Friday, June 17, 2011

ပုဂ္ဂလိကဘဏ်များ ဟောင်းနွမ်းငွေစက္ကူများလဲလှယ်ပေးရန် စီစဉ်နေ

နေလင်းအောင် (MT) အတွဲ ၂၇ ၊ အမှတ် ၅၂၂ ( ၁၇-၂၃ ၊ ၆ ၊ ၂၀၁၁)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟောင်း နွမ်းငွေစက္ကူပပျောက်ရေးအတွက် ဗဟိုဘဏ်၏ စီမံဆောင်ရွက်မှုဖြင့် ပုဂ္ဂလိက ဘဏ်များ ကလည်း တန်ဖိုးတူ ငွေစက္ကူ သစ်များဖြင့် လဲလှယ်ပေးသွားရန် စီစဉ် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဟောင်းနွမ်းငွေစက္ကူ များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရုံးချုပ်၊ ရန်ကင်းမြို့နယ်၊ အမှတ် ၁၉၈၊ ဗိုလ်ဆွန်ပက်လမ်းနှင့် ကမ်းနား လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်ရှိ ဗဟိုဘဏ်ငွေလဲကောင်တာနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာစီးပွားရေး ဘဏ်ခွဲ ၃၀ တို့မှ လဲလှယ်ပေးလျက်ရှိပြီး ဟောင်းနွမ်းငွေစက္ကူ ပပျောက်ရေးအတွက် ယခုကဲ့သို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဗဟို ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဟောင်းနွမ်းငွေစက္ကူတွေ မြန်မြန်ဆန်ဆန် ပပျောက်သွားဖို့အတွက် ပုဂ္ဂလိက ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပုဂ္ဂလိကဘဏ်တွေထဲက ပါဝင်ပူးပေါင်း ဆောင်ရွက်လိုတဲ့ဘဏ်တွေနဲ့ လက်တွဲ ဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး CB ဘဏ်ကလည်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗဟိုဘဏ်ကငွေစက္ကူသစ် ထုတ်ပေးသည်နှင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။

ထို့ပြင် "ဟောင်းနွမ်းငွေစက္ကူ လဲလှယ်တာအပြင် တန်ဖိုးငယ်ငွေစက္ကူ(အကြွေ) လဲလှယ်တာကိုလည်း ကျွန်တော်တို့ရဲ့ ဗဟိုသမ အသင်း အသေးစားငွေချေး ဌာနကနေလည်း ပြည်သူတွေကို တန်ဖိုးတူ လဲလှယ်ပေးဖို့အတွက် ဗဟိုဘဏ်က တာဝန်ရှိသူတွေကို တင်ပြညှိနှိုင်းထားပါတယ်"ဟု ၎င်းက ပြောသည်။

ထို့အတူ လက်ရှိလုပ်ကိုင်လျက်ရှိသော ဘဏ်ဟောင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း "ကျွန်တော်တို့ဆီမှာ ဟောင်းနွမ်းငွေစက္ကူ လဲတာတော့ မစရသေးပါဘူး။ ဒါပေမယ့် ငွေလာအပ်နှံတာပဲဖြစ်ဖြစ်၊ ငွေလွှဲတာပဲဖြစ်ဖြစ် ပြုလုပ်တဲ့အခါမှာ ဗဟိုဘဏ်ကသတ်မှတ် ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ဟောင်းနွမ်းငွေစက္ကူတွေကို ထည့်သွင်း အသုံးပြုလို့ရပါတယ်။ ဒီ သတ်မှတ်ချက် နဲ့ ကိုက်ညီတဲ့ ငွေစက္ကူတွေကို ဗဟိုဘဏ်က ညွှန်ကြားထားတဲ့အတိုင်း လက်ခံ သွားမှာပါ"ဟု ၎င်းကပြောသည်။

ရန်ကုန်၌ ပုဂ္ဂလိကဘဏ် ၁၉ ခု၏ ဘဏ်ခွဲပေါင်း ၈၀ ကျော်ရှိပြီး ပူးပေါင်း ဆောင်ရွက်မည့်ဘဏ်များအား ဗဟို ဘဏ်ငွေစက္ကူ အသစ်များ ကြိုတင်ထုတ်ပေးထားပြီး လဲလှယ်ရရှိသော ငွေစက္ကူ အဟောင်းများကို ဗဟိုဘဏ်သို့ အပ်နှံရမည်ဖြစ်သည်။

Artikel Terkait:

0 comments:

Post a Comment