Friday, December 31, 2010

ရေထွက်ကုန်များ တရုတ်သို့ နယ်စပ်ကုန်သွယ်ရေးဖြင့် တင်ပို့ရာတွင် မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးထွက်ပေါက်များမှ တင်ပို့နေသော်လည်း မူဆယ်လမ်းကြောင်းမှသာ အဓိကသွားနေ

Eleven Media Group 30, 12, 2010

3403
     ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် တင်ပို့မှုပြုရာတွင် နယ်စပ်ထွက်ပေါက်များ ဖြစ်သည့်မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့မှ တင်ပို့နေသော်လည်း မူဆယ်လမ်းကြောင်းမှ သားရေထွက် ပစ္စည်းအများဆုံးသွားနေပြီး ချင်းရွှေဟော်နှင့် ကန်ပိုက်တီး တို့မှာ ဈေးကွက်အနေအထားအရ ထိရောက်မှုမရှိသေးကြောင်း သိရသည်။
    ယင်းကိစ္စနှင့်ပတ်သက်ပြီး မွေး မြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးဦးမောင်မောင်သိမ်းက "ကဏန်း နဲ့ငါးရှဥ့်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက သွားတာများတယ်။ ကဏန်း၊ ငါးရှဥ့်နဲ့ပတ်သက်ပြီး ရောင်းသူဈေးကွက် ဖြစ်ချင်တဲ့အတွက် မူဆယ်မှာ နယ်စပ်ကုန်သွယ်ရေးဇုန် ကို တည်ဆောက်ပြီး ရောင်းသူဈေးကွက်ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေ အချိန်အခါမှာ လုပ်ငန်းရှင်တွေက ချင်းရွှေဟော်၊ ကန်ပိုက်တီးဘက်က သွားချင်တယ်လို့ ပြောကြတယ်။ ဒါနဲ့ ပတ်သက်လို့ ဒီဟာတွေကို ပုဂ္ဂလိက ကဏ္ဍကို ပေးထားပြီးဖြစ်လို့ ပုဂ္ဂလိက ကဏ္ဍကသာ ညီညီညွတ်ညွတ် ဆုံးဖြတ်ရင် ဖြစ်နိုင်တယ်လို့ ပြောခဲ့ရတယ်။ ဒါပေမယ့် မူဆယ်မှာက နယ်စပ်ကုန်သွယ်ရေးဇုန် ရှိတယ်။ ချင်းရွှေဟော်မှာက မရှိသေးဘူး။ ပြီးတော့ တခြားအဖွဲ့အစည်းတွေ ရှိသေးတယ်။ ကုန်သည်တွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ အဲဒီဘက်ကို သွားဖို့လာဖို့ အခက်အခဲလေးတွေ ရှိသေး တယ်" ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်အောက်ရှိ အသင်းအဖွဲ့များ၏ နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။
    "ကန်ပိုက်တီးကိုလည်း ငါးရှဥ့်လုပ်ငန်းရှင်တွေ သွားရောက်ပြီး ကုန်သွယ်မှုလုပ်ခဲ့ကြတယ်။ ဒါပေမယ့် ဟိုဘက်က အသင့်မဖြစ်သေးတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ချင်းရွှေဟော် ကို ဘာကြောင့် အားမပေးတာလဲဆိုရင် မူဆယ်လို ကုန်သွယ်ရေးဇုန်မရှိသေးဘူး၊ ဈေးကွက်မရှိဘူး၊ ကုန်သွယ်ရေးဇုန်ရှိလာရင်တော့ တင်ပို့ ဖို့အားပေးမှာဖြစ်တယ်။ ဒီလိုပဲ ကန်ပိုက်တီးမှာလည်း ကွန်တိန်နာရပ်ပြီး လုပ်ဖို့မြေနေရာတောင်မရှိတဲ့ အခြေအနေပါ"ဟုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။
     ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်း တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရှဥ့်လုပ်ငန်းရှင်များ၏ အခက်အခဲ အဆင်ပြေစေရန်အတွက် ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းမှ ငါးရှဥ့်တင်ပို့ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
    ငါးရှဥ့်တင်ပို့မှုအား အခြားနယ်စပ် ထွက်ပေါက်ဖြစ်သည့် ချင်းရွှေဟော်မှ တရုတ်ဘက်သို့တင်ပို့နိုင်ရန် ငါးရှဥ့်လုပ်ငန်းရှင်အချို့က အဆိုပြုထားသော်လည်း ချင်းရွှေဟော်တွင် ငါးရှဥ့်အရည်အသွေး စစ်ဆေးရေး စခန်းမရှိသေး၍ သက်ဆိုင်ရာက ခွင့်ပြုခြင်းမရှိသေးကြောင်းနှင့် ချင်းရွှေဟော်တွင် ငါးရှဥ့်အရည်အသွေး စစ်ဆေးရေးစခန်း ဖွင့်လှစ်နိုင်ရန် လုပ်ငန်းရှင်များက ပံ့ပိုးမှုများပေးနိုင်ပါက ၎င်းထွက်ပေါက်မှလည်း တင်ပို့ခွင့်ပြုသွားဖွယ် ရှိကြောင်းသိရသည်။ လက်ရှိတွင် ချင်းရွှေဟော်မှ ကဏန်းတင်ပို့ မှုကိုသာ ကားအစီးရေကန့်သတ် တင်ပို့ခွင့်ပြုထားကြောင်း သိရသည်။
     မူဆယ် နယ်စပ်ကုန်သွယ်ရေး မှ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် ကဏန်း၊ ငါးရှဥ့်တင်ပို့မှုမှာ ရေထွက်ကုန်တင်ပို့မှုများ၏ သုံးပုံတစ်ပုံခန့် ရှိနေပြီး ဒီဇင်ဘာလ ၁၂ ရက်အထိ မူဆယ်နယ်စပ်ထွက်ပေါက်မှ ရေထွက် ပစ္စည်းတင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ဖြစ်ကြောင်း သိရသည်။

Artikel Terkait:

0 comments:

Post a Comment