ပုံမှန်အားဖြင့် ငွေကြေးတန်ဖိုး တက်ခြင်းသည် နိုင်ငံတစ်ခု၏ စီးပွားရေး ကောင်းမွန်မှု၊ နိုင်ငံခြား အရန်ငွေကြေး ခိုင်မာမှု၊ ပြည်တွင်းသုံး ငွေကြေး အပေါ် ယုံကြည် ကိုးစားမှု များပြားခြင်း အပါအ၀င် အပြုသဘော ဆောင်သော စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုကို ပြဆိုသော အချက်များ ဖြစ်သော်လည်း မြန်မာကျပ်ငွေ တန်ဖိုးတက်ခြင်းသည် မြန်မာ့နိုင်ငံရေး ဖြစ်စဉ် အပါအ၀င် ကောင်းမွန်လာနိုင်ဖွယ် ရှိသော အခြေအနေများနှင့် အမေရိကန် ဒေါ်လာ အသုံးဝင်မှု အခြေအနေ အပေါ် မူတည်ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။
" ကျပ်ငွေတန်ဖိုးက နှစ်ဆန်းပိုင်း အချိန်က ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်း ထက်စာရင် တော်တော်ကြီးကို တက်လာတယ် ပြောရမယ်။ ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက် ဈေးနှုန်းပေါ် မူတည် တွက်ချက်မှုအရ ဆိုရင် ဒီနှစ် တစ်နှစ်ထဲမှာပဲ မြန်မာငွေတန်ဖိုးက ၁၅ ရာခိုင်နှုန်း ကျော်လောက်အထိကို တက်လာတယ် " ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု တိုးတက်မှု ၀န်ကြီးဌာနတွင် အမှုထမ်းခဲ့သော အငြိမ်းစား အစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။
ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၀၂၅ ကျပ် ပေါက်ဈေးရှိခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၈၇၀ ကျပ်သာ ရှိတော့သောကြောင့် ၂၀၁၀ ပြည့်နှစ် တစ်နှစ်ထဲတွင်ပင် မြန်မာကျပ်ငွေ တန်ဖိုး ၁၅ ဒသမ ၁၂၂ ရာခိုင်နှုန်း တက်လာသည်ကို တွေ့ရသည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ အသင်းဝင် ရွှေကုန်သည် တစ်ဦးကမူ မြန်မာငွေ တန်ဖိုးတက်ခြင်းတွင် အကြောင်းအချက် များစွာအပေါ် မူတည်ပြီး တန်ဖိုးတက်လာခြင်း ဖြစ်ကြောင်း သုံးသပ် ပြောဆိုသည်။
" ပထမအချက်က ၂၀၁၀ ရွေးကောက်ပွဲပဲ။ လောလောဆယ် မျှော်လင့်တာက ၂၀၁၀ ရွေးကောက်ပွဲပြီးရင် စီးပွားရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွန်းမယ်။ ဒီမူဝါဒသစ်မှာ နိုင်ငံခြားငွေကြေး ကိုင်ဆောင်မှု၊ ငွေလဲလှယ်နှုန်းနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ ရှိနိုင်မယ်လို့ တွက်ချက်ကြတယ် " ဟု အဆိုပါ ရွှေလုပ်ငန်းရှင်က ရှင်းပြသည်။
အမေရိကန်ဒေါ်လာ အမြောက်အမြား ၀င်ငွေရှိသည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အားကောင်းလာမှု၊ ပြည်တွင်း ဈေးကွက်သို့ ဒေါ်လာစီးဝင်မှု ပုံမှန် ဖြစ်နေမှု၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ တုံ့ဆိုင်းမှုနှင့် နယ်စပ် ကုန်သွယ်ရေး အေးစက်မှုများ ကြောင့်လည်း မြန်မာငွေတန်ဖိုး တက်စေသည်ဟု ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောဆိုသည်။
" နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေက အမေရိကန်ဒေါ်လာ ဘီလီယံချီတဲ့ နိုင်ငံခြား ၀င်ငွေတွေ ရှိနေတယ်။ ပြည်တွင်းကိုလည်း နယ်စပ်ဒေသ ကတစ်ဆင့် ဒေါ်လာ စီးဆင်းမှု ရှိတယ်။ ဒီအချက်က အမေရိကန် ဒေါ်လာ ရောင်းအား များစေတယ်။ ၀ယ်အား ကျစေတယ်။ နောက်ပြီး စီးပွားရေး လုပ်ငန်းတွေက အပြောင်းအလဲကို စောင့်ပြီး လုပ်ငန်း ဆိုင်းငံ့တာတွေ ရှိတယ်။ ဒေါ်လာ အသုံးဝင်မှု နည်းတာပေါ့။ ခုနောက်ပိုင်းဆိုရင် နယ်စပ် ကုန်သွယ်ရေးက တော်တော် အေးနေတယ်။ မြန်မာငွေ တန်ဖိုးတက်တာက တစ်ခုတည်း ပေါ်မှာ မူတည် မနေဘူး။
အခြေအနေ၊ အကြောင်းအရာတွေ အများကြီးပေါ် မူတည်တယ် " ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်နေသည့်အပြင် ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မျက် ရတနာ၊ သစ် အပါအ၀င် သံယဇာတများ ရောင်းချခြင်းမှ အမေရိကန် ဒေါ်လာ ဘီလီယံချီ ၀င်ငွေရရှိလျက် ရှိသည်ဟု အစိုးရက တရားဝင် ထုတ်ပြန်သော စာရင်းဇယားများက ဆိုသည်။
Artikel Terkait:




0 comments:
Post a Comment