Thursday, January 6, 2011

ပုဂ္ဂလိက၊စက်သုံးဆီဆိုင်တို့ အဆင့်မြင့်ဆော့ဖ်ဝဲနှင့် အကြွေးစနစ် ၀န်ဆောင်မှုများ စတင် အသုံးပြုလာ

စိုးသန်းလင်း အတွဲ ၂၅၊ အမှတ် ၅၀၀ (၇၊ ၁၊ ၂၀၁၁ - ၁၃၊ ၁၊ ၂၀၁၁)
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ၅၂ ဆိုင်တို့ စတင် ဖွင့်လှစ်ရောင်းချခဲ့ကြအပြီး ယခုနှစ်အကုန်တွင် ၆၁ ဆိုင်အထိ တိုးလာခဲ့ကြခြင်းမှာ စက်သုံးဆီ ဈေးကွက်၏ ခိုင်မာ ကျယ်ပြန့်မှုပြယုဂ် တစ်ခုပင် ဖြစ်သည်။
ထိုသို့ ဈေးကွက်ကျယ်ပြန့်လာသည်နှင့်အမျှ ၀န်ဆောင်မှု အပိုင်းတွင် ၀ယ်ယူသူတို့ စိတ်ကျေနပ်မှုအပြည့်ရရေးအတွက် သူ့ထက်ငါ ကောင်းအောင် ဆောင်ရွက်လာကြသည့်အခါ ကျသင့် တန်ဖိုးနှင့် ဆီပမာဏကို အတိအကျ အစဉ်တစိုက် ဖော်ပြပေးသည့် Digital fuel pump stand များ၊ ငွေကြိုပေး (deposit) စနစ်နှင့် အကြွေးစနစ် (credit register) များကိုပါ စက်သုံးဆီ ဆိုင်သစ်အချို့တွင် စတင်အသုံးပြုလာကြောင်း တွေ့ရသည်။
"အရောင်းဆိုင်အများစုမှာသုံးတဲ့ ဆော့ဖ်ဝဲတွေက ကုန်စာရင်း၊ ငွေစာရင်းနဲ့ စီမံခန့်ခွဲမှုလောက်ပဲ ပါကြတာ။ အခု ဆော့ဖ်ဝဲကတော့ ပန့်ကိုရော၊ ဆီလှောင်ကန်တွေကိုပါ ဆီထဲမှာ ရေပါနေတာက အစ၊ ကန်ထဲမှာ ဆီဘယ်လောက်ကျန်သေးတယ်ဆိုတဲ့အထိ အတိ အကျ သိနိုင်တယ်။ တစ်နေ့တာ ဆီ အ၀င်၊ အရောင်း၊ လက်ကျန် အားလုံးကို အမှားအယွင်းမရှိဘဲ အလွယ်တကူ စာရင်းစစ်လို့ရတယ်။
"အထူးသဖြင့်တော့ ဆီပန့်ကို ကွန်ပျူတာနဲ့ ထိန်းချုပ်ထားတဲ့အတွက် လမ်းမှာ ဆီပြတ်သွားလို့ အိတ်ထဲရှိတဲ့ ငွေနဲ့တွက်ပြီး၊ ၀င်ဝယ်တဲ့ သူတွေအတွက်ပါ ဒီဆော့ဖ်ဝဲက အဆင်ပြေစေတယ်။ ပန့်က ဆီဝင်သွားတဲ့ပမာဏအတိုင်း ကျသင့်ငွေပမာဏကို တစ်ပြိုင်တည်း ပြတယ်။ ဒီတော့ သူဝယ်ချင်တဲ့ငွေပမာဏအတိုင်း ဆီကို အတိအကျ ရောင်းပေးနိုင်တယ်။ ဥပမာ ငွေ တစ်ဂါလန်ဖိုးမရှိတော့ဘဲ ၅၀၀ လောက်ပဲရှိတယ်ဆိုလည်း အဲဒီ ဆီပန့်က ၅၀၀ ဖိုး အတိအကျ ရောင်းပေးနိုင်တယ်"ဟု အောင်ဖုန်းမြတ် ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန့်ဇော်ထွန်းက သာတေတမြို့၊ ဧရာဝဏ်လမ်း နှင့်မြနန္ဒာလမ်းထောင့်၊၊အနော်မာမှတ်တိုင် အနီးတွင် ဖွင့်လှစ်ထားသော Petro APM စက်သုံးဆီအရောင်းဆိုင်တွင် အသုံး ပြုနေသည့် ဒစ်ဂျစ်တယ်ဆီပန့်အကြောင်းကို ရှင်းပြသည်။
