တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နယ်စပ်ဂိတ်ကို တွေ့ရစဉ်
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်တွင် မြန်မာနိုင်ငံနှင့်ဒေသတွင်း နိုင်ငံများ၏ကုန်သွယ်မှုအား လေ့လာကြည့်ပါက ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၀၃၅ သန်းဖြင့် ထိုင်းနိုင်ငံက အစဉ်အလာမပျက် နံပါတ်(၁)နေရာမှ ဦးဆောင်နေဆဲ ဖြစ်ကြောင်း အလားတူ တရုတ်နိုင်ငံအနေဖြင့်လည်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၁၀၅၄ ဖြင့် ဒုတိယနေရာမှ ဦးဆောင်နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရရှိသော ကိန်းဂဏန်းများအရ သိရှိရပါသည်။
"ဒီနှစ် မြန်မာနိုင်ငံနဲ့ အဓိက ကုန်သွယ်မှုပြုတဲ့ အိမ်နီးချင်းကုန်သွယ်ဖက် နိုင်ငံတွေရဲ့ကုန်သွယ်မှု ပမာဏကိုကြည့်ရင် ထိုင်းနိုင်ငံနဲ့ အများဆုံးဖြစ်ပြီး လာအိုနိုင်ငံနဲ့ အနည်းဆုံးပါ"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
သို့သော် နယ်စပ်ကုန်သွယ်ရေးမှာမူ တရုတ်နိုင်ငံနှင့် အားကောင်းနေကြောင်း၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အလားတူကာလတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၄၀ ခန့်သာ ရှိခဲ့သည့်အတွက် ယခုနှစ် ရရှိခဲ့သည့် သန်း ၁၀၀၀ ၀န်းကျင်ပမာဏမှာ ယခင်နှစ်ထက် သိသာစွာ များပြားနေကြောင်းလည်း သိရသည်။
နယ်စပ် ကုန်သွယ်ရေးတွင်မူ လတ်တလော အခြေအနေ၌ မူဆယ်နှင့်မြ၀တီ နယ်စပ်ကုန်သွယ်ရေး နှစ်ခုသည် Normal Trade a&m Border Trade ပါ ကျင့်သုံးနေသော အကြီးဆုံးနယ်စပ်စခန်းများဖြစ်ပြီး လက်ရှိအခြေအနေတွင် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ နေ၍ နေ့စဉ်ကားအစီး ၁၀၀ ကျော် ကုန်ပစ္စည်းများ သယ်ဆောင်စီးဆင်းမှု ရှိနေကြောင်း သိရှိရ သည်။
"ဒီနှစ်မှာတရုတ်ဘက်က လယ်ယာထွက်ကုန် ပစ္စည်းတို့၊ ပဲမျိုးစုံတို့ ၀ယ်အားကောင်းနေပါတယ်။ နေ့စဉ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ပဲကား၊ ပြောင်းကားတွေ တန်းစီနေပါတယ်။ ပြီးတော့ ဒီတစ်ပတ်ဆိုရင် နှမ်းတင် ပို့မှုလည်းကောင်းပါတယ်"ဟု နယ်စပ်ကုန်သည် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ထိုင်းနိုင်သို့မူ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း များတင်ပို့မှုထက် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ ရရှိနေကြောင်း သိရှိရသည်။
၂၀၁၀ ဒီဇင်ဘာလ ၇ ရက်နေ့အထိ မြန်မာ့အိမ်နီးချင်း ငါးနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ (အမေရိကန်ဒေါ်လာ)
မြန်မာ-ထိုင်း ၂၀၃၅ သန်း
မြန်မာ-တရုတ် ၁၀၅၄ သန်း
မြန်မာ-အိန္ဒိယ ၇၀၉သန်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် ၆၈သန်း
မြန်မာ-လာအို ၀.၈၈သန်း
Eleven Media Group.
Artikel Terkait:




0 comments:
Post a Comment