![]() မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ် က ပုဂ္ဂလိကဘဏ်များ ပြိုလဲခဲ့ပြီးနောက် ဘဏ် ၁၂ ခုသာ ကျန်ရှိခဲ့ပြီး ယခုအသစ်ဖွင့်သော ဘဏ်သစ်လေး ခုနှင့်ဆိုပါက လတ်တလောတွင် ပုဂ္ဂလိကပါဝင်သည့် ဘဏ်စုစုပေါင်း ၁၆ ခုရှိကြောင်း သိရသည်။ "ဘဏ်က ငွေချေးယူတဲ့အခါ အတိုးကို ၁၂ ရာခိုင်နှုန်း ပေးပါတယ်။ သူ့ဆီက ပြန်ချေးတဲ့အခါ ၁၆ ရာခိုင်နှုန်း ပြန်ယူပါတယ်။ ဒီနှစ်ခုကြားထဲမှာ ဘဏ်က လေးရာခိုင်နှုန်း ကို အမြတ်ယူလိုက်တယ်။ ဒါပေမယ့် ဘဏ်စရိတ်က နှစ်ရာခိုင်နှုန်းလောက် ရှိတယ်ဆိုရင် လေးရာခိုင်နှုန်းမှာ နှစ်ရာခိုင်နှုန်းလောက် မြတ်ပါတယ်။ ဒါက ယေဘုယျအားဖြင့် ပြောတာပါ။ ဒါပေမယ့် ဘဏ်တိုးနှုန်းနဲ့ ကိုက်မကိုက်ဆိုတာကတော့ Inflation rate နဲ့ ပြန်တွက်ကြည့်ရမှာပါ" ဟု ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူးချုပ် ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။ လတ်တလော အခြေအနေတွင် အမေရိကန်ဒေါ်လာ ဈေးကျဆင်းနေပြီး မြန်မာငွေတန်ဖိုး မြင့်တက်နေသည့် သဘောများ တွေ့ရသောကြောင့် ဘဏ်တွင် အတိုး ၁၂ ရာခိုင်နှုန်းဖြင့် အပ်နှံခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင် သည်ဟူသော သုံးသပ်ချက်များလည်း ရှိနေကြောင်းလည်း သိရှိရသည်။ "အာရှမှာ မြန်မာနိုင်ငံက ဘဏ်တွေရဲ့ အတိုးနှုန်းက အမြင့်ဆုံးလို့ ပြောတာရှိပါတယ်။ ဘဏ်တိုးနှုန်း အများဆုံးဆိုတာက nominal value ကို ပြောတာပါ။ အဲဒါက normal rate of interest လို့ ခေါ်တယ်။ ဒါပေမယ့် အဲဒါကို ငွေဖောင်းပွမှုနှုတ် လိုက်လို့ရှိရင် အဓိပ္ပာယ်က တစ်မျိုး ဖြစ်သွားလိမ့်မယ့်။ ငွေဖောင်းပွမှု နှုတ်ထားတဲ့ အတိုးနှုန်းကိုတော့ real interest rate လို့ ခေါ်တယ်။ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်က ဆိုရင် အတိုးနှုန်းများနေပေမယ့် တကယ် တမ်းမှာ real interest rate က အနှုတ်ပြနေတယ်။ အဲဒီ အတိုးနှုန်းကနေ ဖောင်းပွနှုန်းကို နှုတ်လိုက်ရင် ဘဏ်ကိုအပ်တဲ့အတွက် အတိုးမခံစားရတာ မျိုးတွေရှိခဲ့တယ်။ ဒါပေမယ့် ဖောင်းပွနှုန်း နိမ့်တဲ့အခါကျတော့ real interest rate က အပေါင်းလက္ခဏာ ဆောင်တယ်။ လက်ရှိမှာတော့ တစ်နေရာမှာ ကောင်းပေမယ့် တခြားတစ်နေရာမှာတော့ မကောင်းဘူးပေါ့။ တချို့နေရာတွေမှာ ဖောင်းပွမှုကျဆင်းတာကို သဘောကျပေမယ့် တစ်ဖက်က ဒေါ်လာဈေးပေါပြီး မြန်မာငွေ မာနေတော့ ပို့ကုန်သမားတွေ ထိခိုက်ပြန်ရော၊ import မှာလည်း သိပ်အဆင်ပြေပုံ မပေါ်ပါဘူး"ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က ပြောပြခဲ့သည်။ လတ်တလောတွင် ဘဏ်ကို အသုံးပြုသည့် အလေ့အကျင့် နည်းနေသေးကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအချင်းချင်း ငွေပေးငွေယူလုပ် ရာတွင်လည်း ချက်လက်မှတ်ကို အသုံးပြုခြင်းထက် ငွေသားအတိုင်း သာ အပေးအယူလုပ်ကြပြီး ဘဏ်မှ တစ်ဆင့်ပေးချေမှု နည်းနေသေးကြောင်း နှင့် ဘဏ်များကလည်း ပုဂ္ဂလိကပိုင်း နှင့် ရင်းနှီးကျွမ်းဝင်မှုမဖြစ်သေးသည် ကိုတွေ့ရကြောင်းလည်း သိရသည်။ "ကျွန်တော်တို့ ဘဏ်က ကျပ် ၁၀၀၀၀ ကိုအနည်းဆုံးထားပြီး saving account အဖြစ် အကန့်အသတ် မရှိ လက်ခံပါတယ်။ တကယ်လို့ စအပ်တဲ့ တစ်လရဲ့အတိုးလိုချင်ရင် ပထမပတ်အတွင်း လာသွင်းရပါမယ်။ ပထမပတ် ကျော်သွားရင်တော့ နောက်လကစပြီးပဲ အတိုးရတော့မှာပါ။ current account ကျတော့ တချို့ဘဏ်တွေမှာလည်း အကြိမ် အကန့်အသတ် လုပ်တာတွေရှိပေမယ့် တချို့ဘဏ်တွေကျတော့ မရှိပါဘူး။ အတိုးနှုန်းကတော့ အားလုံးအတူတူပါပဲ"ဟု Asia Green Development Bank မှ တာဝန်ရှိသူတစ်ဦး ကလည်း ပြောပြခဲ့သည်။ " အခုဘဏ်တွေက saving account ကိုလက်ခံတယ်ဆိုရင် မြန်မာငွေ မာနေတဲ့သဘော ရှိတဲ့အတွက် အပ်တဲ့သူဘက်က အပ်နိုင်တယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေကျတော့ အခု ပို့ကုန်ကလည်း သိပ်မကိုက်တဲ့ အတွက် သိပ်မချေးကြဘူး။ အရင်တုန်းက လက်မခံဘူးဆိုတာကတော့ ငွေထပ်မထည့်နိုင်လို့ ကန့်သတ်ပြီး လက်ခံတဲ့သဘောပါ။ ဆိုလိုတာက ကြိုက်သလောက် ထည့်လို့မရဘူးပေါ့။ အခုဘဏ်တွေက လက်ခံတယ် ဆိုတာက ထပ်ပြီးငွေဖြည့်နိုင်တဲ့ သဘောပါ။ မဖြည့်နိုင်ရင်တော့ လက်ခံခွင့်မရှိဘူး"ဟု ဦးခင်မောင်ညို(ဘောဂဗေဒ)ကပြောပြခဲ့သည်။ |
Artikel Terkait:
0 comments:
Post a Comment