Saturday, December 18, 2010

တရုတ် ကုမ္ပဏီ လေးခုထက်မနည်း မြန်မာ့ဈေးကွက်တွင် ဈေးသက်သာသော မော်တော်ယာဉ်များ လာရောက် ရောင်းချမည်


ရန်ကုန် ဒီဇင်ဘာ ၁၅
နယ်ပယ် အသီးသီးတွင် မြန်မာနိုင်ငံနှင့် ပမာဏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာသည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီများ ဖြစ်ကြသော DFM Mini Auto၊ Guangxl Nanning Vision၊ SHANDONG SHIFENG (GROUP)၊ WUHU DIMC RUIJIANG ကုမ္ပဏီတို့ အပါအဝင် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ လေးခုထက်မနည်း မြန်မာ့ဈေးကွက်သို့ မော်တော်ယာဉ် လာရောက် ရောင်းချရန်ရှိကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။
ရန်ကုန်မြို့ ဒဂုံမြို့နယ် တပ်မတော်ခန်းမတွင် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ပြုလုပ်သော တရုတ်နိုင်ငံ စက်မှုကုန်ထုတ်ပြပွဲတွင် အဆိုပါ မော်တော်ယာဉ်ကုမ္ပဏီ တာဝန်ရှိသူများက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
အိမ်စီး မော်တော်ယာဉ်ငယ်များနှင့် အသေးစား ကုန်တင်ယာဉ်များထုတ်လုပ်ရောင်းချသော DFM Mini Auto ကုမ္ပဏီထုတ် မော်တော်ယာဉ်များကို ပြည်တွင်း ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရန် စီစဉ်လျက်ရှိကြောင်း၊ ခုနစ်ယောက်စီး မော်တော်ယာဉ်ငယ်များ အပါအ၀င် အသေးစား ကုန်တင်ယာဉ်ငယ်များအထိ ရောင်းချပေးရန် ရှိကြောင်း၊ ရောင်းချ မည်ဆိုပါက မော်တော်ယာဉ်တစ်စီးလျှင် ကျပ်သိန်းတစ်ရာကျော် ၀န်းကျင်ဖြင့် ရောင်းချဖွယ်ရှိကြောင်း DFM Mini Auto ပြခန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
" လောလောဆယ် ပြခန်းမှာ ပြထားတဲ့ကားတွေက ရောင်းဖို့မပါဘူး။ ပြထားရုံ သက်သက်ပဲ။ ပြည်တွင်းဈေး ကွက်မှာ ရောင်းချဖို့ စီစဉ်နေပါတယ်။ ဘယ်ဈေးနှုန်းနဲ့ ရောင်းမလဲ ဆိုတာအပါအဝင် အတော်များများ ညှိနေတယ်။ ခန့်မှန်းခြေဈေးနှုန်းက ကားသစ်တစ်စီးကို သိန်းတစ်ရာကျော်လောက်ရှိမယ်။ ဒါက ခုနစ်ယောက်စီးပါ။ မုန့်လုံးလို ကားပုံစံမျိုး။ ကားပုံစံကိုလိုက်ပြီး ဈေးက နည်းသွားမယ် " ဟု DFM Mini Auto ကုမ္ပဏီပြခန်း တာဝန်ရှိသူက ရှင်းပြသည်။
VMEC အမှတ်တံဆိပ် လေအိတ်ခရီးသည်တင် မော်တော်ယာဉ်ကြီးများနှင့် အသေးစား မော်တော်ယာဉ်များ ထုတ်လုပ် ရောင်းချသည့် Guangxl Nanning Vision Mechanical & Electrical ကုမ္ပဏီပြခန်းမှ တာဝန်ရှိသူတစ်ဦးကမူ မြန်မာနိုင်ငံတွင် လူကြိုက်များသော Light Truck ပုံစံ အသေးစား ကုန်တင်ယာဉ်ငယ်များနှင့် လေအိတ် ခရီးသည်တင် မော်တော်ယာဉ်များ ဖြန့်ဖြူး ထုတ်လုပ် ရောင်းချလိုကြောင်း၊ လတ်တလော ပြည်တွင်းဈေးကွက်တွင် ပူးပေါင်း ဆောင်ရွက်လိုသော မြန်မာလုပ်ငန်းရှင်နှင့် ကုမ္ပဏီများ ရှာဖွေလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ခြင်း မပြုဘဲ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တိုက်ရိုက် တင်သွင်း ရောင်းချလိုပါကလည်း စီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ပြခန်းတာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
" VMEC အမှတ်တံဆိပ် Light Truck ကားငယ် အသစ်တစ်စီးကို အမေရိကန်ဒေါ်လာ လေးထောင်ပါ။ ခရီးသည်တင် လေအိတ်ကားကြီး တစ်စီး တရုတ်အင်ဂျင်နဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၇၈,၀၀၀၊ ကိုရီးယား အင်ဂျင်ဆိုရင် ဒေါ်လာ ၁၁၁,၀၀၀၊ ဂျပန်အင်ဂျင်ဆိုရင် ဒေါ်လာ ၈၆,၀၀၀ ပါ။ ပူးပေါင်း ဆောင်ရွက်ချင်တဲ့ လုပ်ငန်းရှင် ရှာနေပါတယ်။ ရုံးခွဲဖွင့်ပြီး ကားတင်သွင်း ရောင်းဖို့လည်း ရှိတယ်။ မြန်မာနိုင်ငံမှာပဲ တပ်ဆင် ထုတ်လုပ်ချင်ရင်လည်း တရုတ်ကုမ္ပဏီနဲ့ တိုက်ရိုက် ညှိလို့ရတယ် " ဟု VMEC မော်တော်ယာဉ်ပြခန်း တာဝန်ရှိသူက ပြောကြားသည်။
SHANDONG SHIFENG (GROUP) ကုမ္ပဏီကလည်း လယ်ထွန်စက်များ၊ ကုန်တင်ယာဉ်ကြီးများ ရောင်းချရန် ပြသထားပြီး လယ်ထွန်စက် တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၈၀၀ ဖြင့် ရောင်းချပေးမည်ဟု ကုမ္ပဏီပြခန်းမှ တာဝန်ရှိ တရုတ်နိုင်ငံသားတစ်ဦးက ရှင်းလင်းပြောကြားသည်။
မော်တော်ယာဉ် ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီများသာမက မော်တော်ဆိုင်ကယ် ထုတ်လုပ်ရောင်းချသည့်  ကုမ္ပဏီများနှင့် အကြီးစား စက်မှုလက်မှု ကုန်ပစ္စည်းထုတ် ကုမ္ပဏီကြီးများကလည်း ၎င်းတို့ ကုမ္ပဏီ ထုတ်ကုန်ပစ္စည်းတို့ကို ပြသခဲ့ကြသည်။

Artikel Terkait:

0 comments:

Post a Comment