Friday, December 31, 2010

စစ်အစိုးရနှင့် တရုတ်ကုမ္ပဏီ ပူးပေါင်းပြီး ၀ိုင်းမော်တွင် လယ်ယာမြေ ဧက ၁၀၀ ကျော်သိမ်းယူ

Thursday, 30 December 2010 09:01 KNG

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဒိန့်ဂျန်ကျေးရွာ၌ စစ်အစိုးရနှင့် အကျိုးတူ ပူးပေါင်းနေသည့် တရုတ်ကုမ္ပဏီ စိန်နဂါးနှစ်ကောင်သည် ဒေသခံပြည်သူများ၏ လယ်ယာမြေများ မတရား သိမ်းပိုက်နေသည်မှာ ဧက  ၁၀၀ ကျော် ရှိနေပြီဟု ဒေသခံတစ်ဦးမှ ပြောသည်။

“တရုတ်တွေက လယ်ဧကတွေကို လုပြီးလုပြီး သိမ်းနေတယ်၊ သီးနှံတွေလည်း အားလုံးဖျက်ဆီးနေတာ၊ ဒေသခံတွေကဘာမှ လုပ်လို့မရတော့ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက)ကို သွားတိုင်တော့လည်း တရုတ်တွေကို နိုင်ငံတော်က ချပေးတယ်လို့ပြောတယ်” ဟု လယ်ဧက ၂၅ဧက သိမ်းခံရသည့် ဒေသခံတစ်ဦးမှပြောသည်။
waingmaw
တရုတ်ကုမ္ပဏီမှ ဂေါ်ဆက်ယန်ကျေးရွာ၊ ဒိန့်ဂျန်ကျေးရွာရှိ ဒညှင်းပင်၊ အခြား သစ်သီးပင်များအား ခုတ်ဖြတ်ကာ လယ်ယာမြေများအားလုံးအား သိမ်းယူနေခြင်းဖြစ်သည်။

ဝိုင်းမော်မြို့နယ်ရှိ မြေစာရင်းရုံးမှလည်း ဒိန့်ဂျန်ကျေးရွာသို့ရောက်ရှိလာပြီး တရုတ်ကုမ္ပဏီအား သစ်ပင်တစ်ပင် မကျန် အကုန် ဖြတ်ခုတ်ရှင်းလိုက်ရန် လာပြောသွားပြီး ဒိန့်ဂျန်ရယကမှလည်း ဒေသခံပိုင် လယ်မြေများ သိမ်းယူရန် တရုတ်ကုမ္ပဏီထံသို့ လက်မှတ်ထိုးပေးလိုက်သည်ဟုလည်း ဒေသခံမှ ပြောသည်။

လယ်ယာမြေ ပြေစာရရှိသည့် ဒေသခံများ၏ ခြံမြေများလည်း မတရားသိမ်းယူနေခြင်းအား “ကျမတို့မှာ မြေပြေစာရှိတယ်လို့ပြောရင် တရုတ်ကလည်း သူတို့မှာလည်း ပြေစာရှိတယ်တဲ့၊ ပြပါလို့ပြောတော့ လောပန်းဆီမှာ ရှိတယ်လို့ပြောတယ် သူတို့လောပန်းက တရုတ်ပြည် ကွင်းမိန့်မြို့မှာ နေတာ” ဟု ဒေသခံမှပင် ဆက်ပြောသည်။

ဒိန့်ဂျန်ကျေးရွာသည် ပြည်သူ့စစ်အသွင်ကူးပြောင်းသွားသည့် လဆန်အောင်ဝါ၏ နယ်မြေများဖြစ်ကာ ၎င်းသို့မှ တရုတ်ကုမ္ပဏီတွင် အခွန်ကောက်ခံကာ လယ်ဧက သိမ်းယူရန် အခွင့်ပေးနေသည်ဟု သိရသည်။

အစိုးရဝန်ထမ်းဖြစ်သည့် ဒေသခံများ၏ ခြံမြေများသာ ပြန်လည် ပေးရန်ရှိပြီး အချို့ဒေသခံခြံမြေများတော့ ပြန်ပေးရန် အလားအလာမရှိကြောင်း သိရသည်။

ယခုတွင် တရုတ်ကုမ္ပဏီမှ မြေသိမ်းယူနေခြင်းသည် ဒိန့်ဂျန်ကျေးရွာ အထက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယင်းတရုတ်ကုမ္ပဏီသည် ယခုထိ ၎င်းမြေဧရိယာများ၌ မည်သည့်အပင်စိုက်ပျိုးရန်ရှိသည်ကို ဒေသခံများ မသိသေးဟု ဒေသခံမှ ပြောသည်။


Artikel Terkait:

0 comments:

Post a Comment