Wednesday, January 5, 2011

ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ပေးခြင်းအတွက် ပေးချေ ငွေများအားလုံး ကျပ်သုံးသိန်း အထက်ဆိုပါက ပင်ရင်းမှ နှုတ်ယူပေး သွင်းသည့်အခွန် ပေးဆောင်ရန် သတ်မှတ်၊ နိုင်ငံတော် အဖွဲ့အစည်း များနှင့် ဦးပိုင်လီမိတက်သို့ ပေးချေငွေများ အပေါ်၌ူ ပေးဆောင်ရန် မလို

Eleven Media Group 05, 01, 2011

ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ခြင်း အတွက် ပေးချေငွေများအားလုံး ကျပ်သုံးသိန်း အထက် ဆိုပါက ပင်ရင်းမှ နှုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax)ကို အနည်းဆုံး ၃ ရာခိုင်နှုန်းမှ အများဆုံး ၂၀ ရာခိုင်နှုန်း အထိ ပေးဆောင်ရမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ပင်ရင်းမှ နှုတ်ယူပေးသွင်းသည့်အခွန် Withholding Tax ဆိုသည်မှာ ၀င်ငွေတစ်ရပ်ရပ် ရရှိချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသူက ထိုငွေအပေါ်မှ ကျသင့်သော အခွန်ကို နှုတ်ယူ၍ သက်ဆိုင်ရာ အခွန်ရုံးသို့ ပေးသွင်းရသည့်အခွန် ဖြစ်ကြောင်း သိရသည်။
ဝင်ငွေခွန် နှုတ်ယူခြင်း ခံရမည့် ၀င်ငွေရရှိသူ အမျိုးအစားများမှာ ပြည်တွင်းနေ နိုင်ငံသား(တစ်ဦးချင်း ပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်စု)၊ ပြည်တွင်းနေ နိုင်ငံခြားသား(တစ်ဦးချင်းပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်စု)၊ ပြည်ပနေ နိုင်ငံခြားသား(တစ်ဦးချင်း ပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်စု)များ အားလုံးပေး သွင်းရမည် ဖြစ်ကြောင်း သိရသည်။
သို့သော် ခြွင်းချက်အနေဖြင့် ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသားများသို့ အတိုးပေးငွေအပေါ် နှုတ်ယူရန် မလိုကြောင်း၊ နိုင်ငံတော် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ပေးချေးငွေများ အပေါ် အဆိုပါ အခွန် နှုတ်ယူပေးသွင်းရန် မလိုဟု သတ်မှတ်ထားကြောင်း သိရသည်။
အတိုးပေးငွေများ၊ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး တို့ကို အသုံးချခွင့် ပြုသည့်အတွက် ပေးချေရသည့်ငွေများ၊ ကန်ထရိုက်စာချုပ် (Contract) သို့မဟုတ် သဘောတူစာချုပ် (Agreement) သို့မဟုတ် သဘောတူညီချက် တစ်ရပ်ရပ်ဖြင့် နိုင်ငံတော် အဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ သမ၀ါယမ အသင်းများ၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းမှတ်ပုံတင်ထားသော အစုစပ် လုပ်ငန်းများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများက ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်းဆောင်ရွက်ပေးစေ ခြင်း အတွက် ပေးချေငွေများအားလုံး Withholding Tax ပေးသွင်းရမည်ဟု သိရသည်။
