Saturday, December 18, 2010

ပြည်တွင်းသို့ ကုန်ပစ္စည်းများတင်သွင်းနိုင်ငံစာရင်း၌ အင်ဒိုနီးရှားက စတုတ္ထအဆင့်၌ ရပ်တည်ရန် ကြိုးပမ်း

အတွဲ ၂၅ ၊ အမှတ် ၄၉၇ ၊ (MT) ၁၇-၁၂-၂၀၁၀ ဂျူးလိယက်


မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းတင်သွင်း သည့်နိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံ သည် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ပထမ ငါးလပတ်အတွင်း ဂျပန်နှင့် အိန္ဒိယ နိုင်ငံများကိုကျော်ကာ စတုတ္ထ အများ ဆုံး တင်သွင်းသည့်နိုင်ငံအဖြစ် ရောက်ရှိနေသည်။

အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းပစ္စည်း တန်ဖိုးမှာ ဧပြီမှ ဩဂုတ်လအထိ ကျပ် သန်းပေါင်း ၅၈၆ သန်း ဖြစ်ခြင်းကြောင့် ဂျပန် တင်သွင်း တန်ဖိုး ကျပ် ၅၀၅ သန်း နှင့် အိန္ဒိယ တင်သွင်းတန်ဖိုး ကျပ်သန်း ၃၄၁ ထက် ပိုမိုများပြားစွာ တင်သွင်းနိုင်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ စာရင်းဇယား၌ ဖော်ပြထားသည်။
ယမန်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ အဆိုပါနိုင်ငံများမှ တင်သွင်းပမာဏကို ကြည့်ပါက အင်ဒိုနီးရှားက ကျပ် သန်း ၇၆၀ ဖြင့် ရှစ်ခုမြောက် အများဆုံး တင်သွင်းသည့်နိုင်ငံတွင် ရှိခဲ့သည်။

ယင်းကာလတွင် တရုတ်မှ ကျပ်သန်း ၆,၈၅၀၊ ဂျပန်မှ ကျပ်သန်း ၁,၄၁၀၊ အိန္ဒိယမှ ကျပ် ၁,၀၅၈ သန်း၊ တောင်ကိုရီးယားမှ ကျပ်သန်း ၁,၂၂၀၊ စင်ကာပူမှ ကျပ်သန်း ၆,၅၉၀၊ ထိုင်းမှ ကျပ် သန်း ၂,၀၇၀ နှင့် မလေးရှားမှ ကျပ် သန်း ၈၇၀ အသီးသီးမှ တင်သွင်းမှု နောက် တွင် ရပ်တည်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းပမာဏ မြင့်တက်လာခြင်းမှာ အင်ဒိုနီးရှားသံရုံး မှ နှစ်ဖက်နိုင်ငံအား အင်ဒိုနီးရှားရှိ ကုန်သွယ်မှုဆိုင်ရာ ကုန်စည်ပြပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲများအပြင် မြန်မာနိုင်ငံအတွင်း ကျင်းပသည့် ကုန်စည်ပြပွဲများတွင် အင်ဒိုနီး ရှားမှ ကုန်သည်များအား ပါဝင်ရန် ဖိတ်ခေါ်ခြင်း စသည်တို့၏ ရလဒ်တစ် စိတ်တစ်ဒေသဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံရုံး၏ ဒုတိယ အတွင်းဝန် မစ္စတာဂိုပေါက်ခ်ဆန် စီတူ မိုရန်က ပြောသည်။

အနာဂတ် နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်ရေးအတွက် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်များအချင်းချင်း သတင်းအချက်အလက်များ ဖလှယ်နိုင်စေရန် အခြေအနေများ ဖန်တီးပေးကြောင်း နှင့် ရွေးကောက်ပွဲအပြီးတွင် ကုန်သွယ်မှုအခြေအနေများ ပိုမို တိုးတက်လာ နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြော ကြားသည်။

အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ စက်ပစ္စည်းနှင့် အပိုပစ္စည်းများ၊ ရိုးရာဆေးဝါး ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်များ စသည်တို့ဖြစ်ပြီး အင်ဒိုနီး ရှားနိုင်ငံသို့ မြန်မာနိုင်ငံမှတင်ပို့သည့် ပစ္စည်းများတွင် ရေထွက် ပစ္စည်းများ၊ ကြက်သွန်ကဲ့သို့ စားသောက်ကုန်များ ပါဝင်ကာ အင်ဒိုနီးရှားနိုင်ငံသည် ယမန်နှစ်ကဲ့သို့ပင် မြန်မာနိုင်ငံမှ တင်ပို့ မှု အများဆုံးနိုင်ငံများအနက် အဆင့် ရှစ်နေရာတွင် ကျပ် သန်း ၁၁၅ ဖြင့် ရပ်တည်လျက်ရှိသည်။
အင်ဒိုနီးရှားသံရုံး စာရင်းများအရ လက်ရှိအထိ မြန်မာနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှုမှာ ဒေါ်လာ ၂၄၁ မီလျံ ရှိသည်။

"ဂျာဖာနဲ့ ကာလ်ဘေဖားမားတို့က မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံကြတဲ့ အင်ဒိုနီးရှား ကုမ္ပဏီတွေထဲက အကြီး ဆုံးနှစ်ခုပါ"ဟု အင်ဒိုနီးရှားသံရုံးမှ တတိယအတွင်းဝန် မစ္စဒီဟာစတီ ကာလစ်စတာ စီရယ်ဂါးက ပြောသည်။
ဂျာဖာမှာ အင်ဒိုနီးရှားအခြေစိုက် မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ကာ ကာလ်ဘေဖားမားမှာမူ ဆေးဝါးထုတ် လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
သို့သော်လည်း နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက အကောင် အထည်ဖေါ်ရန် ကြိုးပမ်းခဲ့သည့် တိုက်ရိုက် ဘဏ်လုပ်ငန်းတစ်ခုတည်း ဖြင့်သာ ပိုမိုထိရောက်မှု ရှိလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

"မြန်မာနိုင်ငံက ကုန်တိုက်တွေမှာ ကြည့်မယ်ဆိုလည်း အင်ဒိုနီးရှားက ထုတ်တဲ့ ခရမ်းချဉ်သီးနဲ့ ငရုတ်သီး အချဉ်ရည်တွေကို စင်ကာပူ နိုင်ငံက ပစ္စည်းအနေနဲ့ စာသားတွေ တွေ့ရပါတယ်။ စင်ကာပူက ဖြန့်ဝေသူအနေနဲ့ ဆောင်ရွက်နေလို့ အင်ဒိုနီးရှားပစ္စည်းရဲ့ အမြတ် အချို့က စင်ကာပူကို ရောက်သွားလို ဖြစ်နေပါတယ်"ဟု မစ္စဒိုင်ယာ စတီကလီစတာ စာရ်ဂါက ပြောသည်။

"ငွေကြေးဆိုင်ရာ ကုန်သွယ်မှုနဲ့ ငွေ လဲလှယ်မှုနှုန်း ပြောင်းလဲခြင်းသဘော သဘာဝ၊ နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်နဲ့ ဗဟိုဘဏ်ရဲ့ တံခါးဖွင့် ဈေးကွက်ကိုင်တွယ်မှု စတာတွေဟာ နည်းပညာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားက မျှဝေမှာတွေထဲက အချို့ပါ"ဟု ၎င်းက ပြောသည်။

Artikel Terkait:

0 comments:

Post a Comment