Wednesday, December 22, 2010

ချီဖွေ ရေကာတာ စီမံကိန်း စတင်


ချင်းမိုင်(မဇ္စျိမ)။    ။ ကချင်ပြည်နယ် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုမှ ဒုတိယအကြီးဆုံး ချီဖွေရေကာတာ စီမံကိန်း ဖွင့်ပွဲ ယနေ့ကျင်းပသည်။

ချီဖွေမြို့မြောက်ဘက် ၁ဝ မိုင်ကွာ မန်ဒုံကျေးရွာအနီး မေခမြစ်တွင် တည်ဆောက်နေသော ချီဖွေရေကာတာ စီမံကိန်း လုပ်ငန်းစတင်သည့် အခမ်းအနားသို့ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင်တို့ တက်ရောက်ခဲ့သည်ဟု ကေအိုင်အို အသိုင်းအဝိုင်းမှ သိရသည်။

တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံ့မှု ကော်ပိုရေးရှင်းနှင့်
asiaworlddam1
ချီဖွေရေကာတာ စီမံကိန်း မြေပုံ
အေးရှားဝေါ ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည် ဖော်နေသော  စီမံကိန်းအတွင်း မေခမြစ်ပေါ်တွင် တံတားဆောက်ရန် ရှိသဖြင့် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ ညှိနှိုင်းဆွေးနွေးကာ လက်ရှိ ချီဖွေလုံခြုံရေးကို ပူးတွဲ တာဝန်ယူထားသည်ဟု ကချင်အဖွဲ့ သတင်းရင်းမြစ်တခုက ပြောသည်။

မေခမြစ် အနောက်ဘက်ခြမ်းသည် ကေအိုင်အို၏ တပ်မဟာ ၁ လက်အောက် တပ်ရင်း ၁ဝ အုပ်ချုပ်သည့် နယ်မြေဖြစ်ပြီး မေခမြစ် အရှေ့ဘက်ခြမ်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲလိုက်ပြီ ဖြစ်သော ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော် ထိန်းချုပ်နယ်မြေ ဖြစ်သည်။

ချီဖွေရေကာတာ စီမံကိန်းကြောင့် လယ်ဧကပေါင်း ၁ဝဝ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ယမန်နှစ် အောက်တိုဘာလက ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ KDND ၏ “ရေဖုံးလွှမ်းမှုကို ခုခံ တွန်းလှန်ခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကေအိုင်အို အုပ်ချုပ်သည့် နယ်မြေမှ ညော်မောပါ၊ ကျန်နောင်ရွာကြီးများ အပါအဝင် ရွာငယ် အနည်းဆုံး ၃ဝ ကျော် ယင်းစီမံကိန်းကြောင့် ရွှေ့ရမည် ဖြစ်သော်လည်း ယနေ့ထိ ပြောင်းရွှေ့ရန် မပြောသေးကြောင်း သိရသည်။

asiaworlddam
ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း စတင်ခြင်းအခမ်းအနား ဖိတ်ကြားလွှာ
ဧရာဝတီ၊ မေခ၊ မလိခမြစ်ကြောင်းတလျှောက်ရှိ မြစ်ဆုံ၊ ချီဖွေ၊ ခေါင်လံဖူး၊ ပရှီး၊ ဖီဇော၊ လဇာ၊ လကင် စသည့် ဒေသများ၌ အများဆုံး ၃,၆ဝဝ မဂ္ဂါဝပ်မှ အနည်းဆုံး ၁,၄ဝဝ မဂ္ဂါဝပ် စုစုပေါင်း ၁၃,၃၆ဝ မဂ္ဂါဝပ် ထုတ်လုပ်မည်ဟု စစ်အစိုးရက ၂ဝဝ၇  မေ ၆ ရက်က ထုတ်ပြန်ထားသည်။

ကျေးရွာ ၆ဝ ခန့်က လူပေါင်း ၁၅,ဝဝဝ ခန့် ပြောင်းရွှေ့ခံရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချရန် ဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ဆိုသည်။

ဒုတိယ အကြီးဆုံး ချီဖွေ ရေကာတာ စီမံကိန်းမှ မဂ္ဂါဝပ် ၂ဝဝဝ ထုတ်လုပ်မည်ဖြစ်ပြီး  ဧရာဝတီမြစ်ပေါ်မှ မြစ်ဆုံရေကာတာ စီမံကိန်းက ၃၆ဝဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ထိုရေကာတာ စီမံကိန်း နှစ်ခုကို ပထမဆုံး အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

မြစ်ဆုံအောက်ဘက် မြစ်ကြီးနားမြို့မှ မိုင် ၂ဝ အကွာ ကျိန်ခရန်နှင့် လုံကာဇွပ်ရွာကြားတွင် အောင်မြင်သာ စံပြကျေးရွာဟု အမည်ပေးကာ မနေ့ကအပ်နှင်းပွဲ ကျင်းပခဲ့သည်။ ၁၆ ဦးဆံ့ တိုက်နယ်ဆေးရုံ၊ ကွန်ကရစ်လမ်းနှင့် တံတား ဖွင့်ပွဲ အခမ်းအနားပါ ပြုလုပ်ခဲ့သည်။

Artikel Terkait:

0 comments:

Post a Comment