ယင်းအပြင် ကန်ထရိုက်စာချုပ် (Contract) သို့မဟုတ် သဘောတူစာချုပ် (Agreement) သို့မဟုတ် သဘောတူညီချက် တစ်ရပ်ရပ်ဖြင့် နိုင်ငံခြားသား လုပ်ငန်းရှင် သို့မဟုတ် နိုင်ငံခြားကုမ္ပဏီက လုပ်ငန်း ဆောင်ရွက်ပေးစေခြင်းနှင့် နိုင်ငံတော်အ တွင်းမှ ပစ္စည်းဝယ်ယူခြင်းအတွက် ပေးချေငွေများ အပေါ်တွင်လည်း အဆိုပါ အခွန် နှုတ်ယူပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
''ကျပ်သုံးသိန်းဖိုး အောက်ဆိုရင် Withholding ပေးစရာ မလိုဘူး။ အထက်ဆိုရင် ပေးရမယ်။ ပစ္စည်းရောင်းတာ ၀ယ်တာ တစ်ခုတည်း မဟုတ်ဘူး။ လုပ်ငန်း ဆောင်ရွက်ပေးလို့ရတဲ့ ၀င်ငွေ၊ အတိုးပေးတဲ့ ငွေ၊ လိုင်စင်၊ ကုန်အမှတ်တံဆိပ်နဲ့ မူပိုင်ခွင့် အသုံးချခွင့်ပြုလို့ ပေးချေရတဲ့ ငွေတွေပါ Withholding Tax ပေးဆောင်ဖို့ သတ်မှတ်ထားတယ်။ ကုမ္ပဏီ၊ ကုမ္ပဏီအုပ်စုတွေ အပြင် NGO တွေပါ အကုန်ပေးဆောင်ရမယ်လို့ ၂၀၁၀ ပြည့်နှစ် မတ်လ ၁၀ ရက်နေ့ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၄၁/၂၀၁၀ အရ ထုတ်ပြန်ထားတယ်။ ဒီအမိန့် ကြော်ငြာစာဟာ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့ ကတည်းက စပြီး အသက်ဝင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော် အဖွဲ့အစည်းနဲ့ စီးပွားရေးဦးပိုင် လီမိတက်ကို ပေးချေ ရမယ့် ငွေတွေအတွက်တော့ ပေးဆောင်စရာ မလိုဘူးလို့ သတ်မှတ်ထားပါတယ်''ဟု ဒီဇင်ဘာလ ၃၁ ရက်နေ့က ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသည့် Withholding Tax နှင့် အခွန်ကိစ္စဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
ပြည်တွင်းအတွက် ပေးသွင်းရမည့် ပုံစံနှင့် ပြည်ပအတွက် ပေးသွင်းရမည့်ပုံစံများ ခွဲခြားထားကြောင်း သိရသည်။
''အဲဒီသတ်မှတ်ထားတဲ့ ၀င်ငွေအမျိုးအစားမှာပါတဲ့ ငွေဆိုရင် ပြည်တွင်းမှာ ကျပ်ငွေနဲ့ ပေးချေတိုင်း ကျပ်သုံးသိန်းအထက်ဆိုတာနဲ့ Withholding Tax နှုတ်ယူ ပေးသွင်းရမယ်။ အဆင့်ဆင့်ပေးသွင်းဖို့ စာချုပ်လုပ်တဲ့ လုပ်ငန်းဆိုရင်တောင်မှ အဆင့်တိုင်း အဆင့်တိုင်း ပေးသွင်းဖို့ သတ်မှတ်ထားတယ်။ ဥပမာ အဆောက်အဦဆောက်ဖို့ ကန်ထရိုက် ချုပ်ထားတယ် ဆိုပါစို့၊ ကန်ထရိုက် ကုမ္ပဏီက ဆောက်လုပ်ရေးကုမ္ပဏီကို Ground Level ပြီးရင် ဘယ်လောက်ပေးချေမယ်၊ အမိုးပြီးရင် ဘယ်လောက်ပေး ချေမယ်၊ နံရံပြီးရင် ဘယ်လောက် ပေးချေမယ်၊ အားလုံးပြီးရင် ဘယ်လောက်ပေးချေမယ် ဆိုပြီး အဆင့်ဆင့် သဘောတူစာချုပ် ချုပ်ထားတယ် ဆိုပါစို့။ ပေးတဲ့အဆင့်တိုင်းမှာကို Withholding Tax ကို နှုတ်ယူပြီး အခွန်ရုံးကို ပေးသွင်းရပါမယ်။ ပြည်ပ ကို ပေးချေရမယ့် ငွေအတွက် ဆိုရင်တော့ ကိုယ်စာရင်းဖွင့်ထားတဲ့ ဘဏ်ကနေ သတ်မှတ်ထားတဲ့ စီးပွားရေးဘဏ်မှာ ပေးသွင်းရပါမယ်''ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
