![]() |
ယခုနှစ်ပိုင်းများအတွင်း တိုင်းပြည်၏ လှည့်လည်ငွေအများစုမှာ ငွေသေများအဖြစ် ရှိနေခြင်းကြောင့် ငွေကြေးလည်ပတ်စီးဆင်းမှု နှေးကွေးလာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။
လတ်တလောတွင် နိုင်ငံခြား ငွေဈေးကျဆင်းမှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးလာကာ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှု၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းများတွင် ထပ်မံမြှုပ်နှံခြင်းထက် အိမ်ခြံမြေကဲ့သို့သော ငွေသေစေနိုင်သည့် ဈေးကွက်များတွင် မြှုပ်နှံခြင်း၊ လက်ရှိ နိုင်ငံခြားငွေ ကြေးဈေးနှုန်းများဖြင့် လုပ်ငန်းလုပ် ကိုင်ခြင်းထက် ဘဏ်တွင်အပ်ကာ အတိုးထုတ်စားခြင်းက ပို၍ တွက်ခြေကိုက်သကဲ့သို့ ရှိလာခြင်းကြောင့် ဘဏ်တွင်ငွေအပ်ကာ အတိုးထုတ်စားခြင်း ပြုလုပ်သူများရှိလာကြောင်း သိရသည်။
“ဒီနှစ်တွေထဲမှာ ငွေကြေးလည် ပတ်စီးဆင်းမှု နှေးလာတယ်လို့ ပြောရလိမ့်မယ်။ ၂၀၁၀ ပြည့်နှစ်ထဲမှာပဲ လိုင်စင်မဲ့ကားတွေ ဒဏ်ရိုက်ပြီး လိုင်စင်ခွင့်ပြုခဲ့တာ အစီးရေ ၈၀၀၀ နဲ့အထက်အထိရှိတယ်။ ဘာလို့လဲ ဆိုရင် ပထမဆုံး လိုင်စင်ပေးတဲ့ နံပါတ်က ၄ဂ/၁၇၀၀ ကျော် က စပေးတယ်။ ၅ဂ/---- အစပိုင်းမှာ လိုင်စင်ခွင့်ပြုတာ ရပ်သွားတယ်။ တစ်စီးကို ပျမ်းမျှ ကျပ်သိန်း ၃၀၀ ၀န်းကျင်နဲ့ တွက်တယ်ဆိုရင်တောင် ကျပ် ၂၄၀၀၀၀၀ သိန်း လောက် ရှိတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းက စပြီး နိုင်ငံပိုင် စက်ရုံအလုပ်ရုံနဲ့ နိုင်ငံ ပိုင်သိမ်းထားတဲ့ အဆောက်အအုံတွေကို လေလံပစ်တာ၊ ထုတ်ပြန် ထားတဲ့ လေလံအောင်သူစာရင်းအရ ဆိုရင်တော့ ကျပ်ဘီလျံပေါင်းများစွာ ၀င်သွားတယ်ဆိုတာတော့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီငွေတွေက အ၀င်ပဲများပြီး ဈေးကွက်ထဲ ပြန်ရောက်တာ နည်းတယ်။ အဲဒီတော့ ငွေသေတွေအဖြစ် ရောက်သွားတယ် လို့မြင်မိတယ်”ဟု တောင်ဥက္ကလာပ စက်မှုဇုန်အတွင်း စက်ရုံတည်ထောင် လုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးအောင်လုပ်ဖို့၊ ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်းတွေ လျော့ကျအောင်လုပ်ဖို့ ပြည်တွင်းထုတ်ကုန်ဈေးကွက်နဲ့ ပို့ကုန်ဈေးကွက် မြှင့်တင်နိုင်ဖို့တို့က အရေးကြီးဆုံးလို့. . .