နိုင်ငံတော်ပိုင်၊စက်သုံးဆီဆိုင်များအား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းယူကာ ဆက်လက်ရောင်းချပေးကြရသော ဆိုင်များထက် မိမိတို့မြေနေရာတွင် ကားရပ်နားရာကျယ်ဝန်း၍ သန့်ရှင်းရေး၊ ဆီလှောင်ကန်အတွက်၊အန္တရာယ်ကင်းရေး စသည့် စက် သုံးဆီဆိုင် တို့အတွက် အရေးကြီးလှသော ဖွဲ့စည်းပုံများကို မိမိတို့ စိတ်တိုင်းကျတည်ဆောက်ယူကြပြီးမှ စက်သုံးဆီ အင်ပို့ ကုမ္ပဏီများ ထံမှ တစ်ဆင့် ၀ယ်ယူရောင်းချကြသော ၂၀၁၀ ပြည့် နှစ်အကုန်တွင်ပေါ်ပေါက်လာသည့် ဆိုင်သစ်များကို စက်သုံးဆီ လာဝယ်သူတို့က ပို၍စိတ်ဝင်စားကြသည် ဆို၏။
"၂၀၁၀ နှစ်ကုန်ပိုင်းမှာ အဲဒီလိုဆိုင်တွေ ထပ်ပြီးပေါ်လာတာ ကျွန်တော်တို့လို ဒီဇယ်ကားတွေအတွက် ပိုပြီးအဆင်ပြေတယ်ဗျာ။ အဲဒီဆိုင်သစ် အများစုက ဓာတ်ဆီခွဲတမ်းမရှိသေးလို့ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းတွေ ရောင်းကြတယ်။ အစိုးရဆိုင် တွေကို ပြန်လွှဲယူထားရတဲ့ ဆိုင်တွေမှာလည်း ဒီဇယ်ဝယ်ရင် တန်းစီစရာမလိုတာ မှန်ပေမယ့် အဲဒီဆိုင်သစ်တွေကျတော့ ကားဝင်ရ၊ ထွက်ရတာနဲ့ ဆိုင်ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကအစ ပိုကောင်းတယ်"ဟု တက္ကစီမောင်းသူက ပြောသည်။
Petro APM စက်သုံးဆီဆိုင်သည် အဆိုပါ ကိုယ့်မြေပေါ် ကိုယ့်စိတ်တိုင်းကျ ဆောက်ယူသည့်ဆိုင်များထဲတွင် အပါအ၀င် ဖြစ်ပြီး ဆိုင်ဖွင့်ပြီးသည်မှစ၍ ပို့ဆောင်ရေး ကုမ္ပဏီအချို့အတွက် အကြွေးစနစ်များ၊ ကြိုတင်ငွေသွင်း (deposit) စနစ်များဖြင့် ရောင်းချ ပေးကြောင်း၊ အဆိုပါစနစ်သည် ကားစီးရေ များသော စက်ရုံများနှင့် ကုမ္ပဏီများအတွက် ဆီအလေအလွင့်များ လျော့ကျသွား စေကြောင်း ဆိုင်မန်နေဂျာ ဦးထွန်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"တချို့ကုမ္ပဏီတွေက ကျွန်တော်တို့ဆိုင်မှာ ကားအစီး ၃၀ လောက်အတွက် စာရင်းဖွင့်ထားတယ်။ ကားနံပါတ်တွေ ပေးထားတယ်။ အဲဒီလိုစာရင်းတွေကို code နံပါတ်တွေနဲ့ ကွန်ပျူတာရိုက်သွင်းထားပြီး အဲဒီကွန်ပျူတာဆီပန့်ကို ပြန်ထိန်းထားပေးတယ်။ အဲဒီကား တွေ ရောက်လာရင် သက်ဆိုင်ရာ နံပါတ်ရိုက်ထည့်မှ ဆီပန့်တွေက ဆီထုတ်ပေးတဲ့စနစ်ပါ။ ဒီလို လုပ်သွားတော့ ဆီဂါလန်အပိုအလို လည်း မရှိဘူး၊ ငွေအမှား အယွင်းလည်းမရှိဘူး။ တချို့သော ကားဒရိုင်ဘာတွေအတွက် ဆီမသမာမှုမျိုးလည်း လုပ်လို့မရတော့ဘူး။ အဲဒီကုမ္ပဏီတွေက deposit ငွေတွေကနေ သူတို့ကားတွေက လာထုတ်သွားတဲ့ ဆီဖိုးတွေကို နုတ်သွားရုံပါပဲ။ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား ကုမ္ပဏီတွေအတွက်တော့ deposit နဲ့ မဟုတ်ဘဲ အကြွေးစနစ်နဲ့ ရောင်းပေးနေပါတယ်"ဟု ၎င်းက ရှင်းပြသည်။