''နှုတ်ယူမယ့်ပုံစံက ငွေပေးရမယ့် သူက ငွေလက်ခံမယ့်သူကို ပေးရမယ့်ငွေ အကုန်မပေးဘဲ ပေးရမယ့် ငွေထဲက ကျသင့်တဲ့ အခွန်ငွေကို နှုတ်ယူထားပြီး ပေးရမယ်။ အဲဒီ နှုတ်ယူထားတဲ့ငွေကို သက်ဆိုင်ရာ အခွန်ရုံးကို ပေးသွင်းရမယ်''ဟု ၎င်းကဆက် လက် ရှင်းပြခဲ့သည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စ၍ ပစ္စည်း ၀ယ်ယူခြင်း အတွက် ပြည်ပနေ နိုင်ငံခြားသားသို့ ပေးချေငွေများ အပေါ် ကျသင့်သည့် Withholding Tax ပေးသွင်းပြီးကြောင်း အထောက်အထား တင်ပြနိုင်မှသာ သက်ဆိုင်ရာဘဏ်များက L/C ဖွင့်ခွင့်ပြုတော့မည် ဖြစ်ကြောင်းလည်း သိရသည်။
Withholding Tax ပေးဆောင်ရန် သတ်မှတ်ချက်များကို ခြုံငုံကြည့်မည် ဆိုပါက နိုင်ငံတော် အဖွဲ့အစည်းများနှင့် ဦးပိုင်သို့ ငွေပေးချေရမည့် သူများမှလွဲ၍ ပို့ကုန်သွင်းကုန် လုပ်ငန်းများ အဓိက ပေးဆောင်ရမည့် အနေအထား ရှိကြောင်း သိရသည်။
''၂၀၁၀ တုန်းက စက်ရုံကြီးတွေ ရထားတဲ့ ကုမ္ပဏီကြီးတွေ၊ စက်သုံးဆီဆိုင် ရထားတဲ့ သူတွေက နိုင်ငံတော်ကို ပေးသွင်းတဲ့အခါ ဒီအခွန်က မကျသင့်တော့ဘူး။ ဦးပိုင်ကို ပစ္စည်းဝယ်တာနဲ့ လုပ်ငန်းဆောင်ရွက်ခ ပေးချေစရာ ရှိတဲ့သူတွေလည်း ဒီအတိုင်းပဲပေါ့ဗျာ။ အများအားဖြင့်တော့ သုံးသပ်ရသလောက် ပို့ကုန်သွင်းကုန် ကုမ္ပဏီတွေနဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေ ကုန်ရောင်းကုန်ဝယ် လုပ်တဲ့သူတွေပဲ အဓိက ပေးဆောင်သူတွေ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်လို့ ရပါတယ်။ ဘာလို့လည်းဆိုတော့ သွင်းကုန်သမားဆိုရင် ၁-၁-၂၀၁၁ ရက်နေ့ကစပြီး Withholding Tax ချလန်မပြနိုင်ရင် L/C ဖွင့်လို့မရတော့ဘူးလေ''ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်းဆောင်ရွက် ပေးစေခြင်းအတွက် ပေးချေငွေများအပေါ်  Withholding Tax နှုတ်ယူပေးဆောင်ရန် လို မလို ပြသသည့် အကျဉ်းချုပ်ဇယား
စဉ် ငွေပေးချေသူ ပေးချေငွေရရှိသူ နှုတ်ယူရန်လို မလို
၁။ နိုင်ငံတော်အဖွဲ့အစည်း နိုင်ငံတော်အဖွဲ့အစည်း မလို
၂။ နိုင်ငံတော်အဖွဲ့အစည်း နိုင်ငံတော်မှအပအခြားအဖွဲ့အစည်း လို
၃။ နိုင်ငံတော်အဖွဲ့အစည်း တစ်ဦးချင်းပုဂ္ဂိုလ် လို
၎။ နိုင်ငံတော်မှအပအခြားအဖွဲ့အစည်း နိုင်ငံတော်အဖွဲ့အစည်း မလို
၅။ နိုင်ငံတော်မှအပအခြားအဖွဲ့အစည်း နိုင်ငံတော်မှအပအခြားအဖွဲ့အစည်း လို
၆။ နိုင်ငံတော်မှအပအခြားအဖွဲ့အစည်း တစ်ဦးချင်းပုဂ္ဂိုလ် လို
၇။ တစ်ဦးချင်းပုဂ္ဂိုလ် နိုင်ငံတော်အဖွဲ့အစည်း မလို
၈။ တစ်ဦးချင်းပုဂ္ဂိုလ်(နိုင်ငံခြားသားမှအပ) နိုင်ငံတော်မှအပအခြားအဖွဲ့အစည်း မလို
၉။ တစ်ဦးချင်းပုဂ္ဂိုလ်(နိုင်ငံခြားသားမှအပ) တစ်ဦးချင်းပုဂ္ဂိုလ် မလို


