နယူးဒေလီ (မဇ္ဈိမ) ။ ။ လယ်ယာမြေ အဓမ္မသိမ်းသည်ဟုဆိုကာ ယုဇနကုမ္ပဏီကို ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်ရှိ တောင်သူ ၆၃ ဦး တရားစွဲထားသည့်အမှုကို ပြည်နယ်တရားရုံးက ယခုလ ၃၁ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဟု ဆုံးဖြတ်လိုက်သည်။
၂ဝဝ၇ ခုနှစ်တွင် လယ်ယာအသိမ်းခံရသည့် တောင်သူများက လျော်ကြေးရလိုမှုဖြင့် ယုဇနကုမ္ပဏီကို တရားစွဲခဲ့ရာ ကုမ္ပဏီဘက်မှ သက်သေများ ထွက်ဆိုချက်ကို ကြားနာပြီးနောက် မြစ်ကြီးနားမြို့ရှိ ပြည်နယ်တရားရုံးက ယခုလ ၃၁ ရက်နေ့တွင် အပြီးသတ် အမိန့်ချရန် ယမန်နေ့တွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“နှစ်မှုလုံးအတွက် ဒီလ ၃၁ ရက်နေ့မှာ အမိန့်ချမှာပါ။ မနေ့က နှစ်ဖက်လျှောက်လဲချက် ပေးခဲ့တဲ့အခါ ကချင်ပြည်နယ် တရားသူကြီး ဦးတူးဂျာ၊ ပြည်နယ် တွဲဘက်တရားသူကြီးက ဦးမျိုးတင့်ရယ်က ရက်ချိန်းပေးလိုက်တယ်” ဟု တောင်သူများဘက်မှ ရှေ့နေဖြစ်သူ ဦးမြင့်သွင် မဇ္ဈိမကို ပြောသည်။
ယမန်နေ့တွင် ယုဇနကုမ္ပဏီ တာဝန်ခံ ဦးပုကြည်ကို ထွက်ဆိုစေခဲ့အပြီး စီရင်ချက်ချတော့မည့် အကြောင်း တရားရုံး ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
“ယုဇန ကုမ္ပဏီကို ချပေးတယ်ဆိုတဲ့ စာရွက်စာတမ်းတွေကို ဦးပုကြည်က တရားရုံးမှာ မပြနိုင်ဘူး။ သူတို့ဘက်က သက်သေတွေက စာရွက်စာတမ်းတွေ မပြနိုင်ဘူး။ နောက်ဆုံးကျတော့ စစ်ဘက်လုံခြုံရေး (စရဖ) က နှုတ်မိန့်နဲ့ ချပေးတယ်လို့ ပြောတယ်။ ဆိုတော့ တောင်သူတွေဘက်က အခြေအနေ ကောင်းတယ်လို့ ပြောလို့ရတယ်” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
၂ဝဝ၇ မှစ၍ ဖားကန့်မြို့နယ်ရှိ အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ်ဆန်၊ ဝါရာဇွပ် ကျေးရွာ ၅ ရွာမှ တောင်သူများ၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာသည့် ဥယျာဉ်ခြံနှင့် လယ်ယာမြေဧက ၄ သိန်းခန့်ကို ပီလောပီနံနှင့် ကြံစိုက်ရန် စစ်တပ်နှင့် ယုဇနကုမ္ပဏီက သိမ်းယူခဲ့သဖြင့် နစ်နာကြေးရရန် တောင်သူ ၁၄၈ ဦးက ၎င်းတို့ပိုင် ဧက ၁ဝဝဝ ကျော်အတွက် တရားစွဲဆိုမှု စတင်ခဲ့သည်။
သို့သော် ကုမ္ပဏီဘက်က တဧကလျှင် ကျပ် ၈ သောင်းနှုန်း ဈေးဖြတ်ပေးခဲ့သဖြင့် မကျေနပ်သည့် တောင်သူ ၁၇ ဦးကသာ ဆက်လက်၍ တရားစွဲခဲ့ကြသည်။ ထို့နောက် လျော်ကြေးငွေ အချို့တဝက်ဖြင့် ကျေနပ်ခဲ့သူ တောင်သူ ၄၆ ဦးကပါ အပြည့်အဝ လျော်ကြေးငွေနှင့် တရားရင်ဆိုင်စဉ် ၃ နှစ်တာကာလ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်သဖြင့် ထို့အတွက် နစ်နာကြေး ရရှိလိုကြောင်း တရားစွဲခဲ့ပြန်သည်။ ယခုလ ၃၁ ရက်နေ့တွင် ၎င်းအမှုနှစ်မှုစလုံးကို စီရင်ချက်ချမည်ဖြစ်သည်။
’’၃ နှစ် လုပ်မစားရတာနဲ့ လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ၈ သိန်း တောင်းထားတယ်။ ကျမတို့ နစ်နာဆုံးရှုံးမှုအတွက် တောင်းတာပါ။ လယ်ယာမြေတွေ ပြန်ရဖို့ အရေးကြီးတယ်။ လယ်ယာမြေ ပြန်မရရင် ကျမတို့ တောင်သူတွေအနေနဲ့ ပြန်ပြီး အသက်ဆက်လို့ ရမှာမဟုတ်ဘူး။ လယ်ယာမြေပဲ လုပ်တတ်တယ်။ တခြား ဘာမှမလုပ်တတ်ဘူး” ဟု ဒေါ်ဘောက်ဂျာက ပြောဆိုသည်။
တောင်သူ ၁၇ ဦး အမှုတွင်မူ ယုဇနပိုင်ရှင် ဦးဋ္ဌေးမြင့် အမည်ကို ဖြုတ်လိုက်ပြီး ၎င်း၏ အကိုဆိုသူ ဦးပုကြည်ကို အစားထိုးကြောင်း ပြည်နယ်တရားရုံးက ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် အမိန့်ချခဲ့သည်။
Artikel Terkait:




0 comments:
Post a Comment