ကားအ၀င်အထွက်အဆင်ပြေရေး၊ ဘက်စုံလုံခြုံစိတ်ချပြီး အန္တရာယ်ကင်းရေးအတွက် စနစ်ကျသော ဆီလှောင်ကန်များ အပါအ၀င် စိတ်ကြိုက်တည်ဆောက်ထားသည့် စက်သုံးဆီဆိုင် သစ်တစ်ဆိုင်အတွက် မြေနေရာဖိုးမပါဘဲ ကျပ်သိန်း ၃,၀၀၀ ခန့် ရင်းနှီးမြှုပ်နှံရ ကြောင်း ဦးသန့်ဇော်ထွန်းထံမှ သိရသည်။
"ဒီလုပ်ငန်းက အရင်းအနှီးနဲ့တွက်ကြည့်ရင် သိပ်မကိုက်လှပေမယ့် ရေရှည်ခိုင်မာတဲ့လုပ်ငန်းလည်းဖြစ်တယ်၊ ကိုယ့်ဇာတိ ဒေသက လူငယ် ၂၀ လောက်ကိုလည်း ရေရှည်အလုပ်ပေးနိုင်တဲ့အတွက် လုပ်သင့်တဲ့အလုပ်ပါပဲ။ အကြမ်းဖျင်းတော့ တစ်ရက်ကို ဆီဂါလန် ၃,၀၀၀ နဲ့အထက် ရောင်းရမယ်ဆိုရင် ဒီလုပ်ငန်းက လည်ပတ်လို့ရတာ တွေ့ရပါတယ်"ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
၎င်းတို့ကဲ့သို့ ဆိုင်သစ်အများစုအနေဖြင့် ဒီဇယ်၊ အဆင့်မြင့် ဒီဇယ်နှင့် အောက်တိန်းတို့ကို ရောင်းချနိုင်ကြပြီး ဓာတ်ဆီ ရောင်းခွင့်နှင့် ဓာတ်ဆီခွဲတမ်း ရဖို့အတွက်မူ သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ လျှောက်ထားဆဲရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်၊ပုဂ္ဂလိက စက်သုံးဆီဆိုင် ၅၂ ဆိုင် အပါအ၀င် တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကဆီဆိုင် ၂၄၆ ဆိုင်တို့ စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ဇွန်လလယ်ရက်များတွင် အဆိုပါဆီဆိုင်တို့၌ ဓာတ်ဆီကို လိုသလောက်ရောင်းချနိုင်အောင် နိုင်ငံတော်ဘက်က ပံ့ပိုးပေးခဲ့သည်။
လိုသလောက် ပံ့ပိုးသည့်ကာလ သုံးလအကြာတွင် ဓာတ်ဆီပံ့ပိုးမှုများ ၃၀ ရာခိုင်နှုန်း လျှော့ချခဲ့သည့်အတွက် ဓာတ်ဆီမှောင်ခို ဈေးကွက်တစ်ခု ပေါ်ပေါက်ခဲ့ကာ ဓာတ်ဆီရောင်းချခွင့်ရပြီး ဆီဆိုင်များ၌ မိုးလင်းသည်နှင့် ယာဉ်တန်းရှည်ကြီးများ ယနေ့တိုင် မြင်တွေ့ နေကြရသည်နှင့်ပတ်သက်ပြီး ယာဉ်မောင်းအချို့က ဤသို့ ဖြေကြားသည်။
"ကျွန်တော်ဆွဲတဲ့ကားက ဓာတ်ဆီကားလည်းဖြစ်၊ အနိမ့်ကားလည်းဖြစ်တော့ အောက်တိန်းဆီလည်း ၀ယ်မသုံးနိုင်ဘူး။ အခုလိုပဲ တန်းစီရတာပေါ့။ တစ်ခါတလေ သုံးနာရီလောက်ကြာတယ်။ ကားဆွဲချိန်နည်းသွားရင် အုံနာကြေးမပြည့်မှာစိုးလို့ အပြင်ဆီပဲ ၀ယ် မောင်းရတာ များတယ်။ အပြင်ဆီဆိုတာကလည်း တကယ်က တန်းစီတိုးပြီး ပြန်သွင်းတဲ့ အိမ်စီးကားတချို့ရဲ့ ဆီတွေပါပဲ။ ဒါပေမယ့် အဲဒီအိမ်စီးကားတွေ တန်းစီလို့ရတဲ့ ဆီလောက်နဲ့တော့ အပြင်ဆီဈေးကြီး မဖြစ်လာလောက်ဘူးလို့ ယူဆပါတယ်"ဟု တက္ကစီမောင်းသူ တချို့က ပြောသည်။

Artikel Terkait:

0 comments:

Post a Comment