပေမယ့် လူ ၄၀ လောက် အလုပ်ရသွားမယ်။ အဲဒီတော့ ဂျော့ခရီရေးရှင်းတွေ ပေါ်လာတာပေါ့။ ဘဏ်ခွဲများများဖွင့်နိုင်ရင် ပိုလာမှာပေါ့။ အထူးသဖြင့် မိန်းက လေးတွေ များလာတယ်။ ယောက်ျားလေးက နိုင်ငံခြားသွားဘာသွားနဲ့ သိပ်မရှိဘူး။ "ဘဏ်ဝန်ထမ်းသစ်တွေအတွက်က ဘွဲ့ရဖြစ်ရ မယ်၊ အသက် ၂၅ နှစ်ထက် မကျော်ရဘူး၊ ဧည့်ကြိုဝန်ထမ်းအတွက်ကတော့ အခြေခံပညာအထက်တန်းအောင်၊ အသက် ၂၀ မကျော် ရဘူး"ဟု ၎င်းက ပြောသည်။
လက်ရှိကာလတွင် စီဘီဘဏ်များတွင်တာဝန်ထမ်းဆောင်နေသော ဘဏ်ဝန်ထမ်း ၁,၀၀၀ ကျော်ရှိနေပြီး ဘဏ်ဝန်ထမ်းသစ်များကို Basic Banking Training တစ်လခွဲကြာ သင်ကြားပေး ပြီး လုပ်ငန်းခွင်ရှိဘဏ်ဝန်ထမ်းဟောင်း များအား Foreign Banking စနစ် ကိုမူ အတွေ့အကြုံရှိဆရာများဖြင့် သင်ကြားပေးလျက်ရှိသည်။
ပုဂ္ဂလိကပိုင်ဘဏ်များသည် အစိုးရ သစ်ပေါ်ပေါက်လာပါက ဘဏ်လုပ်ငန်းဆိုင်ရာမူဝါဒသစ်များ ပြောင်းလဲ ပေါ်ပေါက်လာနိုင်သည့် အတွက် နည်းပညာသစ်များဖြင့် လုပ်ငန်းအရှိန်အဟုန်များ တိုးမြှင့်လုပ်ဆောင်သွားရန် ပြည်တွင်း ပြည်ပမှ နည်းပညာကုမ္ပဏီများ၏ ကုန် ပစ္စည်းနှင့် နည်းပညာ မိတ်ဆက်ဆွေး နွေးပွဲများကို လေ့လာမှုတစ်ရပ်အနေ ဖြင့် သတင်းအချက်အလက် စုဆောင်းထားသည့် အဆင့်သာ ရှိသေးသည်ဟု ဆိုသည်။
"ဟိုတစ်လောက ဘဏ်နဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေတော်တော်များများ ရခဲ့ကြတယ်။ နောက်ထပ်လည်း ဘဏ်သစ်တွေဖွင့်လာ နိုင်တဲ့ အခြေအနေမှာ အလုပ်တော်တော်များများ ရနိုင်ကြတယ်။ ကျွန်တော်တို့ဆီကတော့ ပို့ပေးလိုက်တယ်။ အဲဒီထဲကနေပြီးတော့မှ သူတို့တွေက ပြန်ရွေးကြတာဖြစ်တယ်။ ဒါပေမယ့် ဘဏ်ကျတော့ တော်တော်များများ အလုပ်အကိုင်ရဖို့ စိတ်ဝင်စားတဲ့သူ များတယ်။
"အဲဒီထဲကမှ ဘဏ်တွေက အကြီး တန်းရာထူးအတွက် အတွေ့အကြုံရှိတဲ့ သူတွေ ရွေးခေါ်ကြတယ်။ အသစ်တွေကတော့ သူတို့က ခန့်ပြီး Well Train ပြန်လုပ်တာပေါ့။ အတွေ့အကြုံရှိတဲ့သူတွေက ရာထူးနေရာအားဖြင့် နည်းသွားတော့ အသစ်တွေကို ခေါ်တဲ့အပိုင်း က ပိုများတာပေါ့"ဟု Device Services Company Limited ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေးမှ ဒါရိုက်တာ ဦးတင်ထွန်းကျော်က ပြောသည်။
AGD အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက "ဘဏ်တွေလုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွက် ဒီ ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာနဲ့ မတွေ့ရစေဖို့ ကုမ္ပဏီတွင်းမှာ ဘဏ်လုပ်ငန်းကျွမ်းကျင်ပညာရှင်တွေကနေ ၀န်ထမ်းတွေကို သင်တန်းပေးထား တာ အခုဆိုရင် ၃၀၀ ကျော်လောက်ရှိပြီ။ "ဘဏ်တစ်ခုချင်းစီအတွက် ၀န်ထမ်း လိုအပ်ချက်က ၄၀ လောက်ရှိတယ်။ နောက်ထပ် ဘဏ်တွေလည်း ထပ်ဖွင့်မှာဆိုတော့ ဒီအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောလည်းပါပါတယ်။ အဲဒီလို လုပ်ထားတဲ့အတွက် ကျွမ်းကျင် ၀န်ထမ်းရှားပါးမှုပြဿနာနဲ့ မကြုံတွေ့ရတော့ဘူး"ဟု ဆိုသည်။
"ဘဏ်လုပ်ငန်းက နိုင်ငံတကာနဲ့အတူ ကျယ်ပြန့်လာရင် နည်းပညာတတ်ကျွမ်းသူတွေ ပိုလိုအပ်လာမယ်။ သူ့လုပ်ငန်းစဉ်တတ်ကျွမ်း သူတွေလည်း လိုအပ်လာမယ်။ အခုချိန်မှာ နိုင်ငံခြားထွက်ပြီး Online Banking စနစ်တွေ၊ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာဘာသာရပ် တွေကို သင်ယူတဲ့သူတွေက နောင်တစ်ချိန် ပြန်လာတဲ့အခါ အသုံးချဖို့ အဆင်သင့်ဖြစ်နေရင် သူတို့တွေအတွက် အလုပ်အကိုင်နေရာ ကောင်းကောင်းတွေလည်း အဆင်သင့်ဖြစ်နေမှာ အသေအချာပါ" ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံအရာရှိ ဦးအောင်ကျော်ဆန်းက ပြောသည်။
Artikel Terkait:




0 comments:
Post a Comment