ငွေကြေးလည်ပတ်မှု နှေးကွေးကာ ငွေကျစ်ခြင်း၊ ငွေကျုံ့ခြင်းများကြောင့် ဈေးကွက်အတွင်း ကျပ်ငွေ နည်းပါးလာကြောင်း၊ ထိုသို့ ကျပ်ငွေလည်ပတ်စီးမှု နှေးကွေးချိန်တွင် ပြည်ပမှ အမေရိကန်ဒေါ်လာများ ကဏ္ဍစုံမှ စုပြုံဝင်ရောက်လာခြင်းကြောင့် ဒေါ်လာဈေး ထပ်မံကျဆင်း ကာ အဆိုပါအချက်နှစ်ချက်၏ သက်ရောက်မှုဒဏ်ကို ရင်ဆိုင်ရခြင်း ဖြစ်ကြောင်း သိရသည်။
“Sanction ဖိအားကြောင့် မြန်မာလုပ်ငန်းရှင်ကြီးတချို့က ပြည်ပဘဏ်တွေက သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို ပြည်တွင်းကို စုပြုံပြီး ပေးပို့လာတယ်။ ဒီလိုပဲ ကျောက်စိမ်းက၀င်ငွေကလည်း Gas ရောင်း လို့ရတဲ့ဝင်ငွေနီးပါးကို ၀င်လာတယ်။ အမေရိကန်ဒေါ်လာ ၂၂ ဘီ လျံကျော်တယ်။ ဒီလိုပဲ နောက်ကွယ် က အရင်းအနှီးထုတ်ပေးပြီး မြန်မာမှာ ရင်းနှီးလုပ်ကိုင်တဲ့ အပိုင်းကလည်း နိုင်ငံခြားငွေ အများအပြား ၀င်ရောက်လာတယ်။ ဒီအချက်တွေ ပေါင်းပြီး ဒေါ်လာအ၀င်များတယ်လို့ ပြောရတာ။ ဒီအချိန်မှာ ပြည်တွင်းမှာ ငွေကြေးလည်ပတ်စီး ဆင်းမှုနှေးကွေးလာတဲ့ အချိန်နဲ့ဆုံတော့ ဒေါ်လာ ဈေးကျတယ်။ ဒါက မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်တာ မဟုတ်ဘူး။ ငွေကိုရှားတာ။ ဥပမာ ဒေါ်လာနဲ့ သွင်းတဲ့ လောင်စာဆီဈေးမကျဘူး၊ ဒေါ်လာဈေးအမြင့်တုန်းက အတိုင်းပဲ။ တခြားကုန်ဈေးနှုန်းလည်း မကျဘူး။ ဒီတော့ ကျပ်ငွေကိုသုံးစွဲရတာ အရင်အတိုင်းက အရင်အတိုင်းပဲ။ ဒေါ်လာ ဈေးကျတာတစ်ခုတည်း ထွင်းပြီး ဖြစ်လာတဲ့သဘောပေါ့။ အဲဒီ အတွက် ခံရတာက ပို့ကုန်လုပ်ငန်းရှင်ဆိုပေမယ့် ပို့ကုန်နဲ့ဆက်စပ်တဲ့ တောင်သူတွေအထိ ခံရတာပဲ။ ရိုက် ခတ်တာပဲ။ တောင်သူတွေခမျာသွင်း အားစုဈေးမကျဘဲ ရတဲ့ကောက်ပဲသီးနှံ ဈေးကျတာကြုံရတယ်။ ပို့ကုန် လုပ်ငန်းရှင်တွေလည်း အခု ဒေါ်လာဈေးမျိုးနဲ့ကတော့ သိပ်မရှင်သန်နိုင်တော့ဘူး”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦး က ပြောကြားခဲ့ပါသည်။
ပို့ကုန်နှင့် ပို့ကုန်ဆိုင်ရာကုန် ထုတ်လုပ်သူ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းတိုးချဲ့ခြင်း၊ လုပ်ငန်းထဲတွင် ပြန်လည်မြှုပ်နှံခြင်းများထက် ဘဏ်များတွင်ငွေအပ်ကာ အတိုးထုတ်စားခြင်း၊ အိမ်ခြံမြေ၀ယ်ယူထားကာ အမြတ်တင် ရောင်းချခြင်းများဘက်သို့ ကူးပြောင်းရန် စီစဉ်လာကြခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီအကျိုးဆက်တွေကြောင့် လုပ်ငန်းလုပ်တဲ့သူက သူ့ဈေးကွက် အပေါ် သူမယုံတော့ဘူး။ ငွေမာဈေး ဆက်ကျရင် ငါထပ်ရှုံးတော့မှာပဲ ဆိုတဲ့အတွေးကိုပဲ တွေးကြတယ်။ ကျွန်တော်ဆိုရင် ဘဏ်မှာ ကျပ်သိန်း ၁၀၀၀ အပ်ထားရင် တစ်လ ကျပ် ၁၂ သိန်းရမှာဖြစ်လို့ စားလောက် သောက်လောက်ဖြစ်မှာ။ ဘဏ်တိုးနှုန်းကလည်း မြင့်တယ်လေ။ ဒီတော့ ဘဏ်မှာပဲအပ်ပြီး အတိုးထုတ်စားဖို့ လုပ်နေတယ်။ ဒီလိုပဲ ကျွန်တော့် အပေါင်းအသင်း လုပ်ငန်းရှင်တွေထဲမှာ ဘဏ်မှာအပ်ပြီး အတိုးထုတ်စားမယ့် သူတွေရှိလာတယ်။ လုပ်ငန်းနှေးကွေးတော့ လုပ်ငန်းဘက်မှာ မမြှုပ်နှံတော့ဘဲ အိမ်ခြံမြေသွား ၀ယ်ထားကြတာလည်း ရှိတယ်။ ဆိုလိုတာက ဒီလိုတွေ လုပ်လာတာကြောင့် ငွေသေတွေ ပိုများလာလိမ့်မယ်လို့ ပြောတာပါ”ဟု ပြည်ပသို့ သစ်တောထွက် ပစ္စည်းထုတ်လုပ်တင်ပို့သူ တစ်ဦးက ပြောပြခဲ့သည်။
“ဘဏ်တိုးနှုန်းက ၁၂ ရာခိုင် နှုန်းရတယ်။ ဒီတော့ ကျပ်သိန်း ၂၀၀၀ လောက်ရှိတဲ့သူဆိုရင် သွားအပ်ထားပြီး အေးအေးဆေးဆေး ထိုင်စားလို့ရတယ်။ အရင်းလည်း မပျောက်ဘူး။ ဘဏ်မှာအပ်ပြီး အတိုးရတာလောက် အပြင်အလုပ်က မကိုက်ဘူးဆိုရင် ဘဏ်အပ်ပြီး အတိုးထိုင်စားတဲ့ အလေ့အထ ကြီးစိုးသွားလိမ့်မယ်။ ဒီအလေ့အထ ကြီးစိုးသွားရင် ငွေသေတွေ ပိုများလာလိမ့်မယ်။ အဲဒီလိုဆိုရင် ငွေကြေးလည်ပတ်မှုကို ပိုထိခိုက်မှာပေါ့။ အအပ်ပဲရှိတယ်လေ။ ပြန်ထုတ်တာ မရှိဘူး။ လုပ် ငန်းရှင်တွေက ဒေသတွင်းနိုင်ငံတွေ ထက် အတိုးနှုန်းအရမ်းမြင့်နေရင်တော့ ဘဏ်ကငွေချေးပြီး လုပ်ရမှာ လက်တွန့်တော့ ကုန်ထုတ်လုပ်မှု လုပ်ငန်းလို ရေရှည်လုပ်မှ အမြတ်ပေါ်မယ့်လုပ်ငန်းဆို ငွေမချေးချင်ဘူး။ ကျွန်တော်ဆိုလိုတာ မြန်မာ ပြည်ကလုပ်ငန်းရှင်တွေ နောက်ထပ် နှစ်နှစ် သုံးနှစ်မှာ ယှဉ်ပြိုင်ရမှာက ဒေသတွင်းက လုပ်ငန်းရှင်တွေနဲ့ ဆိုတာ သတိထားမိဖို့ ပြောရတာ။ ၂၀၁၃ ခုနှစ် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသစတင်ပြီ ဆိုတာနဲ့ ကျွန်တော်တို့ မြန်မာတွေ အချင်းချင်းပဲ ပြိုင်လို့မရတော့ဘူး။ ဒေသတွင်းက ဘဏ်တိုးမဲ့၊ ဘဏ်တိုး နည်းနည်းလေးနဲ့ လုပ်ကိုင်နေရတဲ့ ပြည်ပလုပ်ငန်းရှင်နဲ့ ပြိုင်ရမှာပါ”ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
“အခုနှစ်ပိုင်းမှာ အမေရိကန် ဒေါ်လာဈေး၊ ပို့ကုန်ရငွေတို့က တောက်လျှောက် ကျဆင်းနေတယ်။ လုပ်ငန်းရှင်တွေ လက်ထဲမှာလည်း ကျပ်ငွေက ရှားလာတယ်။ အဲဒီမှာ ပို့ကုန်ဈေးကွက် ကျလာတယ်။ စီးပွားရေးက အပြန်အလှန်ဆက်စပ်နေတဲ့အတွက် အနည်းအများအကုန် ထိနိုင်ပါတယ်။ အဓိကကတော့ စီးပွားရေး တည်ငြိမ်မှုဖြစ်ဖို့ လိုတယ်။ ဥပမာ ဒေါ်လာဈေးအပြောင်းအလဲက ပမာဏကြီးကြီး အတက်အကျ ဖြစ်နေရင် မှန်းဆရခက်လို့ အလုပ်လုပ်ဖို့ မ၀ံ့မရဲဖြစ်လာနိုင်တယ်။ ဈေးကွက်ဆိုတာ လွတ်လပ်တဲ့ဈေးကွက် ဖြစ်ဖို့ လိုပါတယ်။ ဈေးကွက်ကိုဝင်ပြီး စွက်ဖက်မယ်ဆိုရင်လည်း ကောင်းဖို့ လုပ်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ အစိုးရ ဆိုတာစီးပွားရေးလုပ်ငန်းရှင်ရဲ့မိဘဖြစ်သလို ဆင်းရဲသားတွေ၊ သာမန် လူတန်းစားတွေရဲ့ မိဘဖြစ်တယ်။ တစ်ခုခုလုပ်မယ်ဆိုရင် လူတန်းစား အားလုံး၊ ဖြစ်နိုင်ခြေအားလုံးကို တွက်ဆလုပ်ကိုင်ရမယ်၊ အခုချိန်မှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးအောင်လုပ်ဖို့၊ ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်းတွေ လျော့ကျအောင်လုပ်ဖို့၊ ပြည်တွင်း ထုတ်ကုန်ဈေးကွက်နဲ့ ပို့ကုန်ဈေး ကွက်မြှင့်တင်နိုင်ဖို့တို့က အရေးကြီးဆုံးလို့ ယူဆပါတယ်။ စီးပွားရေး လုပ်ငန်းတွေထဲ အရင်းအနှီး ၀င်ရောက်ဖို့နဲ့ အခြေခံနဲ့ အလတ်စား လူတန်းစားတွေလက်ထဲငွေကြေးစီး ၀င်အောင် လုပ်ပေးရမယ်။ ဥပမာ ၁၉၆၀ ပြည့်နှစ် ဖဆပလ အစိုးရ လက်ထက်ကမြန်မာပြည်ကို တရုတ် က ချေးငွေ ကုဋေ ၄၀ ထုတ်ချေးတယ်။ ဒီငွေကို အစိုးရက တစ်ပြား တစ်ချပ်မှမယူဘူးတဲ့။ စီးပွားရေး လုပ်ငန်းတွေကို ပရောဂျက် တင်ခိုင်းတယ်။ ခွင့်ပြုသင့်တာကို အရင်းအနှီးထောက်ပံ့ပေးမယ် ဆိုတဲ့သဘောပါ။ ဒါပေမယ့် အစိုးရ ပြောင်းသွားတဲ့အတွက် ဘာမှမဖြစ်လာဘူး။ အခုလည်းဒီသဘောမျိုးကို မျှော်လင့် ပါတယ်။ နောက်တစ်ချက်က အခု အစိုးရလက်ထဲမှာ ဘဏ္ဍာငွေတွေ ရှိနေတယ်ဆိုရင် ဒီငွေတွေကိုပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေထဲ စီးဝင်အောင် လုပ်ပေးလို့ ရတယ်။ အဓိက က အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ထောက်ပံ့ပေးလို့ရတယ်” ဟု ပါမောက္ခချုပ် (ငြိမ်း) ဦးမော်သန်းက ထင်မြင်သုံးသပ်ပါသည်။
“ငွေသေတွေမဖြစ်အောင် ပြန်ထုတ်ပေးဖို့လိုတယ်။ ဘဏ်တိုးနှုန်း က လုပ်ငန်းရှင် ထုတ်ချေးလုပ်ကိုင်ရဲ တဲ့ ပမာဏပဲဖြစ်သင့်တယ်။ နောက် အခုလို ပို့ကုန်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ ခက်ခဲချိန်မှာ ထုတ်ချေးကူညီသင့်တာ ထုတ်ချေး၊ သီးသန့်ပံ့ပိုးရမယ့် အပိုင်းကိုလည်း သီးသန့် အထူးချေးငွေအနေနဲ့ ထုတ်ချေး၊ တောင်သူဆိုရင်လည်း စိုက်စရိတ်ကို လောက်ငတဲ့အထိ ထုတ်ချေးပေးတာမျိုးနဲ့ ဈေးကွက် ထဲ ငွေပြန်ရောက်အောင်လုပ်ပေးဖို့ လိုတယ်လို့မြင်တယ်။ ဒါမှ ငွေကြေး စီးဆင်းမှုပြန်ပြီး သွက်လာလိမ့်မယ် လို့ယူဆပါတယ်”ဟု ပြည်တွင်း ပြည်ပ ဖက်စပ်ကုမ္ပဏီတစ်ခုမှ စီးပွားရေး အကြံပေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
Artikel Terkait:
0 comments:
Post a Comment