Tuesday, December 28, 2010

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၏ ကျားဖြူ အများပိုင် ကုမ္ပဏီ အစုရှယ်ယာ တစ်သန်း ရောင်းမည်


ရန်ကုန် ဒီဇင်ဘာ ၂၀
၂၀၁၀ ရွေးကောက်ပွဲတွင် တတိယ လွှတ်တော် ကိုယ်စားလှယ် အရေအတွက် အများဆုံး ရရှိထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP က ထူထောင်မည့် ကျားဖြူ အများပိုင် ကုမ္ပဏီက အစုရှယ်ယာ တစ်သန်း ရောင်းချသွားမည် ဖြစ်ကြောင်း ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီ က The Voice Weekly သို့ ပြောကြားသည်။
လောလောဆယ်တွင် " ကျားဖြူ " အမည်ြဖင့် အများပိုင် ကုမ္ပဏီ ထူထောင်ရန် ပညာရှင်များနှင့် တိုင်ပင်၍ လိုင်စင် လျှောက်ထားမည် ဖြစ်ကြောင်း၊ ကုမ္ပဏီ ထူထောင် ပြီးပါက ငွေလည်ပတ် စီးဆင်းမှု မြန်သည့် ကုန်သွယ်ရေး လုပ်ငန်းများ၊ သတ္တု တူးဖော်ရေး လုပ်ငန်းကဲ့သို့ လုပ်ငန်းမျိုးတွင် ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း၊ အဆိုပါ အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာများကို ပါတီဝင်များကိုသာ ၀ယ်ယူခွင့်ပြုမည် ဖြစ်ပြီး ပါတီဝင် တစ်ဦးလျှင် အများဆုံး အစုရှယ်ယာ တစ်သန်း၏ ၀ ဒသမ ၁ ရာခိုင်နှုန်း အထိသာ ၀ယ်ယူခွင့် ပြုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
" အစုရှယ်ယာ တစ်စုကို ကျပ် တစ်သောင်းနှုန်းနဲ့ အစုရှယ်ယာ တစ်သန်း ရောင်းသွားမှာပါ " ဟု ၎င်းက ဆိုသည်။
SNDP ပါတီမှ တာဝန်ရှိသူ တစ်ဦးက အဆိုပါ ကျားဖြူ အများပိုင် ကုမ္ပဏီမှ ရရှိမည့် အကျိုးအမြတ်များ၏ ၇၅ ရာခိုင်နှုန်းကို အစုရှယ်ယာရှင်များအား ခွဲဝေပေးမည် ဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းကို ပါတီ ရန်ပုံငွေ အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုသည်။
လင်းခေးမြို့နယ်မှ အနိုင်ရရှိထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှကျော်က " ဒီအများပိုင် ကုမ္ပဏီကို ပါတီဝင်တွေ တော်တော်များများက စိတ်ဝင်စားကြပါတယ်။ အခု လောလောဆယ်တော့ ကုမ္ပဏီ လိုင်စင်လျှောက်ဖို့ သင်းဖွဲ့စည်းမျဉ်းတွေ ရေးဆွဲဖို့ စီစဉ်နေတုန်းပဲ ရှိပါသေးတယ် " ဟု ဆိုသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက " ပါတီပိုင် စီးပွားရေးလုပ်ငန်း လုပ်ဖို့တော့ ကြိုးစားနေပါတယ်။ ပါတီက ငွေကြေးတော့ မတတ်နိုင်ဘူး။ ဒါပေမဲ့ နီးစပ်ရာ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး လုပ်ဖြစ်ရင် လုပ်ဖြစ်မယ် " ဟု ပြောဆိုသည်။
လက်ရှိအခြေအနေတွင် ရန်ပုံငွေ မရှိသည့်အတွက် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရန် မရှိသေးကြောင်း၊ နောင်အနာဂတ်တွင် ရန်ပုံငွေများလာ၍ သော်လည်းကောင်း၊ ပါတီခေါင်းဆောင်များကို တစ်ဦးလျှင် အနည်းဆုံးကျပ် ငါးသိန်းစီ ထည့်ဝင်စေ၍ သော်လည်းကောင်း စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်ရန် လျာထားကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေက The Voice Weekly သို့ ပြောကြားသည်။
အများက ကျားဖြူဟု ခေါ်ဝေါ်ကြသည့် ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) သည် ၂၀၁၀ ရွေးကောက်ပွဲ တွင် လွှတ်တော် အသီးသီး၌ ကိုယ်စားလှယ်လောင်း ၁၅၆ ဦးဖြင့် စတုတ္ထမြောက် ကိုယ်စားလှယ် အများဆုံး ပါတီအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၅၇ ဦး အနိုင်ရရှိခဲ့ပြီး တတိယမြောက် ကိုယ်စားလှယ် အရေအတွက် အများဆုံး အနိုင်ရရှိထားသည့် အင်အားကြီးပါတီ တစ်ခု ဖြစ်သည်။

Artikel Terkait:

0 comments:

Post a Comment