Withholding Tax နှုတ်ယူပေးဆောင်ရမည့် ပေးချေငွေ အမျိုးအစားနှင့် နှုတ်ယူရမည့် ရာခိုင်နှုန်း
ခွင်းချက် ။ ။ နိုင်ငံတော်အဖွဲ့ အစည်းများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ပေးချေငွေများ အပေါ် နုတ်ယူရန် မလိုအပ်ပါ။ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသားများသို့ အတိုးပေးငွေအပေါ် နှုတ်ယူရန် မလိုအပ်ပါ။
စဉ် ၀င်ငွေအမျိုးအစား ပြည်တွင်းနေနိုင်ငံသားနှင့် နိုင်ငံခြားသားများသို့ ပေးသည့်ငွေမှ အခွန်အတွက်နှုတ်ယူရန် % ပြည်ပနေနိုင်ငံခြားသားသို့ ပေးသည့်ငွေမှ အခွန်အတွက် နှုတ်ယူရန်%
၁။ အတိုးပေးငွေများ(Interests) - ၁၅ ရာခိုင်နှုန်း
၂။ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေးတို့ကို အသုံးချခွင့် ပြုသည့်အတွက် ပေးချေငွေများ ၁၅ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း
၃။ ကန်ထရိုက်စာချုပ်(Contract) သို့မဟုတ် သဘောတူစာချုပ်(Agreement) သို့မဟုတ် သဘောတူညီချက် တစ်ရပ်ရပ်ဖြင့် နိုင်ငံတော် အဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ သမ၀ါယမအသင်းများ၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းမှတ်ပုံတင်ထားသော အစုစပ် လုပ်ငန်းများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများက ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်းဆောင်ရွက်ပေးစေခြင်း အတွက် ပေးချေငွေများ ၃ ရာခိုင်နှုန်း ၃ .၅ ရာခိုင်နှုန်း
၎။ ကန်ထရိုက်စာချုပ်(Contract) သို့မဟုတ် သဘောတူစာချုပ်(Agreement) သို့မဟုတ် သဘောတူညီချက် တစ်ရပ်ရပ်ဖြင့် နိုင်ငံခြားသား လုပ်ငန်းရှင် သို့မဟုတ် နိုင်ငံခြားကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ပေးစေခြင်းနှင့် နိုင်ငံတော်အတွင်းမှ ပစ္စည်း ၀ယ်ယူခြင်းအတွက် ပေးချေငွေများ


Artikel Terkait:

0 comments:

Post a Comment